မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဿဲ ၂၃:၁-၃၉

၂၃  ထို့နောက် ယေရှုသည် လူအုပ်နှင့် တပည့်တော်တို့အား မိန့်တော်မူသည်မှာ၊ ၂  “ကျမ်းတတ်နှင့် ဖာရိရှဲတို့သည် မောရှေ၏ ပလ္လင်ပေါ်မှာ ထိုင်ကြ၏။ ၃  ထို့ကြောင့် သူတို့ဟောပြောသမျှကို လိုက်နာဆောင်ရွက်ကြလော့။ သို့ရာတွင် သူတို့ကျင့်သည့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား သူတို့သည် ဟောပြောကြသော်လည်း ကိုယ်တိုင်မကျင့်ကြ။ ၄  သူတို့သည် လေးသောဝန်များကို ထုပ်ပိုးပြီး လူတို့၏ ပခုံးပေါ်တင်တတ်ကြ၏။ ကိုယ်တိုင်မူကား လက်ချောင်းနှင့်မျှ မပင့်ပေးလိုကြ။ ၅  သူတို့သည် ပြုလေသမျှကို လူများမြင်သာစေရန် ပြုတတ်ကြ၏။ ကျမ်းစာအဆောင်လက်ဖွဲ့များကို အပြားကြီးစေ၍ မိမိတို့ ဝတ်လုံအမြိတ်များကိုလည်း ရှည်စေတတ်ကြ၏။ ၆  ပွဲသဘင်များတွင် အထင်ပေါ်ဆုံးနေရာ၊ တရားဇရပ်များတွင် ရှေ့ဆုံးနေရာများကို နှစ်သက်ကြ၏။ ၇  ဈေးတွင် ရိုသေစွာနှုတ်ဆက်ခြင်း၊ ရဗ္ဗိ ဟု လူတို့၏ ခေါ်ဝေါ်ခြင်းကို ခံလိုကြ၏။ ၈  သင်တို့မူကား ရဗ္ဗိဟု အခေါ်မခံကြနှင့်။ အကြောင်းမူကား သင်တို့၌ ဆရာတစ်ပါးတည်း ရှိ၍ သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏။ ၉  ထို့ပြင် မြေကြီးပေါ်ရှိ မည်သူ့ကိုမျှ အဖ ဟူ၍ မခေါ်ကြနှင့်။ သင်တို့၌ ကောင်းကင်ဘုံရှင် အဖတစ်ပါးတည်း ရှိတော်မူ၏။ ၁၀  ‘ခေါင်းဆောင်’ ဟူ၍လည်း အခေါ်မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့၏ခေါင်းဆောင် တစ်ပါးတည်းရှိ၏။ ၁၁  သင်တို့၌ အကြီးမြတ်ဆုံးသောသူသည် သင်တို့၏ အစေကို ခံရမည်။ ၁၂  ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။ ၁၃  “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်မည့်သူတို့ကိုလည်း ဝင်ခွင့်မပြုကြ။ ၁၄  — ၁၅  “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဘာသာသွင်းရန် ကုန်းကြောင်း၊ ရေကြောင်း လှည့်လည်၍ ဘာသာဝင်ဖြစ်လာသူကိုလည်း မိမိတို့ထက် နှစ်ဆသောဂေဟင်နာ*သားဖြစ်စေကြ၏။ ၁၆  “အချင်း မျက်ကန်းလမ်းပြတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ ‘မည်သူမဆို ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလျှင် အတည်မဖြစ်။ ဗိမာန်တော်၏ ရွှေကို တိုင်တည်၍ ကျိန်ဆိုလျှင်မူကား အတည်ဖြစ်၏’ ဟုသင်တို့ဆိုကြ၏။ ၁၇  လူမိုက်လူကန်းတို့၊ အဘယ်အရာသည် သာ၍မြတ်သနည်း။ ထိုရွှေလော။ ထိုရွှေကို သန့်ရှင်းစေသော ဗိမာန်တော်လော။ ၁၈  ‘မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင် အတည်မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်မူကား အတည်ဖြစ်၏’ ဟုလည်းဆိုကြသေး၏။ ၁၉  မျက်ကန်းတို့၊ မည်သည့်အရာက သာ၍မြတ်သနည်း။ ထိုယဇ်လော။ ထိုယဇ်ကို သန့်ရှင်းစေသော ယဇ်ပလ္လင်လော။ ၂၀  ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုသူသည် ယဇ်ပလ္လင်မှစ၍ ထိုပလ္လင်ပေါ်၌ ရှိသမျှတို့ကို တိုင်တည်၍ ကျိန်ဆိုရာရောက်၏။ ၂၁  ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုသူသည် ဗိမာန်တော်မှစ၍ ထိုဗိမာန်တော်၌ ကိန်းဝပ်တော်မူသော အရှင်ကို တိုင်တည်၍ ကျိန်ဆိုရာရောက်၏။ ၂၂  ကောင်းကင်ကို တိုင်တည်၍ ကျိန်ဆိုသူသည် ဘုရားသခင့်ပလ္လင်တော်မှစ၍ ပလ္လင်တော်ပေါ်တွင် စံနေတော်မူသောအရှင်ကို တိုင်တည်၍ ကျိန်ဆိုရာရောက်၏။ ၂၃  “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ သင်တို့သည် ပင်စိမ်း၊ စမြိတ်၊ ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသော်လည်း