ယောဟန် ၂၀:၁-၃၁

၂၀  သီတင်းပတ်၏ပထမနေ့၌ မိုးမလင်းမီ နံနက်စောစောအချိန်တွင် မာဂဒလမာရိသည် သင်္ချိုင်းဂူသို့သွားသောအခါ ဂူဝမှကျောက်တုံး ရွှေ့ထားလျက်ရှိသည်ကို မြင်လေ၏။ ၂  ထို့ကြောင့် ရှိမုန်ပေတရုနှင့် ယေရှုချစ်ခင်တော်မူသော အခြားတပည့်တော်ထံ ပြေးသွားပြီးလျှင် “သင်္ချိုင်းဂူမှ သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါ” ဟုပြောကြားလေ၏။ ၃  ထိုအခါ ပေတရုနှင့် အခြားသောတပည့်တော်သည် သင်္ချိုင်းဂူသို့ သွားကြ၏။ ၄  ထိုသူနှစ်ယောက်သည် အတူပြေးသွားကြ၏။ အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းဂူသို့ အလျင်ရောက်လေ၏။ ၅  သူသည် ငုံ့ကြည့်သောအခါ ပိတ်ထည်များကိုသာ တွေ့လျှင် မဝင်ဘဲနေ၏။ ၆  ရှိမုန်ပေတရုသည် သူ့နောက်တွင် ရောက်လာ၍ သင်္ချိုင်းဂူထဲသို့ဝင်လျှင် ပိတ်ထည်များကို မြင်လေ၏။ ၇  ခေါင်းတော်ကိုပတ်ရစ်သော အဝတ်သည် ထိုပိတ်ထည်များနှင့်အတူ မရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို မြင်လေ၏။ ၈  ထိုအခါ သင်္ချိုင်းဂူသို့ အလျင်ရောက်သော တပည့်တော်သည်လည်း ဝင်၍ မြင်သဖြင့် ယုံလေ၏။ ၉  သို့သော် ကိုယ်တော်သည် သေခြင်းမှ ထမြောက်ရမည် ဟူသော ကျမ်းချက်ကို သူတို့နားမလည်ကြသေး။ ၁၀  ထို့ကြောင့် တပည့်တော်တို့သည် မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ၁၁  မာရိသည် သင်္ချိုင်းဂူအပြင်နားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးနေစဉ် သင်္ချိုင်းဂူထဲသို့ငုံ့၍ ကြည့်လျှင်၊ ၁၂  ဖြူသောအဝတ်ကို ဝတ်ဆင်ထားသော ကောင်းကင်တမန်နှစ်ပါးသည် ယေရှု၏အလောင်းတော်ထားရာ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်နေကြသည်ကို မြင်လေ၏။ ၁၃  ထိုအခါသူတို့က “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း” ဟုမေးလျှင် မာရိက “ကျွန်မ၏သခင်ကို ယူသွားကြပါပြီ။ အဘယ်မှာထားကြသည်ကို မသိပါ”ဟုဖြေဆို၏။ ၁၄  ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင် ယေရှုရပ်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကို မသိ။ ၁၅  ယေရှုကလည်း “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာသနည်း” ဟုမေးတော်မူ၏။ မာရိက ဥယျာဉ်စောင့်ဟု ထင်မှတ်လျက် “အလောင်းတော်ကို ရှင်ယူသွားလျှင် အဘယ်မှာထားသည်ကို ကျွန်မအား ပြောပါ။ ကျွန်မ ယူသွားပါမည်” ဟုဆိုလေ၏။ ၁၆  ယေရှုကလည်း “မာရိ” ဟုခေါ်တော်မူလျှင် မာရိသည်လှည့်၍ “ရဗ္ဗုနိ” ဟု ဟေဗြဲဘာသာစကားဖြင့် ထူးလေ၏။ အနက်ကား “ဆရာ” ဖြစ်၏။ ၁၇  ယေရှုကလည်း “ငါ့ကို ဖက်တွယ်မထားနှင့်တော့။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ မတက်ရသေး။ ငါ၏ညီများ ရှိရာသို့သွား၍ ‘ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည့်အကြောင်း’ ကိုပြောလော့” ဟုမိန့်တော်မူ၏။ ၁၈  မာဂဒလမာရိသည် တပည့်တော်တို့ထံ သွား၍ “သခင်ကို ကျွန်မတွေ့မြင်ခဲ့သည်” ဟူ၍လည်းကောင်း၊ မိမိအား ထိုသို့မိန့်တော်မူသည် ဟူ၍လည်းကောင်း ပြောလေ၏။ ၁၉  သီတင်းပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သော် တပည့်တော်တို့သည် ဂျူးတို့ကိုကြောက်သောကြောင့် တံခါးများကိုပိတ်လျက် စုဝေးနေကြ၏။ ထိုအခါ ယေရှုသည် ကြွလာ၍ အလယ်မှာရပ်တော်မူလျက် “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ” ဟုမိန့်တော်မူ၏။ ၂၀  ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ကြ၏။ ၂၁  တစ်ဖန် ယေရှုက “သင်တို့၌ ငြိမ်သက်ခြင်း ရှိပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည့်နည်းတူ ငါသည်လည်း သင်တို့ကို စေလွှတ်သည်” ဟုမိန့်တော်မူ၏။ ၂၂  ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်သို့ မှုတ်လျက် “ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကို ခံယူကြလော့။ ၂၃  မည်သူ့အပြစ်ကိုမဆို သင်တို့ခွင့်လွှတ်လျှင် အပြစ်လွတ်လိမ့်မည်။ မည်သူ့အပြစ်ကိုမဆို သင်တို့တည်နေစေလျှင် အပြစ်တည်နေလိမ့်မည်” ဟုမိန့်တော်မူ၏။ ၂၄  ယေရှုသည် ကြွလာတော်မူသောအခါ တစ်ဆယ့်နှစ်ပါးအဝင် အမြွှာဟုခေါ်သည့် သောမသည် ထိုသူတို့နှင့်အတူ မရှိ။ ၂၅  ထို့ကြောင့် အခြားတပည့်တော်တို့က “ကျွန်ုပ်တို့သည် သခင်ကို မြင်ရကြပြီ” ဟု သောမအား ပြောလျှင် သောမက “လက်တော်၌ သံရိုက်ရာကိုမမြင်၊ သံရိုက်ရာကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့်မစမ်းရလျှင် ကျွန်ုပ် အလျှင်းမယုံပါ” ဟုဆို၏။ ၂၆  ရှစ်ရက်လွန်သော် တပည့်တော်တို့သည် အိမ်ထဲ၌ ရှိနေကြပြန်ရာ သောမလည်း အတူရှိနေ၏။ တံခါးများပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ ရပ်တော်မူလျက် “သင်တို့၌ ငြိမ်သက်ခြင်း ရှိပါစေ” ဟုမိန့်တော်မူ၏။ ၂၇  ထိုအခါ သောမအား “သင်၏လက်ညှိုးဖြင့် ဤနေရာကို တို့ကြည့်လော့။ ငါ့လက်များကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းလော့။ ယုံမှားသံသယ မဖြစ်နှင့်တော့၊ ယုံလော့” ဟုမိန့်တော်မူ၏။ ၂၈  သောမကလည်း “ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ဘုရားသခင်ပါတကား” ဟုဆိုလေ၏။ ၂၉  ယေရှုကလည်း “သင်သည် ငါ့ကိုမြင်သောကြောင့် ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သူတို့သည် ပျော်ရွှင်ကြ၏” ဟုမိန့်တော်မူ၏။ ၃၀  ဤကျမ်းလိပ်၌ မရေးထားသော အခြားနိမိတ်လက္ခဏာအများကိုလည်း ယေရှုသည် တပည့်တော်တို့ရှေ့မှောက်တွင် ပြတော်မူ၏။ ၃၁  ယေရှုသည် ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်စေရန်၊ ထိုသို့ယုံကြည်၍ ကိုယ်တော်၏နာမအားဖြင့် အသက်ရနိုင်ကြစေရန် ဤအရာများကို ရေးထားလျက်ရှိသတည်း။

အောက်ခြေမှတ်ချက်များ