မဿဲ ၂၅:၁-၄၆

၂၅  “ထို့ပြင်၊ ကောင်းကင်နိုင်ငံတော်သည် သတို့သားကိုကြိုဆိုရန် မီးခွက်ကိုယ်စီဖြင့် ထွက်သွားသော အပျိုကညာဆယ်ဦးနှင့်တူ၏။ ၂  ငါးဦးသည် မိုက်၍ ငါးဦးမှာမူ သတိပညာရှိကြ၏။ ၃  မိုက်သောအပျိုကညာများသည် မီးခွက်များကို ယူသွားကြသော်လည်း ဆီအပို မပါကြ။ ၄  သတိပညာရှိသူတို့မူကား မီးခွက်နှင့်တကွ ဘူးတွင် ဆီထည့်၍ ယူသွားကြ၏။ ၅  သတို့သား ကြန့်ကြာနေခိုက်တွင် သူတို့ရှိသမျှသည် ငိုက်၍ အိပ်ပျော်သွားကြ၏။ ၆  သန်းခေါင်ယံ၌ ‘သတို့သား လာနေပြီ၊ သွားကြိုကြ’ ဟူသော ကြွေးကြော်သံ ထွက်ပေါ်လာ၏။ ၇  ထိုအခါ ထိုအပျိုကညာအပေါင်းတို့သည် ထ၍ မီးခွက်များကို ပြင်ဆင်ကြ၏။ ၈  မိုက်သောသူတို့က ‘ငါတို့၏မီးခွက် ငြိမ်းတော့မည်၊ သင်တို့၏ဆီ အနည်းငယ်ပေးပါ’ ဟုသတိပညာရှိသူတို့အား ဆိုကြ၏။ ၉  သတိပညာရှိသူတို့က ‘ငါတို့အဖို့နှင့် သင်တို့အဖို့ ဆီလောက်မည်မဟုတ်။ သို့ဖြစ်၍ ဆီရောင်းသောသူတို့ထံ သင်တို့သွား၍ ဝယ်ကြ’ ဟုပြန်ပြောကြ၏။ ၁၀  သူတို့ ဆီသွားဝယ်ခိုက်တွင် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသော အပျိုကညာတို့သည် သတို့သားနှင့် အတူမင်္ဂလာပွဲသို့ဝင်ကြပြီးလျှင် တံခါးပိတ်လေ၏။ ၁၁  ကျန်သော အပျိုကညာတို့သည် လာ၍ ‘သခင်၊ သခင်၊ ကျွန်မတို့ကို တံခါးဖွင့်ပေးပါ’ ဟုဆိုကြသော်၊ ၁၂  သတို့သားက ‘ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိ’ ဟုပြန်ပြောလေ၏။ ၁၃  “သို့ဖြစ်၍ နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ ၁၄  “ကောင်းကင်နိုင်ငံတော်သည် အခြားသောပြည်သို့ သွားမည့်ဆဲဆဲတွင် မိမိကျွန်တို့ကို ဆင့်ခေါ်၍ ဥစ္စာများကို အပ်ပေးသောသူနှင့်တူ၏။ ၁၅  ကျွန်တစ်ဦးစီ၏ အစွမ်းအစကိုထောက်၍ တစ်ဦးကိုငါးတဲလင့်၊* တစ်ဦးကို နှစ်တဲလင့်၊ တစ်ဦးကို တစ်တဲလင့်ပေးပြီး အခြားသောပြည်သို့ သွားလေ၏။ ၁၆  ငါးတဲလင့်ရသောသူသည် ချက်ချင်းသွား၍ ကုန်သွယ်သဖြင့် ငါးတဲလင့်အမြတ်ရ၏။ ၁၇  နှစ်တဲလင့်ရသောသူသည်လည်း နှစ်တဲလင့်အမြတ်ရလေ၏။ ၁၈  တစ်တဲလင့်သာ ရသောသူမူကား တွင်းတူး၍ သခင်၏ငွေကို မြှုပ်ထားလေ၏။ ၁၉  “ကာလအတန်ကြာပြီးနောက် ထိုကျွန်တို့၏သခင်သည် လာ၍ သူတို့နှင့် စာရင်းရှင်းလေ၏။ ၂၀  ထို့ကြောင့် ငါးတဲလင့်ရသောသူသည် အမြတ်ငါးတဲလင့်ကိုပါယူခဲ့၍ ‘သခင်၊ ကြည့်ပါ။ သခင်အပ်ထားသော ငါးတဲလင့်ဖြင့် ငါးတဲလင့် အမြတ်ရပါပြီ’ ဟုလျှောက်လေ၏။ ၂၁  သူ၏သခင်က ‘ကောင်းလေစွ၊ သစ္စာရှိသော