တရားမျှတခြင်း၊ သနားခြင်း၊ သစ္စာရှိခြင်း စသည့် ပညတ်ကျမ်းတွင် သာ၍အရေးပါသော အရာများကိုမူကား လျစ်လျူရှုကြ၏။ အလျင်ဆိုသောအရာများကို ပေးလှူရမည်။သို့သော်နောက်ဆိုသောအရာများကိုလည်း လျစ်လျူမရှုအပ်။ ၂၄  မျက်ကန်းလမ်းပြတို့၊ သင်တို့သည် ခြင်ကိုစစ်ထုတ်သော်လည်း ကုလားအုတ်ကိုမူ မျိုချကြ၏။ ၂၅  “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အိုးခွက်အပြင်ဘက်ကို စင်ကြယ်အောင်ဆေးသော်လည်း အတွင်း၌ကား လုယက်ခြင်း၊ လွန်ကျူးခြင်းတို့နှင့် ပြည့်လျက်ရှိ၏။ ၂၆  မျက်ကန်းဖာရိရှဲ၊ အိုးခွက်အပြင်ဘက်ကို စင်ကြယ်စေရန် အတွင်းကို ဦးစွာဆေးကြောလော့။ ၂၇  “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အပြင်၌ ထုံးဖြူသုတ်၍ လှပတင့်တယ်သော သင်္ချိုင်းဂူနှင့် တူကြ၏။ အတွင်း၌ကား လူသေအရိုး၊ မသန့်ရှင်းသောအရာ အမျိုးမျိုးနှင့် ပြည့်လျက်ရှိကြ၏။ ၂၈  သင်တို့သည် အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိသော်လည်း အတွင်း၌ကား အရေခြုံမှု၊ မတရားမှုတို့နှင့် ပြည့်လျက်ရှိကြ၏။ ၂၉  “အချင်းကြောင်သူတော် ကျမ်းတတ်နှင့် ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် ပရောဖက်တို့၏ သင်္ချိုင်းဂူများကို တည်ဆောက်၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းများကို အလှဆင်ကြ၏။ ၃၀  ‘ဘိုးဘေးများလက်ထက်၌ ကျွန်ုပ်တို့ရှိခဲ့လျှင် ပရောဖက်တို့၏ အသွေးကို သွန်းသည့်အမှုတွင် ကျွန်ုပ်တို့ပါဝင်မည်မဟုတ်’ ဟု သင်တို့ဆိုတတ်ကြ၏။ ၃၁  ထို့ကြောင့် သင်တို့သည် ပရောဖက်များကို သတ်သောသူတို့၏ သားမြေးများဖြစ်ကြောင်း ကိုယ်တိုင်သက်သေခံကြ၏။ ၃၂  သို့ဖြစ်၍ သင်တို့ဘိုးဘေးများ အစပြုခဲ့သောအမှုကို လက်စသတ်ကြလော့။ ၃၃  “အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည် ဂေဟင်နာအပြစ်ဒဏ်စီရင်ခြင်းမှ မည်သို့ လွတ်နိုင်ကြမည်နည်း။ ၃၄  ထို့ကြောင့် ပရောဖက်များ၊ ပညာရှိများ၊ သွန်သင်သူများကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ သင်တို့သည် ထိုသူအချို့တို့ကို သတ်ပစ်၍ သစ်တိုင်မှာ တင်ကြလိမ့်မည်။ အချို့ကို တရားဇရပ်များတွင် ရိုက်နှက်၍ တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။ ၃၅  ထိုအကြောင်းကား၊ ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍ သန့်ရှင်းရာဌာနနှင့် ယဇ်ပလ္လင်အကြား၌ သင်တို့သတ်ကြသော ဗာရခိသား ဇာခရိ၏ အသွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းပြီးသမျှသော ဖြောင့်မတ်သူတို့၏အသွေးသည် သင်တို့အပေါ်သို့ ရောက်မည်အကြောင်းတည်း။ ၃၆  ငါအမှန်ဆိုသည်ကား၊ ထိုအမှုရှိသမျှသည် ဤလူမျိုးဆက်အပေါ်သို့ ကျရောက်လိမ့်မည်။ ၃၇  “အိုဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကို သတ်သည့်မြို့၊ သင့်ထံ စေလွှတ်သောသူတို့ကို ခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် မိမိ၏ သားပေါက်များကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားသမီးများကို စုသိမ်းရန် ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်တို့မူကား အလိုမရှိကြ။ ၃၈  ဤဗိမာန်တော်*သည် စွန့်ပစ်ခံရလေပြီ။ ၃၉  ‘ယေဟောဝါဘုရား၏ နာမတော်ဖြင့် ကြွလာသောသူသည် ကောင်းချီးခံစားရပါစေ’ ဟု သင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့ကိုအလျှင်းမမြင်ရကြဟု ငါဆို၏။”

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၁၀ ရှု။
မူရင်း၊ “သင်တို့၏အိမ်တော်။”