ယောဟန် ၁၁:၁-၅၇

၁၁  ဗေသနိရွာသား လာဇရုဆိုသူသည် ဖျားနာလျက်နေ၏။ ဗေသနိရွာတွင် မာရိနှင့် မာသတို့ညီအစ်မ နေထိုင်ကြ၏။ ၂  ဤမာရိသည် သခင်၏ခြေတော်ကို ဆီမွှေးလိမ်း၍ မိမိဆံပင်ဖြင့် သုတ်ပေးသူဖြစ်၏။ ဖျားနာနေသူ လာဇရုသည် သူ၏မောင်ဖြစ်၏။ ၃  ထိုညီအစ်မတို့သည် အထံတော်သို့ လူလွှတ်၍ “သခင်၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် ဖျားနာနေပါသည်” ဟု လျှောက်ကြ၏။ ၄  သို့သော် ယေရှုသည် ထိုစကားကိုကြားလျှင် “ဤရောဂါသည် သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန်ဖြစ်၏။ ဤရောဂါအားဖြင့် ဘုရားသခင်၏သားတော် ဘုန်းထင်ရှားလိမ့်မည်” ဟု မိန့်တော်မူ၏။ ၅  ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။ ၆  သို့သော် လာဇရု ဖျားနာကြောင်းကြားလျှင် မိမိရောက်ရှိရာအရပ်၌ နှစ်ရက်ဆက်၍ နေတော်မူ၏။ ၇  ထို့နောက် တပည့်တော်တို့အား “ယုဒပြည်သို့ တစ်ဖန်သွားကြစို့” ဟုမိန့်တော်မူလျှင်၊ ၈  တပည့်တော်တို့က “ရဗ္ဗိ၊ ယုဒပြည်သားတို့သည် မကြာမီကပင် ကိုယ်တော်ကို ခဲနှင့်ပေါက်ရန် ကြံစည်နေပါလျက် ထိုအရပ်သို့ တစ်ဖန်ကြွဦးမည်လော” ဟုမေးလျှောက်သော်၊ ၉  ယေရှုက “နေ့အချိန် တစ်ဆယ့်နှစ်နာရီရှိသည် မဟုတ်လော။ မည်သူမဆို နေ့အချိန်၌ သွားလာလျှင် ဤလောကအလင်းကို မြင်ရသောကြောင့် တိုက်မိခိုက်မိခြင်းမရှိ။ ၁၀  မည်သူမဆို ညအချိန်၌ သွားလာလျှင် သူ၌အလင်း မရှိသောကြောင့် တိုက်မိခိုက်မိတတ်၏” ဟုမိန့်ဆိုတော်မူ၏။ ၁၁  ထိုသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်က “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်ပြီ။ သို့သော်လည်း သူ့ကိုနှိုးရန် ငါသွားမည်” ဟုမိန့်တော်မူ၏။ ၁၂  ထိုအခါ တပည့်တော်တို့က “သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာလာလိမ့်မည်” ဟုလျှောက်ကြ၏။ ၁၃  ယေရှုသည် လာဇရုသေဆုံးကြောင်းကို ဆိုလိုသော်လည်း ပကတိအိပ်ပျော်ခြင်းအကြောင်း မိန့်တော်မူသည်ဟု တပည့်တော်တို့ ထင်မှတ်ကြ၏။ ၁၄  ထို့ကြောင့် ယေရှုက “လာဇရု သေပြီ။ ၁၅  ထိုအရပ်၌ ငါမရှိသည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ ယခု သင်တို့သည် ပို၍ယုံကြည်ကြမည်။ သို့ဖြစ်၍ သူ့ဆီသို့ သွားကြစို့” ဟုပွင့်လင်းစွာ မိန့်တော်မူ၏။ ၁၆  ထိုအခါ အမြွှာဟုခေါ်သည့် သောမက “ကျွန်ုပ်တို့လည်း ကိုယ်တော်နှင့်အတူ အသေခံရန် သွားကြစို့” ဟုတပည့်တော်ချင်းတို့အား ပြောဆို၏။ ၁၇  ယေရှုရောက်လာသောအခါ လာဇရုသည် သင်္ချိုင်းဂူ၌ လေးရက်ရှိပြီဖြစ်ကြောင်း တွေ့တော်မူ၏။ ၁၈  ဗေသနိရွာသည် ဂျေရုဆလင်မြို့နှင့် နှစ်မိုင်*ခန့် ဝေး၏။ ၁၉  ဂျူးအများတို့သည် မာသနှင့် မာရိတို့၏မောင် သေဆုံးသောကြောင့် သူတို့ကိုနှစ်သိမ့်ရန် ရောက်နေကြ၏။ ၂၀  ယေရှုကြွလာတော်မူကြောင်း မာသကြားလျှင် ကိုယ်တော်ကို ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကား အိမ်၌ထိုင်လျက်နေရစ်၏။ ၂၁  မာသကယေရှုအား “သခင်၊ ဤတွင် ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင် သေမည်မဟုတ်ပါ။ ၂၂  ယခုပင်လျှင် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှကို ပေးတော်မူမည်ဟု ကျွန်မ သိပါ၏” ဟုလျှောက်လေ၏။ ၂၃  ယေရှုက “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟုမိန့်တော်မူသော်၊ ၂၄  မာသကလည်း “နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်ရာကာလတွင် သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟုလျှောက်လေ၏။ ၂၅  ထိုအခါ ယေရှုက “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်ကြောင်း တင်ပြသောသူသည် သေလွန်သော်လည်း အသက်ပြန်ရှင်လိမ့်မည်။ ၂၆  အသက်ရှင်လျက် ငါ့ကိုယုံကြည်ကြောင်း တင်ပြသောသူတိုင်းသည်လည်း ဘယ်သောအခါမျှ သေရမည်မဟုတ်။ ဤစကားကို ယုံသလော” ဟုမိန့်တော်မူ၏။ ၂၇  မာသကလည်း “ယုံပါ၏၊ သခင်။ ကိုယ်တော်သည် ဤလောကသို့ ကြွလာရမည့် ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်သည်ကို ကျွန်မယုံပါသည်” ဟုလျှောက်လေ၏။ ၂၈  ထိုသို့လျှောက်ပြီးမှ မာသသည် ထွက်သွား၍ ညီမမာရိကိုခေါ်လျက် “ဆရာရောက်လာပြီ။ သင့်ကို ခေါ်နေသည်” ဟုတိတ်တဆိတ်ဆို၏။ ၂၉  မာရိသည် ထိုစကားကိုကြားလျှင် ချက်ချင်းထ၍ အထံတော်သို့ သွားလေ၏။ ၃၀  ယေရှုသည် ရွာထဲသို့ မဝင်သေးဘဲ မာသ ခရီးဦးကြိုပြုရာ အရပ်၌ပင် ရှိတော်မူ၏။ ၃၁  မာရိကို အိမ်၌ နှစ်သိမ့်ပေးနေကြသော ဂျူးတို့သည် မာရိအမြန်ထ၍ ထွက်သွားသည်ကို မြင်ကြလျှင် သင်္ချိုင်းသို့သွားပြီး ငိုကြွေးမည်ဟု ထင်မှတ်လျက် သူ့နောက်သို့ လိုက်သွားကြ၏။ ၃၂  မာရိသည် ယေရှုရှိရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ ဤတွင် ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင် သေမည်မဟုတ်ပါ” ဟုလျှောက်လေ၏။ ၃၃  ယေရှုသည် မာရိမှစ၍ လိုက်လာသောဂျူးတို့ ငိုကြွေးနေကြသည်ကိုမြင်လျှင် အလွန်စိတ်*ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊ ၃၄  “အလောင်းကို အဘယ်မှာထားကြသနည်း” ဟုမေးတော်မူသော် “သခင်၊ ကြွ၍ကြည့်တော်မူပါ” ဟုလျှောက်ကြ၏။ ၃၅  ထိုအခါ ယေရှုသည် မျက်ရည်ကျတော်မူ၏။ ၃၆  ထို့ကြောင့် ဂျူးတို့က “ကြည့်ပါ၊ လာဇရုကို သူအလွန်ချစ်ခင်ပါသည်တကား” ဟုဆိုကြ၏။ ၃၇  သို့သော် အချို့က “မျက်မမြင်ကို မျက်စိမြင်စေသောသူသည် လာဇရုမသေရအောင် မတတ်နိုင်သလော” ဟုဆိုကြ၏။ ၃၈  တစ်ဖန် ယေရှုသည် အလွန်စိတ်ညှိုးငယ်လျက် သင်္ချိုင်းဂူသို့ ကြွတော်မူ၏။ ထိုဂူဝကို ကျောက်တုံးနှင့် ပိတ်ထား၏။ ၃၉  ယေရှုက “ကျောက်တုံးကို ရွှေ့ကြလော့” ဟုမိန့်တော်မူလျှင် သေလွန်သောသူ၏အစ်မ မာသက “သခင်၊ယခုဆိုလျှင် လေးရက်ရှိပြီဖြစ်၍ နံလောက်ပြီ” ဟုလျှောက်လေ၏။ ၄၀  ယေရှုကလည်း “သင်သည် ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကို မြင်ရလိမ့်မည်ဟူ၍ ငါပြောခဲ့ပြီမဟုတ်လော” ဟုမိန့်တော်မူ၏။ ၄၁  ထိုအခါ ကျောက်တုံးကို ရွှေ့ကြ၏။ယေရှုသည်လည်း အထက်သို့ မျှော်ကြည့်လျက် “အဖ၊ ကျွန်ုပ်၏စကားကို နားညောင်းတော်မူသောကြောင့် ကျေးဇူးကြီးလှပါ၏။ ၄၂  ကိုယ်တော်သည် ကျွန်ုပ်၏စကားကို အမြဲနားညောင်းတော်မူကြောင်း