ဧဖက် ၆:၁-၂၄

 သားသမီးဖြစ်သူတို့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘတို့ကို နာခံကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ဖြောင့်မှန်သောကြောင့်ဖြစ်၏။ ၂  “မိဘကို ရိုသေသမှုပြုလော့” ဟူသောပညတ်သည် ကတိတော်နှင့်ဒွန်တွဲသော ပထမပညတ်ဖြစ်၏။ ၃  “သို့ပြုလျှင် သင်သည် ကောင်းစား၍ မြေကြီးပေါ်တွင် အသက်ရှည်နိုင်မည်။” ၄  အဖဖြစ်သူတို့၊ သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက်နေကြလော့။ ၅  ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကို နာခံသကဲ့သို့ သင်တို့၏လူသားသခင်များကို ကြောက်ရွံ့တုန်လှုပ်လျက်၊ စိတ်ရင်းမှန်ဖြင့် နာခံကြလော့။ ၆  မျက်နှာလို မျက်နှာရ လုပ်တတ်သူများကဲ့သို့ လူမြင်ကောင်းရန် မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို စိတ်နှလုံးအကြွင်းမဲ့* ဆောင်ရွက်သည့် ခရစ်တော်၏ ကျွန်များကဲ့သို့ ပြုကြလော့။ ၇  လူ၏အစေကိုခံသကဲ့သို့ မဟုတ်ဘဲ ယေဟောဝါဘုရား၏ အစေကိုခံသကဲ့သို့ သဘောထားမှန်ဖြင့် အစေခံကြလော့။ ၈  ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ အသီးသီးဆောင်ရွက်သော ကောင်းမှုအတိုင်း ယေဟောဝါဘုရား ဆပ်ပေးတော်မူမည်ကို သင်တို့သိကြ၏။ ၉  သခင်ဖြစ်သူတို့၊ သင်တို့၏ကျွန်များကို ထိုနည်းတူပင် ပြုကြလော့။ ခြိမ်းခြောက်ခြင်း မပြုကြနှင့်တော့။ အကြောင်းမူကား သင်တို့နှင့် သူတို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၍ မျက်နှာလိုက်ခြင်း မရှိကြောင်းကို သင်တို့သိကြ၏။ ၁၀  နောက်ဆုံးမှာကြားလိုသည်မှာ သခင်ထံတော်မှ တန်ခိုးတော်ကိုခံယူလျက် အစွမ်းခွန်အား တိုးပွားနေကြလော့။ ၁၁  မာရ်နတ်၏စဉ်းလဲသည့် ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်နိုင်ရန် ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြလော့။ ၁၂  အကြောင်းမူကား ငါတို့သည် အသွေးအသားဖြစ်သော လူတို့နှင့် ဆိုင်ပြိုင်တိုက်လှန် နေကြသည်မဟုတ်။ အစိုးရများ၊* အာဏာပိုင်များနှင့်လည်းကောင်း၊ ဤမှောင်မိုက်လောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း၊ ကောင်းကင်အရပ်ရှိ နတ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်နေကြ၏။ ၁၃  ထို့ကြောင့် ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ယူဆောင်ကြလော့။ သို့ဖြင့် သင်တို့သည် ဆိုးညစ်သောနေ့ရက်တွင် ခုခံတွန်းလှန်နိုင်ပြီး အမှုကိစ္စအလုံးစုံကို ပြီးစီး၍ အခိုင်အမာ ရပ်တည်နိုင်ကြမည်။ ၁၄  သို့ဖြစ်၍ သင်တို့သည် အမှန်တရားတည်းဟူသော ခါးပန်းကိုစည်းလျက် ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်ပြီး အခိုင်အမာ ရပ်တည်နေကြလော့။ ၁၅  ငြိမ်သက်ခြင်း သတင်းကောင်းဟောရန် အသင့်ရှိခြင်းတည်းဟူသော ဖိနပ်ကို စီးထားကြလော့။ ၁၆  ထိုအရာများအပြင် ဆိုးညစ်သူ ပစ်ခတ်သော မီးမြားလက်နက်မှန်သမျှကို ကာသတ်နိုင်သည့် ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှားကိုလည်း ယူဆောင်ကြလော့။ ၁၇  ကယ်တင်ခြင်းတည်းဟူသော သံခမောက်ကိုလည်းကောင်း၊ ဘုရားသခင့် တရားစကားတော်တည်းဟူသော စွမ်းအားတော် ဓားကိုလည်းကောင်း ခံယူကြလော့။ ၁၈  တစ်ချိန်တည်းတွင် ဘုရားသခင့်စွမ်းအားတော်ဖြင့် ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်း အမျိုးမျိုးတို့နှင့် အချိန်အခါတိုင်းတွင် ဆုတောင်း၍ နေကြလော့။ သို့ဖြင့် သန့်ရှင်းသူရှိသမျှတို့အတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေး၍ အမြဲနိုးကြားနေကြလော့။ ၁၉  ငါသည် သတင်းကောင်း၏ မြင့်မြတ်သောလျှို့ဝှက်ချက်ကို လွတ်လပ်စွာ ဟောပြောနိုင်သည့် နှုတ်သတ္တိရှိမည်အကြောင်း ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။ ၂၀  ငါဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာ ဟောပြောရမည်အကြောင်း ငါသည် အကျဉ်းကျနေသော သတင်းကောင်း၏ သံအမတ်တစ်ဦးဖြစ်၏။ ၂၁  ငါ၏အမှုကိစ္စ၊ ငါ၏အခြေအနေတို့ကို သင်တို့သိနိုင်ရန် သခင်၏ သစ္စာရှိသော အမှုတော်ဆောင်ဖြစ်သည့် ချစ်သောညီအစ်ကို တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။ ၂၂  ဤအကြောင်းကြောင့် သူ့ကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သို့ဖြင့် သင်တို့သည် ငါတို့အကြောင်းကို ကြားသိ၍ စိတ်သက်သာရာရနိုင်ကြမည်။ ၂၃  အဖ ဘုရားသခင်နှင့် သခင် ယေရှုခရစ်တို့ထံတော်မှ ငြိမ်သက်ခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုတို့၌ ရှိပါစေ။ ၂၄  မပျက်စီးနိုင်သော မေတ္တာဖြင့် ငါတို့၏သခင် ယေရှုခရစ်ကို ချစ်သောသူအပေါင်းတို့၌ မဟာကရုဏာတော် ရှိပါစေ။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
နာမ်ဝိညာဉ်ဘောင်ရှိ မျက်မြင်မရသော အစိုးရများကို ရည်ညွှန်းပုံရသည်။