မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၆:၁-၁၇

 တံဆိပ်ခုနစ်ခုမှ တစ်ခုကို သိုးသငယ် ဖွင့်သောအခါ ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးထဲမှ တစ်ပါးက မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် “လာလော့” ဟုဆိုသည်ကို ငါကြား၏။ ၂  ထိုအခါ ငါကြည့်လိုက်သော် မြင်းဖြူတစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲသည် လေးကို ကိုင်ထား၏။ သူ့အား သရဖူကိုပေး၏။ သူသည် အောင်မြင်လျက်လည်းကောင်း၊ အပြီးအောင်မြင်ရန်လည်းကောင်း ထွက်သွားလေ၏။ ၃  ဒုတိယတံဆိပ်ကို သိုးသငယ် ဖွင့်သောအခါ ဒုတိယသက်ရှိသတ္တဝါက “လာလော့” ဟုဆိုသည်ကို ငါကြား၏။ ၄  ထို့နောက် မြင်းနီတစ်စီး ထွက်လာ၏။ မြင်းစီးသူရဲသည် လူလူချင်း သတ်ဖြတ်စေရန် မြေကြီးပေါ်မှ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့်ရ၏။ သူ့အား ဓားကြီးတစ်လက်ကို ပေးထား၏။ ၅  တတိယတံဆိပ်ကို သိုးသငယ် ဖွင့်သောအခါ တတိယသက်ရှိသတ္တဝါက “လာလော့” ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လိုက်သော် မြင်းနက်တစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲ၏လက်ထဲ၌ ချိန်ခွင်တစ်လက်ရှိ၏။ ၆  ထို့ပြင် သက်ရှိသတ္တဝါ လေးပါးအလယ်မှ ထွက်လာသည်ဟုထင်ရသော အသံတစ်ခုက “ဂျုံတစ်ခွက်အတွက် ဒေနာရိ*တစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား၊ သံလွင်ဆီနှင့် စပျစ်ဝိုင်ကို မထိခိုက်စေနှင့်” ဟုဆိုသည်ကို ငါကြား၏။ ၇  စတုတ္ထတံဆိပ်ကို သိုးသငယ် ဖွင့်သောအခါ စတုတ္ထသက်ရှိသတ္တဝါက “လာလော့” ဟုဆိုသောအသံကို ငါကြား၏။ ၈  ထိုအခါ ငါကြည့်လိုက်သော် မြင်းမွဲတစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲသည် သေခြင်းဟူသော အမည်ရှိ၏။ သင်္ချိုင်း*လည်း သူ့နောက်မှကပ်၍ လိုက်ပါလာ၏။ သူတို့သည် မြေကြီး၏ လေးပုံတစ်ပုံပေါ်တွင် အခွင့်အာဏာရ၍ ဓားဘေး၊ အစာခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးနှင့် မြေသားရဲဘေးတို့ဖြင့် သတ်ပိုင်သောအခွင့်ကို ရကြ၏။ ၉  ပဉ္စမတံဆိပ်ကို သိုးသငယ် ဖွင့်သောအခါ ဘုရားသခင်၏တရားစကားတော်ကြောင့်လည်းကောင်း၊ လုပ်ဆောင်နေကျ သက်သေခံခြင်းလုပ်ငန်းကြောင့်လည်းကောင်း အသတ်ခံရသောသူတို့၏ အသက်များ*ကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ ၁၀  သူတို့ကလည်း “သန့်ရှင်း၍ စစ်မှန်တော်မူသော အချုပ်အခြာအာဏာ ပိုင်သအုပ်စိုးရှင်၊ ကျွန်ုပ်တို့၏သွေးအတွက် မြေကြီးပေါ်တွင် နေထိုင်သောသူတို့အား တရားမစီရင်၊ လက်စားမချေဘဲ အဘယ်အချိန်အထိ နေတော်မူမည်နည်း” ဟု ကျယ်သောအသံနှင့် ဟစ်အော်ကြ၏။ ၁၁  သူတို့အား ဝတ်လုံဖြူ တစ်ထည်စီ ပေးတော်မူ၏။ မိမိတို့နည်းတူ အသတ်ခံရတော့မည့် ကျွန်ချင်းဖြစ်သော ညီအစ်ကိုများ၏ အရေအတွက် ပြည့်သည့်အထိ ခေတ္တစောင့်နေရန် သူတို့ကို ပြောကြားတော်မူ၏။ ၁၂  ဆဋ္ဌမတံဆိပ်ကို သိုးသငယ် ဖွင့်သောအခါ ငလျင်ကြီး လှုပ်သည်ကို ငါမြင်၏။ နေသည် အနက်ရောင်လျှော်တေကဲ့သို့ မည်းသွား၏။ လသည်လည်း သွေးကဲ့သို့ နီသွား၏။ ၁၃  သဖန်းပင်သည် လေပြင်းတိုက်ခံရသောအခါ သဖန်းသီးစိမ်းများ ကြွေကျသကဲ့သို့ ကောင်းကင်ကြယ်များသည် မြေကြီးပေါ်သို့ ကျကြ၏။ ၁၄  ကောင်းကင်သည် စာလိပ်ကိုလိပ်သကဲ့သို့ ပျောက်သွား၏။ တောင်နှင့် ကျွန်းရှိသမျှတို့သည်လည်း မိမိတို့နေရာမှ ဖယ်ရှားခံရ၏။ ၁၅  မြေကြီးဘုရင်များ၊ အရာရှိများ၊ တပ်မှူးများ၊ သူဌေးများ၊ ခွန်အားကြီးသူများ၊ ကျွန်မှန်သမျှ၊ လွတ်လပ်သူမှန်သမျှတို့သည် တောင်များရှိ လိုဏ်ဂူများ၊ ကျောက်ဆောင်များ၌ ပုန်းအောင်းကြ၏။ ၁၆  ထိုသူတို့က တောင်များနှင့် ကျောက်ဆောင်များအား “ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအရှင်၏ မျက်နှာတော်မှလည်းကောင်း၊ သိုးသငယ်၏ အမျက်တော်မှလည်းကောင်း ငါတို့ကို ဖုံးကွယ်ကြပါ။ ၁၇  အကြောင်းမူကား ထိုအရှင်တို့၏ အမျက်တော်နေ့ကြီး ကျရောက်ပြီဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း” ဟုမပြတ်ပြောဆိုကြ၏။

အောက်ခြေမှတ်ချက်များ

ဗ ၆:၆ ဒေနာရိသည် တစ်မတ်သားနီးပါးခန့်လေးသော ရောမငွေဒ င်္ဂါးတစ်မျိုးဖြစ်ပြီး ယင်းဒ င်္ဂါးတစ်ပြားသည် တစ်ရက်လုပ်ခနှင့်ညီမျှသည်။ နောက်ဆက်တွဲ ၁၁ ရှု။
ဗ ၆:၈ ဂရိ၊ “ဟေးဒီးစ်။” နောက်ဆက်တွဲ ၉ ရှု။
ဗ ၆:၉ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။