လုကာ ၈:၁-၅၆

 ထို့နောက် များမကြာမီ ကိုယ်တော်သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးတို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။ ၂  နတ်ဆိုးပူးခြင်း၊ အနာရောဂါစွဲကပ်ခြင်းတို့မှ ကိုယ်တော်ကင်းလွတ်စေဖူးသော အမျိုးသမီးအချို့၊ နတ်ဆိုးခုနစ်ကောင် ထွက်ဖူးသော မာဂဒလခေါ် မာရိ၊ ၃  ဟေရုဒ်မင်း၏ အိမ်တော်တာဝန်ခံ ခုဇ၏ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားသော အမျိုးသမီးအများတို့သည်လည်း မိမိတို့ဥစ္စာဖြင့် ကျွေးမွေးပြုစုလျက် လိုက်ပါကြ၏။ ၄  လူအုပ်ကြီးသည် အမြို့မြို့မှလာ၍ အထံတော်သို့ စုဝေးကြသော် ပုံဥပမာဖြင့် မြွက်ဆိုတော်မူသည်မှာ၊ ၅  “မျိုးစေ့ကြဲသူသည် မျိုးကြဲရန် ထွက်သွား၏။ မျိုးကြဲစဉ် မျိုးစေ့အချို့သည် လမ်းဘေး၌ ကျသဖြင့် အနင်းခံရ၍ မိုးကောင်းကင်ငှက်များသည် ကောက်စားကြ၏။ ၆  အချို့သည် ကျောက်ဆောင်ပေါ်တွင် ကျသဖြင့် အပင်ပေါက်သောအခါ မြေစိုစွတ်ခြင်း မရှိသောကြောင့် ညှိုးနွမ်းသွေ့ခြောက်လေ၏။ ၇  အချို့သည် ဆူးပင်များကြားတွင် ကျသဖြင့် အတူပေါက်သောဆူးပင်တို့သည် လွှမ်းမိုးပိတ်ဆို့ကြ၏။ ၈  အချို့သည်ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ အဆတစ်ရာ အသီးသီးကြ၏” ဟုမိန့်တော်မူလျက်၊ “နားရှိသောသူသည် နားထောင်ပါစေ” ဟုကြွေးကြော်တော်မူ၏။ ၉  တပည့်တော်တို့သည် ထိုပုံဥပမာ၏ အဓိပ္ပာယ်ကို မေးလျှောက်ကြသော်၊ ၁၀  ကိုယ်တော်က “သင်တို့သည် ဘုရားသခင့်နိုင်ငံတော်နှင့် ပတ်သက်သည့် မြင့်မြတ်သော လျှို့ဝှက်ချက်များကို နားလည်ရသောအခွင့် ရှိကြ၏။ အခြားသူတို့မူကား ကြည့်လျက်ပင်မမြင်၊ ကြားလျက်ပင် အနက်ကိုနားမလည်စေရန် ပုံဥပမာများကိုသာ ကြားခွင့်ရှိကြ၏။ ၁၁  ထိုပုံဥပမာ၏ အဓိပ္ပာယ်ကား၊ မျိုးစေ့သည် ဘုရားသခင်၏ တရားစကားတော်ဖြစ်၏။ ၁၂  လမ်းဘေး၌ ကျသောမျိုးစေ့သည် တရားစကားတော်ကြားပြီးနောက် ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေရန် သူတို့၏စိတ်နှလုံးထဲက တရားစကားတော်ကို မာရ်နတ်လာ၍ နုတ်ယူသွားခြင်းခံရသူတို့ကို ဆိုလို၏။ ၁၃  ကျောက်ဆောင်ပေါ်၌ ကျသောမျိုးစေ့သည် တရားစကားတော်ကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း အမြစ်မစွဲသူတို့ကို ဆိုလို၏။ သူတို့သည် ခဏသာယုံကြည်၍ စမ်းသပ်ခြင်းကိုခံရသော် လဲသွားကြ၏။ ၁၄  ဆူးပင်များကြားတွင် ကျသောမျိုးစေ့မူကား တရားစကားကို ကြားသော်လည်း ဤဘဝ၏စိုးရိမ်ပူပန်မှု၊ စည်းစိမ်ဥစ္စာ၊ အပျော်အပါးတို့ကြောင့် အာရုံပျံ့လွင့်သွားသူတို့ကို