ဗျာဒိတ် ၇:၁-၁၇

 ထို့နောက် ကောင်းကင်တမန်လေးပါးသည် မြေကြီးစွန်း လေးထောင့်ပေါ်ရပ်လျက် မြေကြီးပေါ်၊ ပင်လယ်ပေါ်၊ မည်သည့်သစ်ပင်ပေါ်မျှ လေမတိုက်စေရန် မြေကြီး၏ လေးမျက်နှာလေတို့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို ငါမြင်၏။ ၂  ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်တော်ကို ကိုင်ဆောင်သော အခြားကောင်းကင်တမန်တစ်ပါးသည် နေထွက်ရာအရပ်မှ တက်လာသည်ကို ငါမြင်၏။ သူသည် မြေကြီးနှင့် ပင်လယ်တို့ကို ဘေးပြုခွင့်ရထားသော ကောင်းကင်တမန်လေးပါးတို့အား ကျယ်သောအသံဖြင့် ဟစ်အော်လျက်၊ ၃  “ငါတို့ ဘုရားသခင်၏ ကျွန်များကို နဖူးပေါ်တွင် ငါတို့ တံဆိပ်မခတ်မချင်း မြေကြီး၊ ပင်လယ်၊ သစ်ပင်တို့ကို ဘေးမပြုကြပါနှင့်” ဟုဆို၏။ ၄  တံဆိပ်ခတ်ခံရသူတို့၏ အရေအတွက်ကို ငါကြား၏။ အစ္စရေးအမျိုးအနွယ်အသီးသီးမှ တံဆိပ်ခတ်ခံရသူ တစ်သိန်း လေးသောင်းလေးထောင် ဖြစ်၏။ ၅  ယုဒအနွယ်မှ တစ်သောင်းနှစ်ထောင် တံဆိပ်ခတ်ခံရ၏။ ရုဗင်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ၆  အာရှာအနွယ်မှ တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်မှ တစ်သောင်းနှစ်ထောင်၊ မနာရှေအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ၇  ရှိမောင်အနွယ်မှ တစ်သောင်း နှစ်ထောင်၊ လေဝိအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ၈  ဇာဗုလုန်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဗင်ယာမိန်အနွယ်မှ တစ်သောင်းနှစ်ထောင် တံဆိပ်ခတ်ခံကြရ၏။ ၉  ဤအရာများပြီးနောက် ငါကြည့်လိုက်သောအခါ အဘယ်သူမျှ မရေတွက်နိုင်သော လူအုပ်ကြီးကို ငါမြင်၏။ သူတို့သည် လူမျိုးများ၊ လူမျိုးနွယ်များ၊ လူစုများနှင့် ဘာသာစကားများ အားလုံးထဲမှ ထွက်လာသူများ ဖြစ်ကြ၏။ သူတို့သည် ဝတ်လုံဖြူကိုဝတ်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့တွင် ရပ်နေကြ၏။ လက်ထဲတွင် စွန်ပလွံခက်များ ကိုင်ထားကြ၏။ ၁၀  သူတို့က “ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသော ဘုရားသခင်နှင့် သိုးသငယ်တို့၏ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်း ရကြ၏” ဟုကျယ်သောအသံနှင့် မပြတ်ကြွေးကြော်ကြ၏။ ၁၁  ကောင်းကင်တမန် အပေါင်းတို့သည် ပလ္လင်တော်၊ အကြီးအကဲများနှင့် သက်ရှိသတ္တဝါလေးပါးတို့ ပတ်လည်၌ ရပ်နေကြရာမှ ပလ္လင်တော်ရှေ့တွင် ပျပ်ဝပ်ကာ ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁၂  “အာမင်၊ ငါတို့ဘုရားသခင်၌ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးနှင့် ခွန်အား အစဉ်ထာဝရ ရှိပါစေ။ အာမင်” ဟုမြွက်ဆိုကြ၏။ ၁၃  အကြီးအကဲများထဲမှ တစ်ဦးကလည်း “ဝတ်လုံဖြူဝတ်သော ဤသူတို့ကား မည်သူများနည်း။ အဘယ်အရပ်က လာကြသနည်း” ဟု ငါ့အား မေး၏။ ၁၄  ငါကလည်း “ကျွန်ုပ်သခင်၊ ကိုယ်တော်ပိုသိပါ၏” ဟုချက်ချင်းပင် ပြန်ဖြေလိုက်၏။ ထိုသူက “ဤသူတို့သည် ကြီးစွာသောဒုက္ခမှ ထွက်လာသူများ ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်၏သွေးဖြင့် မိမိတို့၏ ဝတ်လုံများကို ဖြူစင်အောင် လျှော်ဖွပ်ခဲ့ကြပြီ။ ၁၅  သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာနေလျက် ကိုယ်တော်၏ ဗိမာန်တော်တွင် အမှုတော်မြတ်ကို နေ့ ညမပြတ် ထမ်းရွက်နေကြ၏။ ပလ္လင်တော်ပေါ် ထိုင်တော်မူသော အရှင်သည်လည်း သူတို့အပေါ်တွင် မိမိ၏တဲတော်ကို ဖြန့်မိုးတော်မူလိမ့်မည်။ ၁၆  သူတို့သည် နောက်တစ်ဖန် ဆာငတ်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည် မဟုတ်။ နေပူရှိန်သည်လည်းကောင်း၊ ပြင်းထန်သော မည်သည့်အပူရှိန်သည်လည်းကောင်း သူတို့ အပေါ်သို့ ကျရောက်တော့မည် မဟုတ်။ ၁၇  အကြောင်းမူကား ပလ္လင်တော်အနီး၌ရှိသော သိုးသငယ်သည် သူတို့ကို ထိန်းကျောင်း၍ အသက်စမ်းရေသို့ ပို့ဆောင်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်ရည် ရှိသမျှကို အကုန်အစင် သုတ်တော်မူမည်” ဟုငါ့အားဆို၏။

အောက်ခြေမှတ်ချက်များ