မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဿဲ ၉:၁-၃၈

 ထိုအခါ ကိုယ်တော်သည် လှေစီး၍ မိမိနေရင်းမြို့သို့ ပြန်ကြွသွားတော်မူ၏။ ၂  ထို့နောက် အိပ်ရာပေါ် လှဲနေသော လက်ခြေသေနေသူတစ်ဦးကို ကိုယ်တော်ထံ ဆောင်ခဲ့ကြ၏။ သူတို့၏ယုံကြည်ခြင်းကို ယေရှုမြင်လျှင် လက်ခြေသေနေသူအား “ငါ့သား၊ အားယူလော့။ သင်၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီ” ဟုမိန့်တော်မူ၏။ ၃  ထိုအခါ ကျမ်းတတ်အချို့က “ဤသူသည် ဘုရားကိုပြစ်မှား၍ ပြောပြီ” ဟုတွေးနေကြ၏။ ၄  သူတို့၏ အတွေးကိုသိသဖြင့် ယေရှုက “အဘယ်ကြောင့် မိုက်မဲသောအရာကို သင်တို့၏ စိတ်နှလုံးထဲ၌ တွေးတောနေကြသနည်း။ ၅  ဥပမာပြောရလျှင် မည်သည့်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏ အပြစ်များကို ခွင့်လွှတ်လိုက်ပြီဟု ပြောလွယ်သလော။ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ ၆  လူသားသည် မြေကြီးပေါ်တွင် အပြစ်လွှတ်ပိုင်ခွင့်ရှိကြောင်းကို သင်တို့သိစေရန် ထလော့။ သင့်အိပ်ရာကို ယူ၍ အိမ်သို့ သွားလော့” ဟုလက်ခြေသေနေသူအား မိန့်တော်မူ၏။ ၇  ထိုသူသည် ထ၍ မိမိအိမ်သို့ သွားလေ၏။ ၈  ထိုအမှုကို မြင်ကြလျှင် လူအုပ်သည် ကြောက်လန့်၍ လူတို့အား ဤအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။ ၉  ထိုအရပ်မှ ထွက်ကြွတော်မူလျှင် မဿဲအမည်ရှိသော လူတစ်ဦးသည် အခွန်ရုံးတွင် ထိုင်နေသည်ကို ယေရှုမြင်တော်မူ၍ “ငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ၁၀  ထို့နောက် အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ် အခွန်ခံများနှင့် အပြစ်သားအများတို့သည် လာ၍ ယေရှုမှစ၍ တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ၁၁  ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့ကို “သင်တို့၏ ဆရာသည် အဘယ်ကြောင့် အခွန်ခံများ၊ အပြစ်သားများနှင့် စားသောက်သနည်း” ဟုဆိုကြ၏။ ၁၂  သူတို့၏ စကားကိုကြားလျှင် ကိုယ်တော်က “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။ ၁၃  ‘ငါသည် သနားကြင်နာခြင်းကို အလိုရှိ၏။ ပူဇော်သကာကို အလိုမရှိ’ ဟူသော ကျမ်းစကားအနက်ကို သွား၍ လေ့လာကြလော့။ ဖြောင့်မတ်သူတို့ကို ခေါ်ရန် ငါလာသည် မဟုတ်။ အပြစ်သားများကို ခေါ်ရန် ငါလာ၏” ဟုမိန့်တော်မူ၏။ ၁၄  ထိုအခါ ယောဟန်၏တပည့်များသည် ကိုယ်တော်ထံ ချဉ်းကပ်၍ “ကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်လေ့ရှိကြ၏။ ကိုယ်တော်၏ တပည့်များမူကား အဘယ်ကြောင့် အစာမရှောင်ကြသနည်း” ဟုမေးကြသော်၊ ၁၅  ယေရှုက “သတို့သား၏ မိတ်ဆွေတို့သည် သတို့သားနှင့် အတူရှိနေစဉ် မြည်တမ်း တတ်ကြသလော။ သတို့သားကို သူ၏မိတ်ဆွေတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက် ရောက်လိမ့်မည်။ ထိုအခါ သူတို့ အစာရှောင်ကြလိမ့်မည်။ ၁၆  မည်သူမျှ အဝတ်ဟောင်းကို ပိတ်စသစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ရုန်းသဖြင့် ပို၍စုတ်ပြဲသွားလိမ့်မည်။ ၁၇  လူတို့သည် သားရေဘူးအဟောင်း ထဲတွင် စပျစ်ဝိုင်အသစ်ကို ထည့်လေ့မရှိကြ။ ထိုသို့ထည့်လျှင် သားရေဘူး စုတ်ကွဲသဖြင့် စပျစ်ဝိုင်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်ထဲသို့သာ ထည့်လေ့ရှိကြ၏။ သို့မှ နှစ်မျိုးစလုံး မပျက်စီးဘဲနေမည်” ဟုပြန်၍ မိန့်တော်မူ၏။ ၁၈  ထိုသို့ မိန့်တော်မူစဉ် တရားဇရပ်မှူးသည် ချဉ်းကပ်၍ ဦးညွှတ်လျက် “ယခုဆိုလျှင် ကျွန်ုပ်၏သမီး သေလောက်ပြီ။ သို့သော် ကိုယ်တော်ကြွ၍ လက်ကို တင်တော်မူလျှင် အသက်ပြန်ရှင်ပါလိမ့်မည်” ဟုဆို၏။ ၁၉  သို့ဖြစ်၍ ယေရှုသည် ထ၍ထိုသူနောက်သို့ လိုက်သွားတော်မူရာ တပည့်တော်တို့လည်း လိုက်သွားကြ၏။ ၂၀  ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသူ အမျိုးသမီးတစ်ဦးသည် နောက်တော်သို့ ချဉ်းကပ်၍ ဝတ်လုံတော်၏အမြိတ်ကို တို့ထိလေ၏။ ၂၁  အကြောင်းမူကား “ငါသည် ဝတ်လုံကို ထိရုံမျှနှင့် ကျန်းမာလိမ့်မည်” ဟုတစ်ကိုယ်တည်း ပြောလျက်နေ၏။ ၂၂  ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို သတိပြုမိလျှင် “ငါ့သမီး၊ အားယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ” ဟုမိန့်တော်မူ၏။ ထိုအချိန်နာရီမှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလေ၏။ ၂၃  တရားဇရပ်မှူး ၏အိမ်ထဲသို့ ဝင်တော်မူသောအခါ ပလွေမှုတ်သူများနှင့် လူအုပ်သည် ဆူညံနေကြသည်ကို မြင်တော်မူလျှင်၊ ၂၄  ယေရှုက “ဖယ်ကြ။ သူငယ်မ သေသည်မဟုတ်။ အိပ်ပျော်နေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။ ထိုအခါ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ၂၅  လူအုပ်ကို အပြင်သို့ ထွက်စေပြီးသည်နှင့် အတွင်းသို့ဝင်၍ သူငယ်မ၏လက်ကို ကိုင်တော်မူသဖြင့် သူသည် ထလေ၏။ ၂၆  ထိုသတင်းသည် ထိုအရပ်ဒေသတစ်ခွင် ပျံ့နှံ့သွား၏။ ၂၇  ထိုအရပ်မှ ယေရှုထွက်ကြွသွားစဉ် မျက်မမြင်နှစ်ဦးသည် နောက်တော်သို့ လိုက်၍ “ဒါဝိဒ်၏သားတော်၊ ကျွန်ုပ်တို့ကို သနားတော်မူပါ” ဟုအော်ဟစ်ကြ၏။ ၂၈  အိမ်ထဲသို့ ဝင်တော်မူလျှင် မျက်မမြင်တို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေရှုက “ဤအမှုကို ငါတတ်နိုင်သည်ဟု သင်တို့ယုံသလော” ဟူ၍ မေးတော်မူလျှင် ထိုသူတို့က “ယုံပါ၏၊ သခင်” ဟုပြန်လျှောက်ကြ၏။ ၂၉  ထို့နောက် သူတို့၏မျက်စိကို တို့တော်မူပြီး “သင်တို့ ယုံကြည်သည့်အတိုင်း ဖြစ်ပါစေ” ဟုမိန့်တော်မူ၏။ ၃၀  ထိုအခါ သူတို့၏မျက်စိ ပွင့်လင်းလေ၏။ ယေရှုကလည်း “ဤအမှုကို မည်သူမျှ မသိစေနှင့်” ဟုကြပ်တည်းစွာ မှာကြားတော်မူ၏။ ၃၁  သို့သော်လည်း သူတို့သည် အပြင်သို့ထွက်သည်နှင့် သတင်းတော်ကို ထိုဒေသတစ်ခုလုံး ပျံ့နှံ့စေကြ၏။ ၃၂  ထိုသူတို့ ထွက်သွားသောအခါ လူတို့သည် နတ်ဆိုးစွဲသူ လူအတစ်ဦးကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ၃၃  နတ်ဆိုးကို နှင်ထုတ်ပြီးသော် ထိုလူအသည် စကားပြောလေ၏။ လူအုပ်သည် အံ့သြသဖြင့် “အစ္စရေးပြည်တွင် ဤအဖြစ်မျိုးကို မမြင်စဖူး” ဟုဆိုကြ၏။ ၃၄  ဖာရိရှဲတို့ကလည်း “သူသည် နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟုပြောဆိုကြ၏။ ၃၅  ထို့နောက် ယေရှုသည် မြို့ရွာရှိသမျှတို့ကို လှည့်လည်ပြီး တရားဇရပ်များတွင် သွန်သင်လျက်၊နိုင်ငံတော်သတင်းကောင်းကို ဟောပြောလျက်၊ ရောဂါဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေတော်မူ၏။ ၃၆  လူအုပ်ကို မြင်သော် သနားတော်မူ၏။ အကြောင်းမူကား သူတို့သည် အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံရသည့် ထိန်းသူမဲ့သိုးများကဲ့သို့ ဖြစ်ကြ၍တည်း။ ၃၇  ထိုအခါ တပည့်တော်တို့အား “စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ၃၈  ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြလော့”ဟုမိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