မဿဲ ၂၀:၁-၃၄

၂၀  “ကောင်းကင်နိုင်ငံတော်သည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်၍သွားသော စပျစ်ခြံပိုင်ရှင်နှင့်တူ၏။ ၂  သူသည် လုပ်သားများကို တစ်နေ့လျှင် ဒေနာရိ*တစ်ပြားပေး မည်ဟု သဘောတူညီမှု ရယူပြီးလျှင် သူ၏စပျစ်ခြံသို့ လွှတ်လိုက်လေ၏။ ၃  တစ်ဖန် သုံးနာရီခန့်*၌ ထွက်ပြန်၍ အခြားသောသူတို့သည် အလုပ်မလုပ်ဘဲ ဈေးတွင် ရပ်နေကြသည်ကိုတွေ့သော်၊ ၄  ‘သင်တို့လည်း ငါ့စပျစ်ခြံသို့ သွားကြလော့။ ထိုက်သင့်သော အခကို ငါပေးမည်’ ဟု ဆိုသဖြင့်၊ ၅  ထိုသူတို့သည် သွားကြ၏။ ခြောက်နာရီနှင့် ကိုးနာရီခန့်*တွင်လည်း သူသည် ထွက်ပြန်၍ ရှေးနည်းတူပြုလေ၏။ ၆  တစ်ဆယ့်တစ်နာရီခန့်*၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့ ရပ်နေသည်ကိုတွေ့၍ ‘သင်တို့သည် တစ်နေ့လုံး အလုပ်မလုပ်ဘဲ ဤနေရာတွင် အဘယ်ကြောင့် ရပ်နေကြသနည်း’ ဟုမေးသော်၊ ၇  သူတို့က ‘ကျွန်ုပ်တို့ကို ငှားသောသူမရှိပါ’ ဟုပြန်ပြောကြလျှင်၊ ‘သင်တို့လည်း ငါ့စပျစ်ခြံသို့ သွားကြလော့’ ဟုဆိုလေ၏။ ၈  “ညဦးယံအချိန်ရောက်သော် စပျစ်ခြံပိုင်ရှင်က ‘လုပ်သားများကို ခေါ်လော့။ နောက်ဆုံး ဝင်သူမှစ၍ အဦးဆုံး ဝင်သူတိုင်အောင် လုပ်အားခကိုပေးလော့’ ဟု ခြံတာဝန်ခံအား မှာလေ၏။ ၉  တစ်ဆယ့်တစ်နာရီ*ကျမှ အလုပ်ဝင်သူတို့သည် လာ၍ ဒေနာရိတစ်ပြားစီ ရကြ၏။ ၁၀  ထို့ကြောင့် အဦးဆုံး အလုပ်ဝင်သူတို့ လာကြသောအခါ မိမိတို့ ပိုရမည်ဟု ယူမှတ်ကြ၏။ သို့သော် ဒေနာရိတစ်ပြားစီသာ ရကြ၏။ ၁၁  သူတို့သည် လုပ်အားခကို ရပြီးသည်နှင့် ခြံပိုင်ရှင်အား ညည်းညူ၍၊ ၁၂  ‘နောက်ဆုံးမှ အလုပ်ဝင်သော ဤသူတို့သည် တစ်နာရီမျှသာ အလုပ်လုပ်ကြသော်လည်း နေပူကျဲကျဲတွင် တစ်နေကုန် ပင်ပန်းစွာ လုပ်ကိုင်ကြသော ကျွန်ုပ်တို့နှင့် တန်းတူထား၍ လုပ်ခပေးပါသည်တကား’ ဟုဆိုကြ၏။ ၁၃  သို့သော် ခြံပိုင်ရှင်က ထိုသူတို့အနက် တစ်ဦးကို ‘အဆွေ၊ ငါသည် သင့်အပေါ် မတရားပြုသည် မဟုတ်။ ဒေနာရိတစ်ပြား အခယူရန် သင်သဘောတူခဲ့သည် မဟုတ်လော။ ၁၄  သင်၏ လုပ်အားခကို ယူ၍သွားလော့။ နောက်ဆုံးဝင်သော ဤသူတို့အားလည်း သင့်အားပေးသလောက် ငါပေးလို၏။ ၁၅  ငါပိုင်သည့် ဥစ္စာကို ငါပြုလိုရာ မပြုအပ်သလော။ ငါသဘောကောင်းသောကြောင့် သင်မနာလိုဖြစ်ရသလော’ ဟုဆို၏။ ၁၆  ထို့ကြောင့် နောက်ကျသောသူတို့သည် အလျင်ကျကြလိမ့်မည်။ အလျင်ကျသောသူတို့သည် လည်းနောက်ကျကြလိမ့်မည်။” ၁၇  ဂျေရုဆလင်မြို့ သို့တက်သွားကြရာ လမ်းတွင် ယေရှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို သီးခြားခေါ်၍၊ ၁၈  “ငါတို့သည် ဂျေရုဆလင်မြို့သို့ ယခု တက်သွားကြမည်။ လူသားသည် ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများလက်သို့ အပ်နှံခြင်းကို ခံရမည်။ ထိုသူတို့သည် လူသားကို သေဒဏ်စီရင်ကြလိမ့်မည်။ ၁၉  လူသားကို လှောင်ပြောင်ရိုက်နှက်၍ သစ်တိုင်ပေါ် တင်စေရန် လူမျိုးခြားတို့ လက်သို့ အပ်နှံကြလိမ့်မည်။ ထို့နောက် သုံးရက်မြောက်သောနေ့တွင် လူသားသည် ထမြောက်လိမ့်မည်” ဟုမိန့်တော်မူ၏။ ၂၀  ထိုအခါ ဇေဗေဒဲ၏ မယားသည် မိမိသားနှစ်ဦးနှင့်အတူ ချဉ်းကပ်ပျပ်ဝပ်လျက် တစ်စုံတစ်ခုသော ဆုကိုတောင်းလျှောက်လေ၏။ ၂၁  ကိုယ်တော်က “သင်အဘယ်အရာကို အလိုရှိသနည်း” ဟုမေးတော်မူလျှင်၊ “ကိုယ်တော်၏ နိုင်ငံတော်တွင် ကျွန်မ၏သားနှစ်ယောက်သည် လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ခွင့်ရရန် အမိန့်ရှိတော်မူပါ” ဟုလျှောက်လေ၏။ ၂၂  ယေရှုက “သင်တို့သည် အဘယ်အရာ တောင်းဆိုနေမှန်း မသိကြ။ ငါသောက်ရတော့မည့် ခွက်ကို သင်တို့ သောက်နိုင်မည်လော” ဟုဆိုသော်၊ သူတို့က “သောက်နိုင်ပါသည်” ဟုဆိုကြ၏။ ၂၃  ကိုယ်တော်ကလည်း “ငါ၏ခွက်ကို သင်တို့အမှန် သောက်ကြရလိမ့်မည်။ သို့သော် ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူ ငါပေးပိုင်ခွင့်မရှိ။ ငါ့ခမည်းတော် ပြင်ဆင်ပေးထား သူတို့အတွက်သာဖြစ်သည်” ဟုမိန့်တော်မူ၏။ ၂၄  ထိုအကြောင်းကို အခြားသော တပည့်တော်ဆယ်ပါးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ဦးကို အမျက်ထွက်ကြ၏။ ၂၅  သို့သော် ယေရှုသည် သူတို့ကိုခေါ်၍ “လောကအုပ်စိုးရှင်များသည် နိုင်လိုမင်းထက်ပြုတတ်ကြောင်း၊ ကြီးမြတ်သူတို့သည် အာဏာပြတတ်ကြောင်းကို သင်တို့သိကြ၏။ ၂၆  သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် ကြီးမြတ်လိုသူ မည်သူမဆို သင်တို့၏အစေကို ခံရမည်။ ၂၇  သင်တို့တွင် အထွတ်အမြတ် လုပ်ချင်သောသူသည်လည်း သင်တို့၏ ကျွန်ဖြစ်ရမည်။ ၂၈  လူသားသည် သူတစ်ပါးကို စေစားရန် လာသည် မဟုတ်။ သူတစ်ပါး အစေကို ခံ၍ လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်*ကိုစွန့်ရန် ကြွလာတော်မူသည့် နည်းတူဖြစ်ရမည်” ဟု မိန့်တော်မူ၏။ ၂၉  ဂျေရိခိုမြို့မှ ထွက်သွားကြစဉ် လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။ ၃၀  လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှု ဖြတ်လျှောက်သွားတော်မူကြောင်းကို ကြားသော် “အိုသခင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်ုပ်တို့ကို သနားတော်မူပါ” ဟုအော်ဟစ်ကြ၏။ ၃၁  လူအုပ်သည် သူတို့ကို တိတ်ဆိတ်စွာနေရန် ကြပ်တည်းစွာ တားမြစ်ကြသော်လည်း “သခင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်ုပ်တို့ကို သနားတော်မူပါ” ဟုသာ၍ အော်ဟစ်ကြ၏။ ၃၂  ယေရှုသည် ရပ်လျက် သူတို့ကိုခေါ်၍ “သင်တို့အတွက် အဘယ်အရာပြုစေလိုသနည်း” ဟုမေးတော်မူသော်၊ ၃၃  သူတို့က “သခင်၊ ကျွန်ုပ်တို့၏ မျက်စိကို ပွင့်လင်းစေတော်မူပါ” ဟု လျှောက်ကြ၏။ ၃၄  ယေရှုသည် သနားသောစိတ် ရှိသဖြင့် သူတို့၏မျက်စိကို တို့တော်မူရာ ချက်ချင်း မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၁၁ ရှု။
“နေထွက်ချိန်မှတွက်လျှင် နံနက်ကိုးနာရီခန့်။”
“နေထွက်ချိန်မှတွက်လျှင် မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲ ၃ နာရီခန့်။”
မ ၂၀:၆ “ညနေ ၅ နာရီခန့်။”
“ညနေ ၅ နာရီခန့်။”
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။