ဆိုလို၏။ ထိုသူတို့သည် လုံးလုံးလွှမ်းမိုးပိတ်ဆို့ခံရ၍ မဖြစ်ထွန်းကြ။ ၁၅  ကောင်းသောမြေ၌ ကျသောမျိုးစေ့မူကား ဖြောင့်မှန်ကောင်းမွန်သော စိတ်နှလုံးနှင့် တရားစကားတော်ကို စွဲမြဲစွာနာယူ၍ ခံနိုင်ရည်ဖြင့် အသီးသီးသောသူကို ဆိုလို၏။ ၁၆  မီးခွက်ကို ထွန်းပြီးလျှင် မည်သူမျှ အိုးဖြင့် အုပ်ထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူတို့ အလင်းကိုမြင်စေရန် မီးခုံပေါ်တွင် တင်ထားလေ့ရှိ၏။ ၁၇  အကြောင်းမူကား ဖုံးကွယ်ထားသမျှသည် ပေါ်လာရလိမ့်မည်။ အသေအချာ လျှို့ဝှက်ထားသမျှသည်လည်း ထင်ရှားလာ၍ သိရကြလိမ့်မည်။ ၁၈  ထို့ကြောင့် သင်တို့သည် မည်သို့ ကြားနာသည်ကို သတိပြုကြလော့။ အကြောင်းမူကား ရှိထားသူသည် ပို၍ပေးအပ်ခံရလိမ့်မည်။ မရှိသောသူထံမှမူကား ရှိသည်ဟု ထင်သမျှကိုပင် နုတ်ယူလိမ့်မည်။” ၁၉  ထိုအခါ မိခင်နှင့် ညီတော်တို့သည်လာ၍ လူအုပ်ကြောင့် ကိုယ်တော့်ထံသို့ မချဉ်းကပ်နိုင်ကြ။ ၂၀  သို့ရာတွင် လူတို့က “ကိုယ်တော်၏ မိခင်နှင့် ညီများသည် ကိုယ်တော်အားတွေ့လို၍ အပြင်မှာရပ်နေကြသည်” ဟု လျှောက်ကြ၏။ ၂၁  ကိုယ်တော်ကလည်း “ဘုရားသခင်၏ တရားစကားတော်ကိုကြား၍ ကျင့်သောသူတို့သည် ငါ၏မိခင်၊ ငါ၏ညီအစ်ကိုတို့ ဖြစ်ကြ၏” ဟု ပြန်၍ မိန့်တော်မူ၏။ ၂၂  တစ်နေ့တွင် ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်၍ “အိုင်တစ်ဖက်သို့ ကူးကြစို့” ဟုမိန့်တော်မူပြီးလျှင် ရွက်လွှင့်သွားကြ၏။ ၂၃  ရွက်လွှင့်သွားကြစဉ် ကိုယ်တော်သည် အိပ်နေတော်မူ၏။ ထိုအခါ အိုင်၌ လေမုန်တိုင်းကျ၍ လှေသည် ရေနှင့်ပြည့်သောကြောင့် ဘေးရောက်လုမတတ်ဖြစ်၏။ ၂၄  တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင် “ဆရာ၊ ဆရာ၊ ကျွန်ုပ်တို့ သေရပါတော့မည်” ဟုလျှောက်ကြသော် ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့် မုန်တိုင်းစဲ၍ ငြိမ်သက်လေ၏။ ၂၅  ကိုယ်တော်ကလည်း “သင်တို့၏ယုံကြည်ခြင်းသည် အဘယ်မှာရှိသနည်း” ဟုမေးတော်မူလျှင် သူတို့သည် ကြောက်ရွံ့အံ့ဩ၍ “ဧကန်စင်စစ် ဤသူကား မည်သူနည်း။ လေနှင့်ရေကိုပင် အမိန့်ပေးတော်မူ၍ နားထောင်ကြပါသည်တကား” ဟုအချင်းချင်းပြောဆိုကြ၏။ ၂၆  ဂါလိလဲပြည်တစ်ဖက် ဂေရသပြည်သို့ ရောက်သော် ကမ်းကပ်၍၊ ၂၇  ကုန်းပေါ်တက်ကြွသောအခါ နတ်ဆိုးများပူး၍ ကာလအတန်ကြာ အဝတ်ကိုမဝတ်၊ အိမ်၌မနေဘဲ သင်္ချိုင်းဂူများကြားမှာ နေသော ထိုမြို့သားတစ်ဦးသည် ကိုယ်တော်ကို ဆီးကြိုလေ၏။ ၂၈  ယေရှုကို မြင်သော် အော်ဟစ်ပြီးလျှင် ရှေ့တော်တွင် ပျပ်ဝပ်၍ “အမြင့်ဆုံးသော