ကျွန်ကောင်း။ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိသောကြောင့် များစွာသောအရာတို့အပေါ် သင့်ကို ငါခန့်ထားမည်။ သင်၏သခင်နှင့်အတူ ဝမ်းမြောက်လော့’ ဟုဆို၏။ ၂၂  ထို့နောက် နှစ်တဲလင့်ရသောသူသည် လာ၍ ‘သခင်၊ ကြည့်ပါ။ သခင်အပ်ထားသော နှစ်တဲလင့်ဖြင့် နှစ်တဲလင့် အမြတ်ရပါပြီ’ ဟုလျှောက်လေ၏။ ၂၃  သခင်က ‘ကောင်းလေစွ၊ သစ္စာရှိသော ကျွန်ကောင်း။ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိသောကြောင့် များစွာသောအရာတို့အပေါ် သင့်ကိုငါခန့်ထားမည်။ သင်၏သခင်နှင့်အတူ ဝမ်းမြောက်လော့’ ဟုဆို၏။ ၂၄  “နောက်ဆုံးတွင် တစ်တဲလင့်ရသောကျွန်သည် ချဉ်းကပ်၍ ‘သခင်သည် တိကျတင်းကျပ်သောသူဖြစ်၍ ကိုယ်တိုင် မစိုက်မကြဲသောနေရာတွင် ရိတ်သိမ်းတတ်ပြီး ကိုယ်တိုင် မလှေ့သည့်နေရာတွင် စုသိမ်းတတ်သူဖြစ်ကြောင်း ကျွန်ုပ်သိသဖြင့်၊ ၂၅  ကြောက်သောကြောင့် သခင်၏ငွေကို သွား၍ မြေ၌ မြှုပ်ထားပါသည်။ သခင်၏ငွေ ဤတွင်ရှိပါသည်’ ဟုလျှောက်လေ၏။ ၂၆  သခင်ပြန်ပြောသည်မှာ၊ ‘ဆိုးညစ်ပျင်းရိသောကျွန်၊ ငါသည် ကိုယ်တိုင် မစိုက်မကြဲသောနေရာတွင် ရိတ်သိမ်း၍ ကိုယ်တိုင်မလှေ့သောနေရာတွင် စုသိမ်းတတ်ကြောင်းကို သင်သိလျှင်၊ ၂၇  ငါ့ငွေကို ဘဏ်တိုက်တွင် အဘယ်ကြောင့် မအပ်သနည်း။ အပ်လျှင် ငါပြန်လာသောအခါ ငါ့ငွေရင်းနှင့်တကွ အတိုးကိုရဦးမည်။ ၂၈  “‘ထို့ကြောင့် တစ်တဲလင့်ကို သူ့ထံမှယူပြီးလျှင် တစ်ဆယ်တဲလင့်ရှိသောသူကို ပေးကြ။ ၂၉  ရှိထားသူတိုင်းသည် ပို၍ပေးအပ်ခံရရုံမက ကြွယ်ဝလိမ့်မည်။ မရှိသောသူထံမှမူကား ရှိသမျှကိုပင် နုတ်ယူလိမ့်မည်။ ၃၀  အသုံးမကျသောကျွန်ကို ပြင်အရပ်မှောင်မိုက်သို့ နှင်ထုတ်ကြလော့။ ထိုတွင် ငိုကြွေးကာ အံကြိတ်ခံပြင်းနေလိမ့်မည်။’ ၃၁  “လူသားသည် မိမိဘုန်းတော်ကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်၍၊ ၃၂  လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေပြီးလျှင် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။ ၃၃  ကိုယ်တော်သည် သိုးတို့ကို လက်ယာဘက်၊ ဆိတ်တို့ကို လက်ဝဲဘက်တွင် ထားတော်မူမည်။ ၃၄  “ထိုအခါ လက်ယာဘက်၌ ရှိသောသူတို့အား မင်းကြီးက ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံရသောသူတို့၊ ဤလောကတည်ချိန်မှစ၍ သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံကို လာ၍ အမွေခံကြလော့။ ၃၅  အကြောင်းမူကား၊ ငါသည် ဆာမွတ်သောအခါ စားစရာကို