မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗျာဒိတ် ၂၂:၁-၂၁

၂၂  ထို့နောက် ကောင်းကင်တမန်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်၍ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်တို့မှ စီးထွက်လာသော အသက်ရေစီးရာမြစ်ကို ငါ့အားပြ၏။ ၂  ထိုမြစ်သည် မြို့တော်၏ လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ ထိုမြစ်၏ တစ်ဖက်တစ်ချက်တွင် တစ်လတစ်ကြိမ်၊ တစ်နှစ်လျှင် တစ်ဆယ့်နှစ်ကြိမ် အသီးသီးသော အသက်ပင်များရှိ၏။ ထိုအပင်များ၏ အရွက်များသည် လူမျိုးတို့ကို ကုသရန်ဖြစ်၏။ ၃  ထိုမြို့တွင် မည်သည့်ကျိန်ခြင်းမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်တို့သည် ထိုမြို့တွင်ရှိ၍ ကိုယ်တော်၏ကျွန်များသည် အမှုတော်မြတ်ကို ဆောင်ရွက်ကြလိမ့်မည်။ ၄  သူတို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ နာမတော်သည် သူတို့၏နဖူးပေါ်တွင် ရှိလိမ့်မည်။ ၅  ထို့ပြင် ညအချိန်ရှိတော့မည်မဟုတ်။ သူတို့သည် မီးခွက်အလင်းကို လိုအပ်မည်မဟုတ်။ သူတို့၌ နေ၏အလင်းလည်းမရှိ။ အကြောင်းမူကား ယေဟောဝါဘုရားသခင်သည် သူတို့အပေါ် အလင်းထွန်းလင်းတော်မူမည်။ သူတို့သည် ဘုရင်များအဖြစ် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။ ၆  ထို့နောက် ကောင်းကင်တမန်က ငါ့အား ဤသို့ဆို၏။ “ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ မှန်ပေသည်။ ပရောဖက်တို့အား တရားစကားတော်များ မြွက်ဆိုစေသော ဘုရားသခင် ယေဟောဝါသည် မကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ဖော်ပြရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။ ၇  ငါအမြန်လာမည်။ ဤစာလိပ်တွင်ပါသည့် ပရောဖက်ပြုစကားများကို လိုက်နာသူမှန်သမျှ ပျော်ရွှင်၏။” ၈  ငါယောဟန်သည် ဤအမှုအရာများကို ကြားရမြင်ရသူဖြစ်၏။ ငါသည် ကြားရမြင်ရသည့်အခါ ဤအမှုအရာများကို ငါ့အားဖော်ပြသော ကောင်းကင်တမန်၏ခြေရင်း၌ ပျပ်ဝပ်၍ ကိုးကွယ်လေ၏။ ၉  သို့သော် သူက “သတိထားလော့။ ဤသို့မပြုနှင့်။ ငါသည် သင်နှင့် သင့်ညီအစ်ကို ပရောဖက်များ၊ ဤစာလိပ်၌ပါသော စကားများကို လိုက်နာသူများ၏ ကျွန်ချင်းသာဖြစ်၏။ ဘုရားသခင်အား ကိုးကွယ်လော့” ဟုငါ့အားဆို၏။ ၁၀  ထို့ပြင် သူက “ချိန်းချက်သောအချိန် နီးပြီဖြစ်၍ ဤစာလိပ်၌ပါသော ပရောဖက်ပြုစကားများကို တံဆိပ်မခတ်နှင့်။ ၁၁  မဖြောင့်မတ်မှုကို ပြုသောသူသည် မဖြောင့်မတ်မှုကို ဆက်၍ပြုပါစေ။ ညစ်ညူးသူသည် ဆက်၍ညစ်ညူးပါစေ။ ဖြောင့်မတ်သူမူကား ဖြောင့်မတ်မှုကို ဆက်၍ပြုပါစေ။ သန့်ရှင်းသူသည် ဆက်၍သန့်ရှင်းပါစေ” ဟုငါ့အားဆို၏။ ၁၂  “‘ငါအမြန်လာမည်။ လူအသီးသီးတို့အား မိမိတို့၏အကျင့်အတိုင်း အကျိုးအပြစ်ကို ငါဆပ်ပေးမည်။ ၁၃  ငါသည် အာလဖနှင့် ဩမေဃ၊ အဦးဆုံးနှင့် နောက်ဆုံး၊ အစနှင့်အဆုံး ဖြစ်၏။ ၁၄  မိမိတို့ဝတ်လုံများကို လျှော်ဖွပ်သောသူတို့သည် ပျော်ရွှင်ကြ၏။ သူတို့သည် အသက်ပင်များသို့ သွားနိုင်ခွင့်နှင့် မြို့တံခါးများမှ မြို့တော်တွင်းသို့ ဝင်နိုင်ခွင့်ကိုရကြမည်။ ၁၅  မြို့ပြင်တွင် ခွေးများ၊ နတ်ဆိုးပညာလိုက်စားသူများ၊ မတရားမေထုန်ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ မုသားသုံးသူမှန်သမျှ ရှိကြ၏။’ ၁၆  “‘ငါယေရှုသည် သင်တို့နှင့် အသင်းတော်များအကျိုးအတွက် ဤအမှုအရာများကို သက်သေခံရန် ငါ၏ကောင်းကင်တမန်ကို စေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့် အမျိုးအနွယ်ဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်း ဖြစ်၏။’” ၁၇  စွမ်းအားတော်နှင့် သတို့သမီးက “လာလော့” ဟုမပြတ်ဆို၏။ ကြားသူတိုင်းလည်း “လာလော့” ဟုဆိုပါစေ။ ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။ ၁၈  “ဤစာလိပ်ပါ ပရောဖက်ပြုစကားများကို ကြားသူတိုင်းအား ငါသည် ဤသို့သက်သေခံ၏။ မည်သူမဆို ဤအရာများထဲသို့ ထပ်ဖြည့်စွက်ပါက ဤစာလိပ်၌ ရေးထားသော ကပ်ဘေးများကို သူ့အပေါ်သို့ ဘုရားသခင် ကျရောက်စေတော်မူလိမ့်မည်။ ၁၉  မည်သူမဆို ဤပရောဖက်ပြုစာလိပ်ပါ စကားများထဲမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဤစာလိပ်၌ ရေးထားသောအရာများမှ သူ၏ဝေစုကို ဘုရားသခင် နုတ်ပယ်တော်မူလိမ့်မည်။ သူသည် အသက်ပင်များ၏အသီးကို စားခွင့်မရှိ။ သန့်ရှင်းသောမြို့တော်တွင်းသို့ မဝင်ရ။ ၂၀  “ဤအရာများကို သက်သေခံသောသူက ‘မှန်ပေသည်။ ငါအမြန်လာမည်’ ဟုဆို၏။” “အာမင်။ သခင်ယေရှု၊ ကြွလာတော်မူပါ။” ၂၁  သခင်ယေရှုခရစ်၏ မဟာကရုဏာသည် သန့်ရှင်းသူတို့နှင့်အတူ ရှိပါစေ။

အောက်ခြေမှတ်ချက်များ