ယုဒ ၁:၁-၂၅

၁  ယေရှုခရစ်၏ကျွန်၊ ယာကုပ်၏ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် ချစ်တော်မူသော၊ ယေရှုခရစ်အတွက် စောင့်ထိန်းထားသော ခေါ်ယူတော်မူခြင်းခံရသူတို့ထံ မှာကြားလိုက်ပါသည်။ ၂  သင်တို့တွင် သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း တိုးပွားပါစေ။ ၃  ချစ်ရသော သူတို့၊ ငါတို့မျှဝေခံစားသည့် ကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ စာရေးရန် ငါအမျိုးမျိုးကြိုးစားခဲ့၏။ သို့သော် သန့်ရှင်းသူတို့အား အပြီးအပိုင် အပ်ပေးထားသည့် ယုံကြည်ခြင်းအတွက် ကြိုးစား၍ တိုက်လှန်စေရန် သင်တို့ကို တိုက်တွန်းဖို့လိုကြောင်း ငါသိလိုက်ရ၏။ ၄  အကြောင်းမူကား တရားစီရင်ခံရမည်ဟု ကျမ်းစာတွင် ရှေးမဆွက ကြိုပြောထားသူအချို့ လျှိုဝင်လာကြပြီ။ ဘုရားတရားမဲ့သော ထိုသူတို့သည် ဘုရားသခင့် မဟာကရုဏာတော်ကို အခွင့်ကောင်းယူ၍ အကျင့်ပျက်*နေကြ၏။ ဤသို့ဖြင့် ငါတို့၏ တစ်ပါးတည်းသောသခင် ယေရှုခရစ်ကို သစ္စာမဲ့ကြပြီ။ ၅  သင်တို့ သိနှင့်ပြီးဖြစ်သော်လည်း ငါထပ်၍သတိပေးလို၏။ ယေဟောဝါ*ဘုရားသည် အီဂျစ်ပြည်မှ လူမျိုးတစ်မျိုးကို ကယ်တင်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိသူတို့ကို နောက်ပိုင်းတွင် ဖျက်ဆီးခဲ့၏။ ၆  ထို့အပြင် မိမိတို့၏မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့နေသင့်ရာအရပ်ကို စွန့်ခွာသည့် ကောင်းကင်တမန်များကို တရားစီရင်ရာနေ့ကြီးအတွက် မှောင်မိုက်တွင် ထာဝရချည်နှောင်ထားတော်မူ၏။ ၇  သောဒုံမြို့၊ ဂေါမောရမြို့နှင့် ပတ်ဝန်းကျင်မြို့များသည်လည်း ငါတို့အတွက် သတိပေးနမူနာများ ဖြစ်၏။ ထိုမြို့သားတို့သည် သဘာဝနှင့် ဆန့်ကျင်၍ မတရားမေထုန်ကို လွန်ကျူးစွာပြုပြီး သွေးသားအလိုသို့ လိုက်ခဲ့ကြရာ ထာဝရမီးဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံကြရ၏။ ၈  အလားတူပင် ထိုသို့ လျှိုဝင်လာသူတို့သည်လည်း စိတ်ကူးယဉ်အိပ်မက်အတိုင်း မိမိတို့ခန္ဓာကိုယ်ကို ညစ်ညူးစေတတ်ကြ၏။ အခွင့်အာဏာရှိသူတို့ကို မထီမဲ့မြင်ပြုတတ်ကြ၏။ ဘုန်းကြီးသောသူတို့ကိုလည်း ရင့်သီးစွာပြောဆိုတတ်ကြ၏။ ၉  ကောင်းကင်တမန်မင်း မိက္ခေလမူကား ထိုသို့မဟုတ်။ မောရှေ၏အလောင်းကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ရင့်သီးသောစကားဖြင့် မစီရင်ဝံ့ဘဲ “သင့်ကို ယေဟောဝါဘုရား ဆုံးမပါစေ” ဟုသာဆိုခဲ့၏။ ၁၀  ထိုသူတို့မူ အကြောင်းစုံကို အမှန်မသိဘဲလျက် ရင့်သီးစွာပြောဆိုတတ်ကြ၏။ သူတို့သည် တိရစ္ဆာန်များကဲ့သို့ စဉ်းစားကြသည့်အတွက် မိမိတို့၏ပင်ကိုအသိဉာဏ်ဖြင့် မိမိတို့ကိုယ်ကို ပျက်စီးစေကြ၏။ ၁၁  သူတို့၌ အမင်္ဂလာပင်။ သူတို့သည် ကာဣနလမ်းစဉ်ကို လိုက်ကြ၏။ ဆုလာဘ်အတွက် ဗာလမ်၏ မှားယွင်းသော လမ်းစဉ်နောက်သို့ အပြေးလိုက်ကြ၏။ ကောရ၏ကလန်ကဆန် စကားမျိုးဖြင့် ပျက်စီးသွားခဲ့ကြ၏။ ၁၂  သူတို့သည် မိတ်ဆုံစားပွဲများတွင် သင်တို့နှင့်အတူ စားသောက်စဉ် ရေအောက်ကျောက်ဆောင်များ၊ အရှက်အကြောက်မရှိ ဝစွာစားသော သိုးထိန်းများ၊ ရေမရှိ လေတိုက်ရာ လွင့်မျောသည့် မိုးတိမ်များ၊ အသီးသီးချိန်*တွင် မသီးသဖြင့် နှစ်ကြိမ်သေ၍ နုတ်ပစ်ခံရသည့်အပင်များ၊ ၁၃  မိမိတို့၏ရှက်ဖွယ်ရာများကို အမြှုပ်ထစေသည့် ပင်လယ်လှိုင်းတံပိုးများ၊ လမ်းကြောင်း အတည်တကျမရှိသည့် ကြယ်များဖြစ်ကြ၍ ထာဝရမှောင်မည်းခြင်းတွင် ထိုသူတို့ကို ချုပ်ထားသတည်း။ ၁၄  အာဒံမှ ခုနစ်ဆက်မြောက်သောသူ ဧနောက်ကလည်း ထိုသူတို့အကြောင်း ဤသို့ပရောဖက်ပြုခဲ့၏။ “ယေဟောဝါဘုရားသည် သန့်ရှင်းသောကောင်းကင်တမန် မြောက်မြားစွာနှင့်တကွ ကြွလာ၍၊ ၁၅  လူခပ်သိမ်းတို့ကို တရားစီရင်တော်မူမည်။ ဘုရားတရားမဲ့လမ်းစဉ်တွင် ဘုရားတရားမဲ့သူများ ကျင့်ကြံသမျှ၊ ကိုယ်တော်အား ဆန့်ကျင်ပြောဆိုသည့် ထိတ်လန့်ဖွယ်စကား ရှိသမျှတို့ကြောင့် အပြစ်စီရင်တော်မူ၏။” ၁၆  ထိုသူတို့သည် မိမိတို့၏ဘဝအခြေအနေကို မကျေမနပ် ညည်းညူမြည်တမ်းကြ၍ မိမိတို့အလိုဆန္ဒနောက်သို့ လိုက်ကြ၏။ ဝါကြွားသောစကားများကို ပြောဆိုကာ ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်တတ်ကြ၏။ ၁၇  ချစ်ရသောသူတို့၊ ငါတို့သခင်ယေရှုခရစ်၏တမန်တော်များ အထက်က ပြောဆိုခဲ့ဖူးသောစကားများကို သတိရကြလော့။ ၁၈  တမန်တော်တို့က “နောက်ဆုံးကာလတွင် မိမိတို့ အလိုဆန္ဒရှိသမျှအတိုင်း ဘုရားတရားမဲ့စွာ ပြုမူသည့် ပြက်ရယ်ပြုသူများ ပေါ်လာကြလိမ့်မည်” ဟုပြောလေ့ရှိသည်ကို သတိရကြလော့။ ၁၉  ထိုသူတို့မှာ သင်းခွဲတတ်သူများ၊ တိရစ္ဆာန်ကဲ့သို့ကျင့်သူများ၊ ဘုရားတရားမဲ့သူများ ဖြစ်ကြ၏။ ၂၀  သို့သော် ချစ်ရသောသူတို့၊ သင်တို့၏အသန့်ရှင်းဆုံး ယုံကြည်ခြင်းတရား၌ ကိုယ့်ကိုယ်ကိုယ် ခိုင်ခံ့စေခြင်း၊ သန့်ရှင်းသောစွမ်းအားတော်*နှင့်အညီ ဆုတောင်းခြင်းဖြင့်၊ ၂၁  ထာဝရအသက်ကိုရည်မျှော်၍ ငါတို့သခင် ယေရှုခရစ်၏ကရုဏာကို စောင့်နေစဉ် ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့။ ၂၂  ယုံမှားသံသယဖြစ်သူ အချို့ကိုလည်း ကရုဏာဆက်၍ပြကြလော့။ ၂၃  ထိုသူတို့ကို မီးထဲမှဆွဲနုတ်၍ ကယ်တင်ကြလော့။ ကြောက်ရွံ့သောသဘောဖြင့် သူတစ်ပါးအပေါ် ကရုဏာ ထားမြဲထားကြလော့။ သွေးသားအညစ်အကြေးနှင့် စွန်းထင်းနေသည့် အတွင်းဝတ်လုံကိုမူ ရွံမုန်းကြလော့။ ၂၄  ယခုမူ သင်တို့ကို တိုက်လဲမသွားစေရန် ကာကွယ်နိုင်တော်မူသော၊ ကိုယ်တော်၏ဘုန်းတော်ရှေ့မှောက်တွင် သင်တို့ကို အစွန်းအထင်းကင်းစင်စေရန် အလွန်ဝမ်းမြောက်စွာ တည်စေနိုင်တော်မူသော၊ ၂၅  ငါတို့၏ကယ်တင်ရှင်၊ တစ်ပါးတည်းသော ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်ကျက်သရေတော်၊ တန်ခိုးတော်၊ အာဏာတော်သည် ငါတို့၏သခင် ယေရှုခရစ်အားဖြင့် ရှေးကာလအဆက်ဆက်၊ ယခုကာလနှင့် နောင်ကာလအဆက်ဆက်တိုင်အောင် တည်ပါစေ။ အာမင်။

အောက်ခြေမှတ်ချက်များ

ယု ၁:၄ သို့မဟုတ်၊ “လိင်ပိုင်းတွင်စည်းကမ်းမရှိခြင်း၊ လိင်ပိုင်းကိုယ်ကျင့်သိက္ခာမဲ့ခြင်း၊ အရှက်မရှိခြင်း။”
ယု ၁:၅ ဤဘာသာပြန်ကျမ်းတွင် ‘ယေဟောဝါ’ ဟူသည့် ဘုရားသခင်၏နာမတော် ၂၃၇ ကြိမ်ပါရှိသည့်အနက်မှ တစ်ကြိမ်အပါအဝင်ဖြစ်သည်။ နောက်ဆက်တွဲ ၂ ရှု။
ယု ၁:၁၂ မူရင်း၊ “ဆောင်းဦးရာသီ။”
ယု ၁:၂၀ ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။