သင်တို့ပေးကြ၏။ ငါသည် ရေငတ်သောအခါ သောက်စရာကို သင်တို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့ ဧည့်ဝတ်ပြုကြ၏။ ၃၆  ငါသည် အဝတ်မဲ့သောအခါ သင်တို့ဝတ်ဆင်ပေးကြ၏။ ငါသည် ဖျားနာသောအခါ သင်တို့ပြုစုပေးကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့လာတွေ့ကြ၏’ ဟုမိန့်တော်မူ၏။ ၃၇  ထိုအခါ ဖြောင့်မတ်သူတို့က ‘သခင်၊ ကိုယ်တော်ဆာမွတ်တော်မူသည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့မြင်၍ လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့ မြင်၍ သောက်စရာပေးပါသနည်း။ ၃၈  ကိုယ်တော် ဧည့်သည်ဖြစ်သည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့မြင်၍ ဧည့်ဝတ်ပြုပါသနည်း။ အဝတ်မဲ့တော်မူသည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့မြင်၍ ဝတ်ဆင်ပေးပါသနည်း။ ၃၉  ကိုယ်တော် ဖျားနာသည်၊ ထောင်ကျသည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့မြင်၍ အထံတော်သို့ လာပါသနည်း’ ဟုမေးလျှောက်ကြ၏။ ၄၀  မင်းကြီးက ‘ငါအမှန်ဆိုသည်ကား၊ ငါ၏ညီတို့တွင် အငယ်ဆုံးသောသူတစ်ဦးကို သင်တို့ပြုကြသမျှသည် ငါ့အားပြုရာရောက်၏’ ဟုပြန်၍မိန့်တော်မူ၏။ ၄၁  “ထိုအခါ လက်ဝဲဘက်တွင် ရှိသူတို့အား မင်းကြီးက၊ ‘ကျိန်ခြင်းကိုခံရသောသူတို့၊ ငါ့ထံမှခွာ၍ မာရ်နတ်နှင့် သူ၏တမန်တို့အတွက် ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။ ၄၂  အကြောင်းမူကား ငါသည် ဆာမွတ်သောအခါ စားစရာကို သင်တို့မပေးကြ၊ ရေငတ်သောအခါ သောက်စရာကို သင်တို့မပေးကြ။ ၄၃  ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့ဧည့်ဝတ်မပြုကြ။ ငါသည် အဝတ်မဲ့သောအခါ သင်တို့မဝတ်ဆင်ပေးကြ။ ငါသည် ဖျားနာသောအခါ၊ ထောင်ကျသောအခါ သင်တို့ လာ၍မပြုစုကြ’ ဟု မိန့်တော်မူလိမ့်မည်။ ၄၄  ထိုသူတို့က ‘သခင်၊ ကိုယ်တော်သည် ဆာမွတ်ခြင်း၊ ရေငတ်ခြင်း၊ ဧည့်သည်ဖြစ်ခြင်း၊ အဝတ်မဲ့ခြင်း၊ ဖျားနာခြင်း၊ ထောင်ကျခြင်းတို့ကို အဘယ်အခါ၌ ကျွန်ုပ်တို့မြင်၍ မပြုစုဘဲ နေပါ သနည်း’ ဟုပြန်၍လျှောက်ကြ၏။ ၄၅  ထိုအခါ မင်းကြီးက ‘ငါအမှန်ဆိုသည်ကား၊ ဤသူတို့တွင် အငယ်ဆုံးသောသူတစ်ဦးအား သင်တို့မပြုသမျှသည် ငါ့အားမပြုရာရောက်၏’ ဟု ဆိုလိမ့်မည်။ ၄၆  ထိုသူတို့သည် ထာဝရသေဒဏ်စီရင်ခြင်းခံရ၍ ဖြောင့်မတ်သူတို့မူကား ထာဝရအသက်ကို ရကြလိမ့်မည်။”

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၁၁ ရှု။