ဧဖက် ၁:၁-၂၃

 ဘုရားသခင်၏ အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏ တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့ရှိ သန့်ရှင်းသူတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိသော သစ္စာရှိသူများထံ စာရေးလိုက်ပါ၏။ ၂  ငါတို့၏အဖ ဘုရားသခင်နှင့် သခင်ယေရှုခရစ်တို့ထံတော်မှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။ ၃  ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ အကြောင်းမူကား ငါတို့သည် ခရစ်တော်နှင့် တစည်းတလုံးတည်း ရှိခြင်းကြောင့် ကောင်းကင်အရပ်တွင် ကောင်းချီး*အမျိုးမျိုးကို ငါတို့အား ဘုရားသခင် ပေးသနားတော်မူပြီ။ ၄  ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ ချစ်ခြင်းမေတ္တာအားဖြင့် သန့်ရှင်းပြီး အပြစ်အနာအဆာကင်းမဲ့မည်အကြောင်း ဤလောကမတည်မီကပင် ငါတို့ကို ခရစ်တော်နှင့် တစည်းတလုံးတည်းဖြစ်စေရန် ရွေးကောက်တော်မူ၏။ ၅  အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏ သဘောတော်နှင့် အလိုတော်အတိုင်း ယေရှုခရစ်အားဖြင့် သားများအဖြစ် မွေးစားခြင်းကို ခံရရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ၆  သို့ဖြင့် ဘုရားသခင် ချစ်တော်မူသော သားတော်အားဖြင့် ငါတို့အား ပေးသနားတော်မူသည့် ဘုန်းကျက်သရေရှိသော မဟာကရုဏာတော်အတွက် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ၇  ငါတို့သည် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်တော်မူခြင်းခံရ၏။ ဘုရားသခင်၏ မဟာကရုဏာတော် ကြွယ်ဝမှုကြောင့် အပြစ်လွတ်ခွင့်ရ၏။ ၈  ကိုယ်တော်သည် ခပ်သိမ်းသော ဉာဏ်ပညာ၊ အသိတရားတို့အပြင် မဟာကရုဏာတော်ကို ငါတို့အား များစွာပေးသနားတော်မူ၏။ ၉  သို့ဖြင့် ကိုယ်တော်သည် အလိုတော်နှင့်ဆိုင်သော မြင့်မြတ်သော လျှို့ဝှက်ချက်ကို ငါတို့အား ဖော်ပြတော်မူ၏။ ထိုလျှို့ဝှက်ချက်သည် ကိုယ်တော်၏သဘောတော်နှင့် ရည်ရွယ်တော်မူချက်အတိုင်းဖြစ်၏။ ၁၀  ဤသို့ဖြင့် ကိုယ်တော်သည် ချိန်းချက်သည့် ကာလစေ့သောအခါ ကောင်းကင်ပေါ်ရှိအရာများနှင့် မြေကြီးပေါ်ရှိအရာများကို ခရစ်တော်၌ ပြန်လည်စုစည်းရန် စီမံခန့်ခွဲတော်မူ၏။ ၁၁  ထို့ပြင် ငါတို့ကို ကိုယ်တော်နှင့် တစည်းတလုံးတည်းရှိသော အမွေခံများ ဖြစ်စေတော်မူ၏။ သို့ဖြင့် ငါတို့သည် အလိုတော်အတိုင်း အရာရာကို စီရင်ပြုပြင်တော်မူသောအရှင်၏ ရည်ရွယ်တော်မူချက်နှင့်အညီ ကြိုတင်ခွဲခန့်ထားခြင်း ခံရ၏။ ၁၂  ခရစ်တော်ကို ဦးစွာမျှော်လင့်ခဲ့ကြသော ငါတို့သည် ဘုန်းတော်ကို ချီးမွမ်းကြစေရန်ဖြစ်၏။ ၁၃  