လုကာ ၄:၁-၄၄

 ယေရှုသည် သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်လျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူလျှင် စွမ်းအားတော်သည် တောသို့ ပို့ဆောင်တော်မူ၏။ ၂  အရက်လေးဆယ်ပတ်လုံး မာရ်နတ်၏ သွေးဆောင်ခြင်းကို ခံရတော်မူ၏။ ထိုနေ့ရက်များတွင် မည်သည့် အစာကိုမျှ မသုံးဆောင်သဖြင့် ထိုကာလလွန်ပြီးနောက် ဆာလောင်တော်မူ၏။ ၃  ထိုအခါ မာရ်နတ်ကလည်း “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ပေးလော့” ဟုလျှောက်လေ၏။ ၄  ယေရှုကလည်း “‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်’ ဟူ၍ ကျမ်းစာ၌ရေးထားသည်” ဟုပြန်၍ မိန့်တော်မူ၏။ ၅  ထိုအခါ မာရ်နတ်သည် ကိုယ်တော်ကို မြင့်သောအရပ်သို့ ခေါ်ဆောင်သွား၍ လူနေရာ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံရှိသမျှကို တစ်ခဏချင်းတွင် ပြပြီးလျှင်၊ ၆  “ဤအခွင့်အာဏာရှိသမျှနှင့် ထိုနိုင်ငံများ၏ ဘုန်းစည်းစိမ်ကို သင့်အား ငါပေးမည်။ ထိုအရာများကို ငါ့အား လွှဲအပ်ထားပြီးဖြစ်၍ ငါပေးလိုသူအား ပေးနိုင်၏။ ၇  သို့ဖြစ်၍ သင်သည် ငါ့ကို တစ်ကြိမ်သာ ကိုးကွယ်လျှင် ဤအရာရှိသမျှသည် သင်၏ဥစ္စာ ဖြစ်လိမ့်မည်” ဟုပြောဆို၏။ ၈  ယေရှုကလည်း “‘သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ကျမ်းစာ၌ရေးထားသည်” ဟုမိန့်တော်မူ၏။ ၉  ထို့နောက် မာရ်နတ်သည် ယေရှုကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်အထွတ်၌ ထားပြီးလျှင် “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် အောက်သို့ခုန်ချလော့။ ၁၀  အကြောင်းမူကား ‘သင့်ကို စောင့်ရှောက်ရန် ကောင်းကင်တမန်တို့အား မိန့်မှာထားတော်မူမည်။ ၁၁  သင်၏ခြေကို ကျောက်နှင့် မခိုက်မိစေရန် သူတို့သည် သင့်ကိုလက်နှင့် ချီပင့်ကြလိမ့်မည်’ ဟုကျမ်းစာ၌ ရေးထားသည်” ဟူ၍ဆို၏။ ၁၂  ယေရှုကလည်း “‘သင်၏ ဘုရားသခင် ယေဟောဝါကို စမ်းသပ်ခြင်း မပြုရ’ ဟူ၍ ကျမ်းစကားရှိသည်” ဟုပြန်ပြောတော်မူ၏။ ၁၃  ထိုသို့ မာရ်နတ်သည် သွေးဆောင်ခြင်းအလုံးစုံကို ပြုပြီးလျှင် အထံတော်မှထွက်သွား၍ အခွင့်အခါကောင်းကို စောင့်နေလေ၏။ ၁၄  ထိုအခါ ယေရှုသည် ဘုရားသခင့် တန်ခိုးတော်*ပါလျက် ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ထိုဒေသ တစ်လျှောက်လုံးတွင် ကိုယ်တော်၏ ကောင်းသတင်းပျံ့နှံ့သွား၏။ ၁၅  သူတို့၏ တရားဇရပ်များ၌ သွန်သင်တော်မူရာ လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ၁၆  ယေရှုသည် ကြီးပြင်းရာ နာဇရက်မြို့သို့ ရောက်လျှင် ထုံးစံရှိသည့်အတိုင်း ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ကျမ်းစာဖတ်ရန် ထတော်မူ၏။ ၁၇  ထိုအခါ ပရောဖက်ဟေရှာယ ရေးသောကျမ်းစာလိပ်ကို ပေးကြ၏။ ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို ဖွင့်၍ ရှာတွေ့သော ကျမ်းချက်ဟူမူကား၊ ၁၈  “ယေဟောဝါဘုရား၏ စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကိုဘိသိက်ပေးတော်မူ၏။ ငါ့ကို စေလွှတ်တော်မူရခြင်းမှာ သုံ့ပန်းများ လွတ်မြောက်ခွင့်နှင့် မျက်မမြင်များ ပြန်မြင်ခွင့် အကြောင်းကို ဟောပြောရန်၊ နှိပ်စက်ခံရသူတို့အား လွတ်မြောက်စေရန်၊ ၁၉  ယေဟောဝါဘုရား၏ နှစ်သက်လက်ခံဖွယ်နှစ် ကာလအကြောင်းကို ဟောပြောရန် ဖြစ်၏။” ၂၀  ထို့နောက် ကျမ်းစာကိုလိပ်၍ ဇရပ်မှူးအား ပြန်ပေးပြီးလျှင် ထိုင်တော်မူ၏။ တရားဇရပ်၌ ရှိသောသူအပေါင်းတို့သည် ကိုယ်တော်ကို စူးစိုက်ကြည့်နေကြ၏။ ၂၁  ကိုယ်တော်ကလည်း “ယခု သင်တို့ ကြားရသော ကျမ်းချက်သည် ယနေ့ ပြည့်စုံလေပြီ” ဟုမိန့်တော်မူ၏။ ၂၂  ထိုသူ အပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းပြောဆိုလျက်၊ နှစ်လို့ ဖွယ်နှုတ်တော်ထွက်စကားကို အံ့သြလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟု ဆိုကြ၏။ ၂၃  ထိုအခါ ယေရှုက “အကယ်စင်စစ် သင်တို့သည် ‘အချင်းသမားတော်၊ ကိုယ့်ကိုယ်ကိုယ် ကျန်းမာစေလော့’ ဟူသော ဆိုရိုးအတိုင်း ‘ကပေရနောင်မြို့တွင် ဖြစ်ပျက်ခဲ့ရာများကို ငါတို့ ကြားထားသည်ဖြစ်၍ ကိုယ့်နေရင်းဖြစ်သော ဤမြို့၌လည်း ပြုပါ’ ဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ ၂၄  ငါအမှန်ဆိုသည်ကား၊ မည်သည့် ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။ ၂၅  ငါအမှန်ဆိုသည်ကား၊ ဧလိယလက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးခေါင်၍ တစ်ပြည်လုံး ငတ်မွတ်ခြင်းဘေး ရောက်သောအခါ အစ္စရေးပြည်တွင် မုဆိုးမအများရှိကြ၏။ ၂၆  သို့သော် ထိုမုဆိုးမ တစ်ဦးထံမျှ ဧလိယကို စေလွှတ်တော်မမူ။ ဆိုင်ဒုန်ပြည်၊ ဇရတ္တမြို့သူမုဆိုးမတစ်ဦးထံသာ စေလွှတ်တော်မူ၏။ ၂၇  ပရောဖက်ဧလိရှဲ လက်ထက်တွင်လည်း အစ္စရေးပြည်၌ နူနာစွဲသူ အများရှိကြ၏။ သို့သော် ဆီးရီးယားလူ နေမန်မှတစ်ပါး မည်သူမျှ သန့်ရှင်းခြင်းသို့မရောက်” ဟုမိန့်တော်မူ၏။ ၂၈  တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားများကို ကြားသောအခါ ပြင်းစွာအမျက်ထွက်ကြ၏။ ၂၉  သူတို့သည် ထ၍ ထိုမြို့တည်ရာ တောင်ထိပ်စွန်းမှ ကိုယ်တော်ကို တွန်းချရန် မြို့ပြင်သို့ ထုတ်ဆောင်သွားကြ၏။ ၃၀  သို့သော် ကိုယ်တော်သည် သူတို့အလယ်မှလျှောက်၍ ကြွသွားတော်မူ၏။ ၃၁  ဂါလိလဲပြည်၊ ကပေရနောင်မြို့သို့ ဆင်းသွားပြီးလျှင် ဥပုသ်နေ့၌ သွန်သင်တော်မူ၏။ ၃၂  အာဏာနှင့် ဟောတော်မူသောကြောင့် ကိုယ်တော်၏ သွန်သင်ပုံကို အလွန်အံ့သြကြ၏။ ၃၃  ထိုတရားဇရပ်၌ ညစ်ညူးသောနတ်ဆိုး ပူးသူတစ်ဦးရှိ၍ ကျယ်သောအသံနှင့်၊ ၃၄  “အို၊ နာဇရက်မြို့သား ယေရှု၊ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် မည်သို့ဆိုင်သနည်း။ ကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာသလော။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းသူဖြစ်သည်ကို ကျွန်ုပ်ကောင်းစွာသိပါ၏” ဟုဟစ်အော်၏။ ၃၅  သို့သော် ယေရှုက “တိတ်ဆိတ်စွာနေလော့။ သူ့အထဲမှ ထွက်သွားလော့” ဟုဆုံးမတော်မူလျှင် နတ်ဆိုးသည် ထိုသူကို သူတို့အလယ်၌ လှဲချပြီးမှ မထိခိုက်စေဘဲ ထွက်သွားလေ၏။ ၃၆  လူအပေါင်းတို့သည် အံ့သြမိန်းမော၍ “ဤစကားသည် မည်သို့သော စကားနည်း။ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် အမိန့်ပေး၍ သူတို့သည် ထွက်သွားကြသည်တကား” ဟု အချင်းချင်းပြောဆိုကြ၏။ ၃၇  ထို့ကြောင့် ကိုယ်တော်၏ သတင်းတော်သည်လည်း ပတ်ဝန်းကျင်ဒေသတစ်လျှောက်လုံး ပျံ့နှံ့သွားလေ၏။ ၃၈  တရားဇရပ်မှ ထွက်ပြီးလျှင် ကိုယ်တော်သည် ရှိမုန်အိမ်သို့ ကြွတော်မူ၏။ ထိုအခါ ရှိမုန်၏ယောက္ခမသည် ပြင်းစွာဖျားနေသဖြင့် သူ့အတွက် တောင်းလျှောက်ကြ၏။ ၃၉  ကိုယ်တော်သည် ထိုအမျိုးသမီး၏ အနားမှာရပ်၍ အဖျားပျောက်ရန် အမိန့်ပေးတော်မူလျှင် အဖျားပျောက်လေ၏။ ထိုအမျိုးသမီးသည် ချက်ချင်းထ၍ သူတို့ကို ဧည့်ဝတ်ပြုလေ၏။ ၄၀  နေဝင်ချိန်ရောက်သော် ရောဂါဝေဒနာအမျိုးမျိုး စွဲကပ်သူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ကြရာ တစ်ဦးစီအပေါ်၌ လက်တော်ကိုတင်၍ ကျန်းမာစေတော်မူ၏။ ၄၁  နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏” ဟုဟစ်အော်လျက် လူအများတို့အထဲက ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း နတ်ဆိုးတို့သိကြသောကြောင့် သူတို့ကိုဆုံးမလျက် စကားပြောခွင့် ပေးတော်မမူ။ ၄၂  မိုးလင်းသော် လူသူကင်းမဲ့ရာအရပ်သို့ ထွက်ကြွတော်မူ၍ လူအုပ်သည် ကိုယ်တော်ကို ရှာကြ၏။ အထံတော်သို့ ရောက်လျှင် မိမိတို့ထံမှ ထွက်ကြွမသွားပါရန် တားမြစ်ကြ၏။ ၄၃  ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏” ဟု မိန့်တော်မူပြီးလျှင်၊ ၄၄  ယုဒပြည် တရားဇရပ်များ၌ ဟောပြောလျက်နေတော်မူ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “နျူမာ၏တန်ခိုးဖြင့်။” နောက်ဆက်တွဲ ၈ ရှု။