ဘုရားသခင်၏သားတော် ယေရှု၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ ကျွန်ုပ်ကို မညှဉ်းဆဲမည်အကြောင်း တောင်းပန်ပါ၏” ဟုကျယ်သောအသံဖြင့် အော်ဟစ်လေ၏။ ၂၉  အကြောင်းမူကား ထိုသူ၏အထဲက ညစ်ညူးသောနတ်ထွက်ရန် ကိုယ်တော်အမိန့်ပေးထားပြီ။ နတ်ဆိုးပူးသည်မှာ ကြာပြီဖြစ်၍ သူ့ကို သံကြိုးများ၊ ခြေချင်းများနှင့် ကြိမ်ဖန်များစွာ ချုပ်နှောင်ထားကြ၏။ သို့သော် သူသည် သံကြိုးခြေချင်းများကို ဆွဲဖြတ်ပြီး နတ်ဆိုးနှင်ရာ လူသူကင်းမဲ့သောအရပ်သို့ ထွက်သွားလေ့ရှိ၏။ ၃၀  ယေရှုက “သင့်အမည်မှာ အဘယ်နည်း” ဟုမေးတော်မူလျှင်၊ ထိုသူ၌ နတ်ဆိုးများစွာ ဝင်နေသောကြောင့် “ကျွန်ုပ်၏အမည်မှာ တပ်ဖွဲ့ဖြစ်ပါ၏” ဟုလျှောက်လျက်၊ ၃၁  တွင်းနက်ကြီးထဲသို့ မနှင်မည်အကြောင်း တောင်းပန်ကြ၏။ ၃၂  ထိုအရပ်၌ အတော်ကြီးသော ဝက်အုပ်သည် တောင်ပေါ်မှာ ကျက်စားလျက်ရှိ၏။ သို့ဖြစ်၍ နတ်ဆိုးတို့က ထိုဝက်များထဲသို့ ဝင်ခွင့်ပြုရန် တောင်းပန်ကြရာ ကိုယ်တော်ခွင့်ပြုတော်မူ၏။ ၃၃  နတ်ဆိုးတို့သည် လူမှထွက်၍ ဝက်များထဲသို့ဝင်သဖြင့် ဝက်အုပ်သည် ကမ်းပါးမှ တစ်ဟုန်ထိုးခုန်ဆင်း၍ အိုင်၌ ရေနစ်သေကြ၏။ ၃၄  ဝက်ကျောင်းသူတို့သည် ထိုအခြင်းအရာကိုမြင်လျှင် ထွက်ပြေး၍ မြို့ရွာများ၌ သတင်းပြောကြားကြ၏။ ၃၅  လူတို့သည် ထိုအခြင်းအရာကို ကြည့်ရှုရန် ရောက်လာကြ၏။ ယေရှုထံရောက်သော် နတ်ဆိုးများပူးဖူးသူသည် အဝတ်ကိုဝတ်၍ စိတ်အကောင်းပကတိဖြင့် ယေရှု၏ခြေတော်ရင်း၌ ထိုင်နေသည်ကိုမြင်လျှင် ကြောက်ရွံ့ကြ၏။ ၃၆  နတ်ဆိုးပူးဖူးသောသူ ကျန်းမာလာပုံကို တွေ့မြင်သူတို့သည် သူတို့အား ပြန်ပြောပြကြ၏။ ၃၇  ဂေရသနယ် ပတ်ဝန်းကျင်ဒေသရှိ လူအပေါင်းတို့သည် အလွန်ကြောက်လန့်သဖြင့် မိမိတို့ထံမှ ထွက်သွားပါရန် တောင်းပန်ကြ၏။ ထိုအခါ ကိုယ်တော်သည် လှေပေါ်သို့တက်၍ ပြန်ကြွတော်မူ၏။ ၃၈  နတ်ဆိုးပူးဖူးသောသူသည် အပါးတော်၌ နေခွင့်ပြုပါရန် တောင်းပန်သော်လည်း ခွင့်မပြုဘဲ၊ ၃၉  “သင့်အိမ်သို့ ပြန်လော့။ ဘုရားသခင်သည် သင့်အား ကျေးဇူးပြုတော်မူရာများအကြောင်း ပြောကြားလော့” ဟုမိန့်တော်မူ၏။ ထိုသူသည်လည်း သွား၍ မိမိအတွက် ယေရှုပြုတော်မူရာများကို တစ်မြို့လုံးအနှံ့ ပြောကြားလေ၏။ ၄၀  ယေရှုပြန်ရောက်လာသော် လူအုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသောကြောင့် ဝမ်းမြောက်စွာ လက်ခံကြ၏။ ၄၁  ယာဣရု အမည်ရှိသော တရားဇရပ်မှူးတစ်ဦးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် မိမိအိမ်သို့ ကြွတော်မူပါရန် တောင်းပန်လေ၏။ ၄၂  အကြောင်းမူကား တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ တစ်ဦးတည်းသောသမီးသည် သေအံ့ဆဲဆဲရှိ၏။ ယေရှုကြွတော်မူစဉ် လူအုပ်သည် ကိုယ်တော်ကို တိုးဝှေ့ကြ၏။ ၄၃  ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲ၍ မည်သူမျှ မကုသနိုင်သော အမျိုးသမီးတစ်ဦးသည်၊ ၄၄  နောက်တော်သို့ ချဉ်းကပ်၍ ဝတ်လုံတော်၏ အမြိတ်ကို တို့ထိသည်နှင့် သွေးသွန်နာပျောက်လေ၏။ ၄၅  ထို့ကြောင့် ယေရှုက “ငါ့ကို မည်သူတို့သနည်း” ဟုမေးတော်မူလျှင် လူအပေါင်းတို့က ငြင်းကြ၏။ ပေတရုက “ဆရာ၊ လူအုပ်သည် ကိုယ်တော်အား တိုးဝှေ့ တိုက်မိနေကြပါသည်” ဟုလျှောက်သော်၊ ၄၆  ယေရှုကလည်း “တစ်စုံတစ်ယောက်သောသူသည် ငါ့ကို တို့ လေပြီ။ ငါ့ထံမှ တန်ခိုးထွက်သည်ကို ငါသိ၏” ဟု မိန့်တော်မူ၏။ ၄၇  ထိုအမျိုးသမီးသည် ပုန်းရှောင်နေ၍ မရတော့သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ကိုယ်တော့်ရှေ့မှောက် ပျပ်ဝပ်လေ၏။ ထို့နောက် ကိုယ်တော်ကို အဘယ်ကြောင့် တို့ ထိရကြောင်း၊ ချက်ချင်း ကျန်းမာလာကြောင်းကို လူအပေါင်းတို့ရှေ့မှာ ကြားလျှောက်လေ၏။ ၄၈  သို့သော် ကိုယ်တော်က “ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့” ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။ ၄၉  ထိုသို့မိန့်တော်မူစဉ် တရားဇရပ်မှူး၏ အိမ်မှလူတစ်ဦးလာ၍ “သင်၏သမီး သေပါပြီ။ ဆရာကို မနှောင့်ယှက်ပါနှင့်တော့” ဟုဆို၏။ ၅၀  ယေရှုသည် ထိုစကားကိုကြားလျှင် “မကြောက်နှင့်။ ယုံကြည်ခြင်းသာရှိလော့။ သူငယ်မ ကျန်းမာလိမ့်မည်” ဟု မိန့်တော်မူ၏။ ၅၁  အိမ်သို့ရောက်တော်မူလျှင် ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဘများမှတစ်ပါး မည်သူ့ကိုမျှ ဝင်ခွင့်ပြုတော်မမူ။ ၅၂  လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းလျက် ရှိနေကြသဖြင့် ကိုယ်တော်က “မငိုကြနှင့်။ သူငယ်မ သေသည်မဟုတ်၊ အိပ်ပျော်နေခြင်းဖြစ်၏” ဟုမိန့်တော်မူလျှင်၊ ၅၃  သူငယ်မ သေကြောင်းကို သူတို့သိသဖြင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ၅၄  သို့သော် သူငယ်မ၏ လက်ကိုကိုင်လျက် “သူငယ်မ၊ ထလော့” ဟု မိန့်တော်မူ၏။ ၅၅  သူငယ်မသည် အသက်စွမ်းအား*ပြန်ဝင်၍ ချက်ချင်းထလေ၏။ ထိုအခါ ကိုယ်တော်က သူငယ်မအား စားစရာပေးရန် မိန့်တော်မူ၏။ ၅၆  သူငယ်မ၏ မိဘတို့သည် အလွန်အံ့သြမိန်းမောကြ၏။ သို့သော် ကိုယ်တော်က ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် မှာကြားလေ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။