မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဿဲ ၃:၁-၁၇

 ထိုကာလ၌ နှစ်ခြင်းဆရာယောဟန်သည် ယုဒတော၌၊ ၂  “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” ဟုဟောပြောလေ၏။ ၃  ထိုအမှုအရာကား “တော၌ ကြွေးကြော်သူ၏အသံမှာ ‘ယေဟောဝါဘုရား ကြွလာတော်မူရာလမ်းကို ပြင်ဆင်ကြလော့။ လမ်းခရီးတို့ကို ဖြောင့်စေကြလော့’” ဟူ၍ ပရောဖက်ဟေရှာယ ဟောခဲ့ဖူးသောစကားသည် ယောဟန်ကို ဆိုလိုပေ၏။ ၄  ထိုယောဟန်သည် ကုလားအုတ်မွေးအဝတ်ကို ဝတ်လျက် သားရေခါးပန်းကို စည်းထား၏။ သူ၏အစာမှာ ကျိုင်းကောင်နှင့် တောပျားရည်ဖြစ်၏။ ၅  ထိုအခါ ဂျေရုဆလင်မြို့နှင့် ယုဒနယ်တစ်ဝန်း၊ ဂျော်ဒန်မြစ်တစ်လျှောက်ရှိ လူအပေါင်းတို့သည် သူ့ထံသို့လာကြ၏။ ၆  ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဖော်ပြဝန်ခံ၍ ဂျော်ဒန်မြစ်၌ နှစ်ခြင်းခံကြ၏။ ၇  နှစ်ခြင်းပေးသည့်နေရာသို့ ဖာရိရှဲ*နှင့် ဇဒ္ဒုကဲ* အများတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လာတော့မည့် အမျက်တော်မှ ရှောင်ပြေးရန် သင်တို့ကို မည်သူ သတိပေးသနည်း။ ၈  ထို့ကြောင့် နောင်တနှင့် ထိုက်တန်သောအကျင့်များ*ကို ကျင့်ကြလော့။ ၉  ‘အာဗြဟံသည် ငါတို့အဖဖြစ်သည်’ ဟုမထင်ကြနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ဤကျောက်ခဲများမှ အာဗြဟံ၏သားသမီးများကို ပေါ်ထွက်စေနိုင်သည်ဟု ငါဆို၏။ ၁၀  သစ်ပင်အမြစ်နားမှာ ပုဆိန်ကို ထားလျက်ရှိပြီဖြစ်၍ အသီးကောင်း မသီးသောအပင်တိုင်းကို ခုတ်လှဲ၍မီးထဲသို့ ပစ်ချရ၏။ ၁၁  ငါမူကား သင်တို့၏နောင်တကြောင့် သင်တို့ကို ရေဖြင့် နှစ်ခြင်းပေး၏။ ငါ့နောက်မှ ကြွလာသောသူမူကား ငါ့ထက် တတ်စွမ်းတော်မူ၏။ ငါသည် သူ၏ဖိနပ်ကိုပင် မချွတ်ထိုက်။ ထိုသူသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း သင်တို့ကို နှစ်ခြင်းပေးလိမ့်မည်။ ၁၂  ထိုသူသည် လှေ့စရာဆန်ကောကို ကိုင်လျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလိမ့်မည်။ ဂျုံစပါးတို့ကို ကျီထဲ စုသိမ်း၍ အဖျင်းတို့ကို မငြိမ်းနိုင်သောမီးဖြင့် ရှို့လိမ့်မည်” ဟုဆို၏။ ၁၃  ထိုအခါ ယေရှုသည် ယောဟန်ထံတွင် နှစ်ခြင်းခံရန် ဂါလိလဲပြည်မှဂျော်ဒန်မြစ်သို့ ကြွလာတော်မူ၏။ ၁၄  သို့သော် ယောဟန်က “ကျွန်ုပ်သည် ကိုယ်တော်ထံတွင် နှစ်ခြင်းခံရမည့်သူဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ကျွန်ုပ်ထံ ကြွလာရသနည်း”ဟုဆို၍ ကိုယ်တော်ကို တားဆီးလေ၏။ ၁၅  ယေရှုကလည်း “ဖြောင့်မတ်ခြင်းတရား အလုံးစုံကို ကျင့်သင့်သည်ဖြစ်၍ ယခု အခွင့်ပေးပါ” ဟုဆိုလေ၏။ ထိုအခါ ယောဟန်သည် မတားဆီးတော့ချေ။ ၁၆  ယေရှုသည် နှစ်ခြင်းခံပြီး ရေထဲမှပေါ်ထသည်နှင့် ကောင်းကင်ပွင့်လျက် ဘုရားသခင်၏စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ် ဆင်းသက်သည်ကိုမြင်လေ၏။ ၁၇  ထို့ပြင် “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟုကောင်းကင်မှ အသံတော်ကိုလည်း ကြားရ၏။

အောက်ခြေမှတ်ချက်များ

အေဒီပထမရာစုရှိ ထင်ရှားသော ဂျူးဘာသာရေးအဖွဲ့။
ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ ကောင်းကင်တမန်များရှိသည်ကိုလည်းကောင်း မယုံကြည်သည့်ထင်ရှားသော ဂျူးဘာသာရေးအဖွဲ့။
မ ၃:၈ မူရင်း၊“နောင်တနှင့်ထိုက်တန်သော အသီးများကို သီးကြလော့။”