ဗျာဒိတ် ၁၈:၁-၂၄

၁၈  ဤအရာများပြီးနောက် ကြီးစွာသော အခွင့်အာဏာရှိသည့် အခြားကောင်းကင်တမန်တစ်ပါး ကောင်းကင်မှ ဆင်းလာသည်ကို ငါမြင်၏။ မြေကြီးသည် သူ၏ဘုန်းတော်ကြောင့် ထွန်းလင်း၏။ ၂  သူသည် အားကြီးသောအသံဖြင့် ဤသို့ဟစ်အော်၏။ “မဟာဗာဗုလုန်ကျဆုံးပြီ။ သူကျဆုံးပြီ။ နတ်ဆိုးများ နေထိုင်ရာ၊ မစင်ကြယ်သော လေအမျိုးမျိုး ခိုအောင်းရာ၊ ရွံမုန်းဖွယ်ကောင်း၍ မစင်ကြယ်သော ငှက်အမျိုးမျိုး ပုန်းခိုရာအရပ် ဖြစ်လေပြီ။ ၃  အကြောင်းမူကား သူ၏ မတရားမေထုန်နှင့်ဆိုင်သော အမျက်ဒေါသဝိုင်ကြောင့် လူမျိုးအပေါင်းတို့သည် သားကောင်အဖြစ် ကျဆုံးကြပြီ။ မြေကြီးဘုရင်တို့သည် သူနှင့် မတရားမေထုန် ပြုကြ၏။ မြေကြီးပေါ်မှ နယ်လှည့်ကုန်သည်များလည်း သူ၏ အရှက်မရှိသော စည်းစိမ်ယစ်မူးခြင်း အစွမ်းတန်ခိုးကြောင့် ချမ်းသာကြွယ်ဝကြပြီ။” ၄  ထို့နောက် ကောင်းကင်မှ အခြားသောအသံက ဤသို့ဆိုသည်ကို ငါကြား၏။ “ငါ၏လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များနှင့် မဆက်ဆံလို၊ သူခံရမည့် ကပ်ဘေးများကို မခံလိုလျှင် သူ၏အထဲမှ ထွက်ကြလော့။ ၅  အကြောင်းမူကား သူ၏အပြစ်များသည် ကောင်းကင်ဘုံတိုင်အောင် စုပုံပြီဖြစ်၍ သူပြုသော မတရားမှုများအတွက် သူ့ကို ဘုရားသခင် အောက်မေ့တော်မူပြီ။ ၆  သူပေးဆက်သည့်အတိုင်း သူ့ကို ပေးဆက်ကြလော့။ သူပြုသောအမှု အရေအတွက်အတိုင်း သူ့ကို နှစ်ဆပြုကြလော့။ သူရောစပ်သောဖလား၌ သူ့အတွက် နှစ်ဆရောစပ်ကြလော့။ ၇  သူသည် မိမိကိုယ်ကို ချီးမြှောက်၍ အရှက်မရှိ ဇိမ်ယစ်ခဲ့သမျှ ညှဉ်းဆဲခံစေပြီး မြည်တမ်းစေလော့။ အကြောင်းမူကား သူက ‘ငါသည် ဘုရင်မအဖြစ် နန်းစံ၏။ မုဆိုးမ မဟုတ်။ ငါသည် မည်သည့်အခါမျှ မြည်တမ်းရမည်မဟုတ်’ ဟုစိတ်နှလုံးထဲ၌ မပြတ်ဆို၏။ ၈  ထို့ကြောင့် ကပ်ဘေးများ၊ သေခြင်း၊ မြည်တမ်းခြင်းနှင့် မွတ်သိပ်ခြင်းဘေးတို့သည် သူ့အပေါ် တစ်ရက်အတွင်း ကျရောက်၍ သူသည် မီးဖြင့် လုံးလုံးကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား သူ့ကို တရားစီရင်တော်မူသော ယေဟောဝါဘုရားသခင်သည် ခွန်အားကြီးတော်မူ၏။ ၉  “သူနှင့် မတရားမေထုန်ပြု၍ အရှက်မရှိ ဇိမ်ယစ်သော မြေကြီးဘုရင်တို့သည် သူ့အား ကျွမ်းလောင်သောမီးခိုးကို မြင်သောအခါ သူ့အတွက်ကြောင့် ရင်ဘတ်စည်တီး၍ ငိုကြွေးကြလိမ့်မည်။ ၁၀  သူတို့သည် သူခံရသော ညှဉ်းဆဲခြင်းကို ကြောက်ရွံ့သဖြင့် အဝေးမှရပ်လျက် ‘အသင်မြို့ကြီး၊ ခိုင်ခံ့သော အသင်ဗာဗုလုန်မြို့၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။ အကြောင်းမူကား သင်၏တရားစီရင်ချက်သည် တစ်နာရီအတွင်း ရောက်လာပြီ’ ဟုဆိုကြ၏။ ၁၁  “ထို့ပြင် မြေကြီးပေါ်မှ နယ်လှည့်ကုန်သည်များသည် သူတို့၏ ကုန်ပစ္စည်းများကို ဝယ်မည့်သူ မရှိတော့၍ သူ့အတွက်ကြောင့် ငိုကြွေးမြည်တမ်းကြ၏။ ၁၂  ထိုကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ချည်ချောထည်၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ နီမြန်းသောအထည်၊ သစ်မွှေးပစ္စည်းမျိုးစုံ၊ ဆင်စွယ်ပစ္စည်းမျိုးစုံ၊ အဖိုးတန်ဆုံးသစ်၊ ကြေးနီ၊ သံနှင့် စကျင်ကျောက်တို့ဖြင့် ပြုလုပ်သည့် ပစ္စည်းမျိုးစုံ၊ ၁၃  သစ်ကြံပိုး၊ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်နှင့် လူ့အသက်များ* ဖြစ်၏။ ၁၄  မှန်ပေသည်၊ သင်တောင့်တသည့် ဝင်းမှည့်သောအသီးများသည် သင်နှင့်ဝေးသွားပြီ။ ခဲဖွယ်စားဖွယ်နှင့် လှပတင့်တယ်သောအရာ ရှိသမျှတို့သည် သင့်ထံမှ ပျောက်ပျက်သွားပြီ။ ထိုအရာများကို လူတို့ မည်သည့်အခါမျှ တွေ့ရတော့မည်မဟုတ်။ ၁၅  “ထိုကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကား၍ သူ့ကြောင့် ချမ်းသာကြွယ်ဝလာသော နယ်လှည့်ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းကို ကြောက်ရွံ့သဖြင့် အဝေးကရပ်ပြီး ငိုကြွေးမြည်တမ်းလျက်၊ ၁၆  ‘ချည်ချောထည်၊ ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များကို ဝတ်ဆင်လျက် ရွှေတန်ဆာ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို အလွန်အကျွံဆင်ယင်ထားသော မြို့ကြီး၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။ ၁၇  အကြောင်းမူကား ထိုမျှကြွယ်ဝသော စည်းစိမ်ဥစ္စာသည် တစ်နာရီအတွင်း ပျက်စီးဆုံးရှုံးလေပြီ’ ဟုဆိုကြ၏။ “သင်္ဘောမာလိန်မှူးရှိသမျှ၊ အရပ်ရပ်သို့ ရေကြောင်းခရီးသွားလာသူ ရှိသမျှ၊ သင်္ဘောသားများ၊ ပင်လယ်ကိုအမှီပြု၍ အသက်မွေးသူရှိသမျှတို့သည် အဝေးကရပ်လျက်၊ ၁၈  သူ့အား ကျွမ်းလောင်သောမီးခိုးကို မြင်သောအခါ ‘အဘယ်မြို့သည် ဤမြို့ကြီးနှင့် တူသနည်း’ ဟုဟစ်အော်ကြ၏။ ၁၉  သူတို့သည် မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုကြဲလျက် ‘ပင်လယ်ကူးသင်္ဘော ပိုင်ရှင်အပေါင်းတို့ကို မိမိ၏စည်းစိမ်ဥစ္စာဖြင့် ချမ်းသာကြွယ်ဝစေသောမြို့ကြီး၊ အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။ အကြောင်းမူကား သူသည် တစ်နာရီအတွင်း ပျက်စီးဆုံးရှုံးလေပြီ’ ဟုဟစ်အော်ပြီး ငိုကြွေးမြည်တမ်းလျက် ဆိုကြ၏။ ၂၀  “ကောင်းကင်မှစ၍ အသင်သန့်ရှင်းသူတို့၊ အသင်တမန်တော်နှင့် အသင်ပရောဖက်တို့၊ သူတွေ့ကြုံရသောအဖြစ်ကြောင့် ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့အတွက် သူ့ကို ပြစ်ဒဏ်စီရင်တော်မူပြီ။” ၂၁  တစ်ဖန် အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် ကြိတ်ဆုံကျောက်ကြီးနှင့်တူသော ကျောက်တစ်လုံးကို ချီမ၍ ပင်လယ်ထဲသို့ပစ်ချလျက် ဤသို့ဆို၏။ “ဗာဗုလုန်မြို့ကြီးသည် ဤသို့ပင် လျင်မြန်စွာ ပစ်ချခံရလိမ့်မည်။ ထို့နောက် မည်သည့်အခါမျှ ပြန်တွေ့ရတော့မည်မဟုတ်။ ၂၂  သင့်အထဲ၌ တေးသံရှင် စောင်းသမားများ၊ ဂီတပညာရှင်များ၊ ပလွေမှုတ်သူများ၊ တံပိုးမှုတ်သူများ၏ အသံကို နောက်တစ်ဖန် ကြားရတော့မည်မဟုတ်။ မည်သည့်လုပ်ငန်းနှင့်ဆိုင်သော လက်မှုပညာရှင်ကိုမျှ သင့်အထဲ၌ နောက်တစ်ဖန် တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း သင့်အထဲ၌ နောက်တစ်ဖန် ကြားရတော့မည်မဟုတ်။ ၂၃  သင့်အထဲ၌ မီးခွက်အလင်း နောက်တစ်ဖန် ထွန်းလင်းတော့မည်မဟုတ်။ သင့်အထဲ၌ သတို့သား၊ သတို့သမီး၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏နယ်လှည့်ကုန်သည်တို့သည် မြေကြီးပေါ်မှ အရာရှိများဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏နတ်ဆိုးပညာလိုက်စားခြင်းကြောင့် လမ်းလွဲကြ၏။ ၂၄  မှန်ပေသည်၊ သူ့အထဲ၌ ပရောဖက်တို့မှစ၍ သန့်ရှင်းသူတို့နှင့် မြေကြီးပေါ်မှာ အသတ်ခံရသောသူ ရှိသမျှတို့၏သွေးကို တွေ့ရ၏။”

အောက်ခြေမှတ်ချက်များ

ဗ ၁၈:၁၃ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။