ယာကုပ် ၅:၁-၂၀

 ယခုမူကား ချမ်းသာကြွယ်ဝသူတို့ လာကြလော့။ သင်တို့အပေါ် ကျရောက်တော့မည့် ဆင်းရဲဒုက္ခများကြောင့် ငိုကြွေးမြည်တမ်းကြလော့။ ၂  သင်တို့၏စည်းစိမ်ဥစ္စာသည် ပုပ်ဆွေး၍ သင်တို့၏ဝတ်ရုံများကို ပိုးစားလေပြီ။ ၃  သင်တို့၏ရွှေငွေများလည်း သံချေးတက်လေပြီ။ ထိုသံချေးသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်၍ သင်တို့အသားကို စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသော နေ့ရက်များတွင် မီးနှင့်တူသောအရာကို သိုထားကြပြီ။ ၄  သင်တို့၏ လယ်ကွက်များတွင် ရိတ်သိမ်းသူတို့ကို အခမပေးဘဲနေ၏။ ထို့ကြောင့် ထိုအခသည် ဟစ်ကြွေးလျက်ရှိ၏။ ရိတ်သိမ်းသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို ကောင်းကင်ဗိုလ်ခြေတို့၏အရှင် ယေဟောဝါဘုရား ကြားတော်မူ၏။ ၅  သင်တို့သည် မြေကြီးပေါ်တွင် စည်းစိမ်ခံလျက် အပျော်အပါး လိုက်စားနေကြ၏။ သင်တို့၏စိတ် နှလုံးသည် အသတ်ခံရသောနေ့အတွက် ဆူဖြိုးနေသော တိရစ္ဆာန်ကဲ့သို့ ဖြစ်လေပြီ။ ၆  သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်နေသည်မဟုတ်လော။ ၇  ထို့ကြောင့် ညီအစ်ကိုတို့၊ သခင်ရောက်ရှိတော်မူချိန်တိုင် စိတ်ရှည်ကြလော့။ လယ်သမားသည် မြေကြီးမှ အဖိုးတန်သီးနှံများ ထွက်လာရန် မိုးဦးနှင့် မိုးနှောင်းကျသည့်တိုင် စိတ်ရှည်စွာ စောင့်မျှော်နေ၏။ ၈  သင်တို့သည်လည်း စိတ်ရှည်ကြလော့။ သင်တို့၏စိတ်နှလုံးကို ခိုင်ခံ့စေကြလော့။ အကြောင်းမူကား သခင်ရောက်ရှိတော်မူချိန် နီးလာပြီ။ ၉  ညီအစ်ကိုတို့၊ တရားစီရင်ခြင်းမခံရမည်အကြောင်း အချင်းချင်း မညည်းညူကြနှင့်။ တရားစီရင်ပိုင်သောအရှင်သည် တံခါးရှေ့တွင် ရပ်လျက်ရှိတော်မူ၏။ ၁၀  ညီအစ်ကိုတို့၊ ယေဟောဝါဘုရား၏နာမတော်ဖြင့် ဟောပြောခဲ့ကြသော ပရောဖက်များ၏ ဆင်းရဲဒုက္ခခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို နမူနာယူကြလော့။ ၁၁  ခံနိုင်ရည်ရှိသူတို့ကို ပျော်ရွှင်သူများဟု ငါတို့ ခေါ်ဆိုကြပြီ။ ယောဘ၏ခံနိုင်ရည်အကြောင်းကို သင်တို့ကြားကြပြီ။ ယေဟောဝါဘုရား ပေးသနားတော်မူသောရလဒ်ကို သင်တို့သိမြင်ကြပြီ။ သို့ဖြင့် ယေဟောဝါဘုရားသည် အလွန်ချစ်ခင်စုံမက်၍ သနားကြင်နာမှုရှိတော်မူကြောင်းကိုလည်း သင်တို့သိမြင်ကြပြီ။ ၁၂  ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် ကျိန်ဆိုခြင်းကို မပြုကြနှင့်တော့။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားအရာတစ်ခုခုကိုဖြစ်စေ တိုင်တည်၍ မကျိန်ဆိုကြနှင့်။ သင်တို့သည် တရားစီရင်ခြင်းမခံရရန် သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ် ဖြစ်စေကြလော့။ ၁၃  သင်တို့တွင် ဆင်းရဲဒုက္ခခံစားနေရသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူသည် အစဉ်မပြတ် ဆုတောင်းပါစေ။ ပျော်ရွှင်နေသူ တစ်စုံတစ်ဦး ရှိသလော။ ထိုသူသည် ဆာလံသီချင်းများကို သီဆိုပါစေ။ ၁၄  သင်တို့တွင် ဖျားနာနေသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူသည် အသင်းတော်ရှိ အသက်ကြီးသူ*များကို ခေါ်ပါစေ။ သူတို့သည် ယေဟောဝါဘုရား၏ နာမတော်ဖြင့် သူ့ကိုဆီလိမ်းပေး၍ ဆုတောင်းပေးကြပါစေ။ ၁၅  သို့ပြုလျှင် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါဘုရားသည် သူ့ကို ထစေတော်မူလိမ့်မည်။ ထို့ပြင် သူသည် အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရလိမ့်မည်။ ၁၆  ထို့ကြောင့် အချင်းချင်း မိမိအပြစ်ကို ဖော်ပြဝန်ခံကြလော့။ အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ သို့မှသာ သင်တို့သည် ကျန်းမာလာကြလိမ့်မည်။ ဖြောင့်မတ်သောသူ၏ တိုးလျှိုးအသနားခံချက်သည် အလွန်တန်ခိုးပါ၍ အကျိုးသက်ရောက်မှုရှိ၏။ ၁၇  ဧလိယသည် ငါတို့ကဲ့သို့ပင် ခံစားချက်ရှိသောသူဖြစ်၏။ သို့သော် သူသည် မိုးမရွာစေရန် စိတ်ထက်သန်စွာ ဆုတောင်းသောအခါ မြေပေါ်တွင် သုံးနှစ်ခွဲပတ်လုံး မိုးမရွာဘဲနေ၏။ ၁၈  တစ်ဖန် ဆုတောင်းသောအခါ ကောင်းကင်သည် မိုးရွာစေ၍ မြေကြီးသည်လည်း သီးနှံများ သီးစေ၏။ ၁၉  ငါ့ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံ တစ်ဦးသည် အမှန်တရားမှ လမ်းလွဲသွား၍ အခြားသူသည် သူ့ကို ပြန်လှည့်လာစေလျှင်၊ ၂၀  အပြစ်ပြုသူကို မှားယွင်းသောလမ်းစဉ်မှ ပြန်လှည့်လာစေသူသည် ထိုသူ*ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်ကို ဖုံးအုပ်လိမ့်မည်ဖြစ်ကြောင်း သိမှတ်ကြလော့။

အောက်ခြေမှတ်ချက်များ

ယာ ၅:၁၄ သို့မဟုတ်၊ “အကြီးအကဲ။”
ယာ ၅:၂၀ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။