ကျွန်ုပ်သိပါ၏။ သို့ရာတွင် ကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူကြောင်း ကျွန်ုပ်၏ပတ်လည်၌ရှိသော ဤလူအုပ် ယုံကြည်စေရန် တောင်းလျှောက်ရခြင်း ဖြစ်ပါ၏” ဟုလျှောက်ဆို၏။ ၄၃  ထိုသို့မိန့်တော်မူပြီးနောက် “လာဇရု၊ ထွက်လာလော့” ဟုကျယ်သောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ၄၄  ထိုအခါ သေလွန်သူသည် ခြေလက်၌ အဝတ်ပတ်လျက်၊ မျက်နှာ၌ ပဝါစည်းလျက် ထွက်လာ၏။ ယေရှုက “သူ့ကိုအဝတ်ဖြေ၍ လွှတ်ပေးကြလော့” ဟု မိန့်တော်မူ၏။ ၄၅  ထိုအခါ မာရိထံသို့လာသော ဂျူးအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင် ကိုယ်တော်ကို ယုံကြည်ကြ၏။ ၄၆  အချို့မူကား ဖာရိရှဲတို့ထံသွား၍ ယေရှုပြုတော်မူသောအမှုများကို ပြောကြားကြ၏။ ၄၇  ထိုအခါ ယဇ်ပုရောဟိတ်ကြီးတို့နှင့် ဖာရိရှဲတို့သည် ဂျူးတရားရုံးချုပ်*အဖွဲ့ဝင်တို့ကို စုဝေးစေ၍ “ငါတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ထိုသူသည် နိမိတ်လက္ခဏာများစွာကို ပြ၏။ ၄၈  သူ့ကို ဤသို့လွှတ်ထားလျှင် လူအပေါင်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမတို့သည်လည်းလာ၍ ငါတို့၏အရပ်*နှင့် ငါတို့၏လူမျိုးကို သိမ်းပိုက်ကြလိမ့်မည်” ဟုပြောကြ၏။ ၄၉  ထိုသူတို့တွင် ထိုနှစ်၌ ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် အဘယ်အရာကိုမျှ မသိကြ။ ၅၀  တစ်မျိုးလုံး သေကျေပျက်စီးသည်ထက် လူအများအတွက် လူတစ်ဦးသေလျှင် သာ၍အကျိုးရှိသည်ကို သင်တို့မဆင်ခြင်ကြ” ဟုပြောဆို၏။ ၅၁  ထိုစကားကို မိမိသဘောအတိုင်း ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သောကြောင့် ပရောဖက်ပြု၍ဟောသည်မှာ ယေရှုသည် ထိုလူမျိုးအတွက် သေရမည်။ ၅၂  ထိုလူမျိုးအတွက်သာမက အရပ်ရပ်၌ ကွဲလွင့်လျက်ရှိသော ဘုရားသခင်၏သားသမီးတို့ကိုလည်း တပေါင်းတစည်းတည်း ရှိစေမည်ဟူ၍တည်း။ ၅၃  ထို့ကြောင့် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြ၏။ ၅၄  သို့ဖြစ်၍ ယေရှုသည် ဂျူးတို့အလယ်တွင် ထင်ရှားစွာ မသွားလာတော့ဘဲ ထိုအရပ်မှထွက်၍ တောစပ်ရှိ ဧဖရိမ်ဟုခေါ်သောမြို့သို့ ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ၅၅  ထိုအခါ ဂျူးတို့၏ပသခါပွဲ ခံချိန်နီးလေပြီ။ လူအများသည် သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲမခံမီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။ ၅၆  သူတို့သည် ယေရှုကိုရှာလျက် “သင်တို့ မည်သို့ ထင်ကြသနည်း။ သူသည် ပွဲတော်သို့ လာလိမ့်မည်လော” ဟုဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။ ၅၇  အကြောင်းမူကား မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန် အကြောင်းကြားရမည်ဟု ယဇ်ပုရောဟိတ်ကြီးနှင့် ဖာရိရှဲတို့က အမိန့်ထုတ်ထားပြီးဖြစ်၏။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဆယ့်ငါးစတေဒီယာခန့်။” နောက်ဆက်တွဲ ၁၁ ရှု။
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။
မူရင်း၊ “ဆဲန်ဟီဒရင်။”
ဗိမာန်တော်။