သို့သော် သင်တို့သည် ကယ်တင်ခြင်းအကြောင်း သတင်းကောင်းတည်းဟူသော အမှန်တရားကို ကြားရပြီးနောက် ကိုယ်တော်ကို မျှော်လင့်ကြ၏။ သင်တို့ ယုံကြည်လာကြပြီးနောက် ကိုယ်တော်အားဖြင့် ဘုရားသခင်သည် ကတိထားတော်မူသည့် သန့်ရှင်းသောစွမ်းအားတော်*ဖြင့် သင်တို့ကို တံဆိပ်ခတ်တော်မူ၏။ ၁၄  ဘုရားသခင် ပိုင်ဆိုင်တော်မူရာကို ရွေးနုတ်၍ ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းစေရန် ထိုစွမ်းအားတော်သည် ငါတို့ ရရှိမည့်အမွေ၏ အာမခံချက်ဖြစ်၏။ ၁၅  ထို့ကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ကြောင်း၊ သန့်ရှင်းသူအပေါင်းတို့နှင့် ဆက်ဆံရာတွင် ထိုယုံကြည်ခြင်းကို တင်ပြကြောင်း ငါကြားသိရသဖြင့်၊ ၁၆  ငါသည်လည်း ကျေးဇူးတော် ချီးမွမ်းခြင်းကို မရပ်စဲဘဲ သင်တို့အတွက် မပြတ်ဆုတောင်းပေးပါ၏။ ၁၇  ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်၊ ဘုန်းကြီးတော်မူသောအဖကို တိကျမှန်ကန်စွာ သိကျွမ်းစေရန် ဘုရားသခင်သည် သင်တို့အား ဉာဏ်ပညာနှင့် ဗျာဒိတ်တော် ပေးတော်မူမည်အကြောင်း ဆုတောင်းပါ၏။ ၁၈  သင်တို့၏ဉာဏ်မျက်စိကို လင်းစေတော်မူသဖြင့် သင်တို့ကို ခေါ်တော်မူရသည့် မျှော်လင့်ချက်သည် မည်သည့်အရာဖြစ်ကြောင်း၊ သန့်ရှင်းသူတို့ ရမည့်အမွေသည် မည်မျှဘုန်းစည်းစိမ် ပြည့်ဝကြောင်း သိစေရန်လည်းကောင်း၊ ၁၉  ယုံကြည်သူငါတို့အား ပေးတော်မူသော တန်ခိုးတော်သည် မည်မျှသာလွန်ကြီးမားကြောင်း သိစေရန်လည်းကောင်း ငါဆုတောင်းပါ၏။ တန်ခိုးတော်ကြီးမားပုံကို အစွမ်းတန်ခိုးပြတော်မူရာတွင် သိမြင်ရ၏။ ၂၀  ကိုယ်တော်သည် ထိုတန်ခိုးတော်အားဖြင့် ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ကောင်းကင်ဘုံတွင် လက်ယာတော်ဘက်၌ နေရာပေးတော်မူ၏။ ၂၁  ထိုနေရာသည် အစိုးရအာဏာစက်၊ တန်ခိုး၊ အုပ်ချုပ်မှုရှိသမျှတို့မှစ၍ ယခုကာလ*တွင်သာမက နောင်အနာဂတ်ကာလတွင်လည်း သမုတ်ခြင်းခံရမည့် ဘွဲ့နာမတကာတို့ထက် မြင့်မြတ်လိမ့်မည်။ ၂၂  ဘုရားသခင်သည် အရာခပ်သိမ်းကို ခရစ်တော်၏ ခြေအောက်တွင် ချထားပြီး အသင်းတော်အတွက် ကိုယ်တော်အား အရာခပ်သိမ်းအပေါ် ဦးခေါင်းဖြစ်စေတော်မူ၏။ ၂၃  ထိုအသင်းတော်သည် ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်၍ အလုံးစုံတို့၌ အရာခပ်သိမ်းကို ပြည့်စုံစေတော်မူသော ထိုအရှင်အားဖြင့် ပြည့်ဝလျက်ရှိ၏။

အောက်ခြေမှတ်ချက်များ

သို့မဟုတ်၊ “သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘုရားသခင်ထံတော်မှကောင်းချီး။”
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။
သို့မဟုတ်၊ “လောကစနစ်။”