ဧဖက် ၅:၁-၃၃

 ထို့ကြောင့် ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့။ ၂  ခရစ်တော်သည် သင်တို့ကိုချစ်၍ မိမိကိုယ်ကို မွှေးကြိုင်သော ပူဇော်သကာနှင့် ယဇ်အဖြစ် ဘုရားသခင်ထံ ဆက်ကပ်ပူဇော်လျက် သင်တို့အတွက် ကိုယ်ကိုစွန့်တော်မူသည့်နည်းတူ သင်တို့သည်လည်း ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့။ ၃  သင်တို့သည် သန့်ရှင်းသူများ ဖြစ်သည့်အားလျော်စွာ မတရားမေထုန်ပြုခြင်း၊* အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်။ ၄  မသင့်လျော်သော အမှုများဖြစ်သည့် ရှက်ဖွယ်သော အမူအကျင့်၊ မိုက်မဲသောစကား၊ ညစ်ညမ်းသော ပြက်လုံးများကိုလည်း မပြောဆိုကြနှင့်။ ကျေးဇူးတော် ချီးမွမ်းခြင်းကိုသာ ပြုကြလော့။ ၅  အကြောင်းမူကား မတရားမေထုန်ပြုသောသူ၊ မသန့်ရှင်းသောသူ၊ ရုပ်တုကိုးကွယ်သူဖြစ်သော လောဘကြီးသောသူ မည်သူမျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့ ကောင်းစွာသိ၍ မှတ်သားထားကြ၏။ ၆  သင်တို့ကို မည်သူမျှ အချည်းနှီးသောစကားဖြင့် မလှည့်ဖြားပါစေနှင့်။ ထိုအမှုများကြောင့် နာခံမှုမရှိသောသူတို့အပေါ် ဘုရားသခင်၏အမျက်တော် သက်ရောက်လိမ့်မည်။ ၇  ထို့ကြောင့် သူတို့နှင့် မပတ်သက်ကြနှင့်။ ၈  အကြောင်းမူကား တစ်ချိန်က သင်တို့သည် မှောင်မိုက်ဖြစ်ခဲ့ကြ၏။ ယခုမူကား သခင်နှင့်စပ်လျဉ်း၍ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများအဖြစ် လျှောက်လှမ်းနေကြလော့။ ၉  အကြောင်းမူကား အလင်း၏အကျိုးကျေးဇူးသည် ကောင်းမြတ်ခြင်း အမျိုးမျိုး၊ ဖြောင့်မတ်ခြင်း၊ အမှန်တရားတို့ဖြစ်၏။ ၁၀  သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာ ဖြစ်ကြောင်းကို ဆန်းစစ်လျက်နေကြလော့။ ၁၁  မှောင်မိုက်နှင့်ဆိုင်သော အကျိုးမဲ့သည့် အကျင့်များတွင် ပါဝင်ခြင်း မပြုတော့ဘဲ ထိုအကျင့်များကို ပြစ်တင်ရှုတ်ချကြလော့။ ၁၂  အကြောင်းမူကား သူတို့လျှို့ဝှက်ပြုမူသောအမှုများသည် ပြောဆိုရန်ပင် ရှက်စရာဖြစ်၏။ ၁၃  ထုတ်ဖော်ခံရသောအရာ ရှိသမျှသည် အလင်းအားဖြင့် ထင်ရှားလာ၏။ အကြောင်းမူကား အလင်းသည် အရာခပ်သိမ်းကို ထင်ရှားစေ၏။ ၁၄  ထို့ကြောင့် “အိပ်ပျော်သောသူ၊ နိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည် သင့်အပေါ် အလင်းထွန်းလင်းတော်မူမည်” ဟုကျမ်းစာ၌ ဖော်ပြထား၏။ ၁၅  ထို့ကြောင့် သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ၁၆  ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။ ၁၇  သို့ဖြစ်၍ မမိုက်ကြနှင့်တော့။ ယေဟောဝါဘုရား၏ အလိုတော်ကို သိမြင်လျက်နေကြလော့။ ၁၈  ထို့ပြင် လွန်ကျူးစေတတ်သောဝိုင်နှင့် မူးယစ်ခြင်းကို ရှောင်ကြလော့။ ဘုရားသခင့်စွမ်းအားတော်နှင့် ပြည့်နေကြလော့။ ၁၉  ဆာလံသီချင်းများ၊ ဘုရားသခင်အား ချီးမွမ်းသည့် သီချင်းများ၊ ဓမ္မသီချင်းများဖြင့် သင်တို့အချင်းချင်း သီဆို၍ ယေဟောဝါဘုရားကို တေးသံဖြင့် လှိုက်လှဲစွာ သီဆိုချီးမွမ်းကြလော့။ ၂၀  ငါတို့သခင် ယေရှုခရစ်၏နာမအားဖြင့် အရာခပ်သိမ်းအတွက် ငါတို့၏အဖ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။ ၂၁  ခရစ်တော်ကို ကြောက်ရွံ့ခြင်းအားဖြင့် အချင်းချင်း လက်အောက်ခံကြလော့။ ၂၂  ဇနီးဖြစ်သူတို့၊ သခင်ကိုလက်အောက်ခံသကဲ့သို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ ၂၃  ခရစ်တော်သည် မိမိ၏ခန္ဓာကိုယ်တည်းဟူသော အသင်းတော်ကို ကယ်တင်၍ ထိုအသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည် ဇနီး၏ဦးခေါင်းဖြစ်၏။ ၂၄  အသင်းတော်သည် ခရစ်တော်ကို လက်အောက်ခံသကဲ့သို့ ဇနီးတို့သည်လည်း ကိုယ့်ခင်ပွန်းကို အရာရာ၌ လက်အောက်ခံကြပါစေ။ ၂၅  ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့။ ၂၆  ကိုယ်တော်သည် အသင်းတော်ကို သန့်ရှင်းမြင့်မြတ်စေရန် တရားစကားတော် ရေအားဖြင့် စင်ကြယ်စေတော်မူမည်။ ၂၇  အစွန်းအကွက်ရှိခြင်း၊ အရေတွန့်ခြင်း အစရှိသည်တို့နှင့် ကင်းစင်လျက် သန့်ရှင်း၍ အပြစ်အနာအဆာကင်းသော၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို မိမိအား ဆက်သစေမည်အကြောင်းတည်း။ ၂၈  ထိုနည်းတူ ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏။ မိမိဇနီးကို ချစ်သောသူသည် ကိုယ့်ကိုယ်ကိုယ် ချစ်သောသူဖြစ်၏။ ၂၉  အကြောင်းမူကား မည်သူမျှ မိမိခန္ဓာကိုယ်ကို မုန်းသည်မရှိ။ လူတိုင်း မိမိခန္ဓာကိုယ်ကို ကျွေးမွေး၍ မြတ်နိုးတတ်၏။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေး၍ မြတ်နိုးတော်မူသကဲ့သို့ဖြစ်၏။ ၃၀  အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏ ကိုယ်အင်္ဂါများ ဖြစ်ကြ၏။ ၃၁  “ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍ မယားနှင့်စုံဖက်*သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်လာရလိမ့်မည်။” ၃၂  ထိုအကြောင်းအရာသည် အလွန်မြင့်မြတ်သော လျှို့ဝှက်ချက်ဖြစ်၏။ ထိုသို့ငါဆိုသော် ခရစ်တော်နှင့် အသင်းတော်ကို ဆိုလို၏။ ၃၃  သို့ဖြစ်၍ သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၄ ရှု။
မဿဲ ၁၉:၅ အောက်ခြေမှတ်ချက်ရှု။