တမန်တော် ၂၃:၁-၃၅

၂၃  ပေါလုသည် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တို့ကို စိုက်ကြည့်လျက် “ညီအစ်ကိုတို့၊ ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင့်ရှေ့တော်၌ ဩတ္တပ္ပစိတ် အလွန်ကြည်လင်စွာ ကျင့်ကြံပြုမူပါပြီ” ဟုဆို၏။ ၂  ထိုအခါ ယဇ်ပုရောဟိတ်မင်း အာနနိက အနားတွင် ရပ်နေသူတို့အား သူ၏နှုတ်ကို ရိုက်ရန် အမိန့်ပေးသော်၊ ၃  ပေါလုက “အချင်းထုံးဖြူသုတ်ထားသောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် ကျွန်ုပ်ကို ပညတ်တရားနှင့်အညီစီရင်ရန် ထိုင်နေလျက်ပင် ပညတ်တရားကို ချိုးဖောက်၍ကျွန်ုပ်ကို ရိုက်ခိုင်းရသလော” ဟုဆို၏။ ၄  အနီး၌ ရပ်နေသူတို့က “သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ် မင်းကိုစော်ကားရသလော” ဟုဆိုလျှင်၊ ၅  ပေါလုက “ညီအစ်ကိုတို့၊ သူသည်ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်းကို ကျွန်ုပ်မသိပါ။ ‘သင်၏အမျိုးအပေါ်တွင် အုပ်စိုးသောမင်းကို မထီမဲ့မြင်မပြုရ’ ဟူ၍ ကျမ်းစာ၌ ရေးထားသည်” ဟုဆို၏။ ၆  အဖွဲ့ဝင်အချို့မှာ ဇဒ္ဒုကဲများ၊ အချို့မှာ ဖာရိရှဲများဖြစ်ကြောင်း ပေါလုသိမြင်လျှင် “ညီအစ်ကိုတို့၊ ကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏ သားလည်းဖြစ်၏။လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်းကြောင့် စစ်ကြောစီရင်ခြင်းကို ခံနေရပါ၏” ဟုဂျူးတရားရုံးချုပ်တွင် ကြွေးကြော်လေ၏။ ၇  ထိုသို့ဆိုသောကြောင့် ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် စိတ်ဝမ်းကွဲပြား၍ လူစုလူဝေးသည် နှစ်ခြမ်းကွဲလေ၏။ ၈  အကြောင်းမူကား ဇဒ္ဒုကဲတို့သည် ရှင်ပြန်ထမြောက်ခြင်း မရှိ၊ ကောင်းကင်တမန်လည်း မရှိ၊ နာမ်ဝိညာဉ်လည်း မရှိဟု ဆိုကြ၏။ ဖာရိရှဲတို့မူကား ထိုအရာအားလုံးရှိသည်ဟု ဆိုကြ၏။ ၉  သို့နှင့် ကျယ်လောင်စွာ အော်ဟစ်ကြ၍ ဖာရိရှဲတို့ဘက်မှ ကျမ်းတတ်အချို့သည် ထပြီးလျှင် “ဤသူ၌ မည်သည့်မှားယွင်းမှုကိုမျှ ငါတို့ရှာမတွေ့။ နာမ်ဝိညာဉ်ဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ သူ့အား စကားပြောခဲ့လျှင် မည်သို့နည်း—” ဟုဆိုလျက် အကြီးအကျယ် ငြင်းခုံကြ၏။ ၁၀  စိတ်ဝမ်းကွဲပြားမှု ပြင်းထန်လာသောအခါ စစ်သူကြီးသည် ပေါလုကို အပိုင်းပိုင်းဆွဲဖြတ်ကြမည် စိုးရိမ်သောကြောင့် စစ်သည်တို့အား ဆင်းသွား၍ ပေါလုကို ထိုသူတို့အထဲမှ ဆွဲခေါ်ပြီးလျှင် စစ်တန်းလျားသို့ ခေါ်ဆောင်သွားရန် အမိန့်ပေး၏။ ၁၁  နောက်တစ်နေ့ညတွင် သခင်သည် ပေါလုအနား၌ရပ်တော်မူလျက် “အားယူလော့။ ငါ၏အကြောင်းကို သင်သည် ဂျေရုဆလင်မြို့၌ စေ့စေ့စပ်စပ် သက်သေခံပြီးသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရဦးမည်” ဟုမိန့်တော်မူ၏။ ၁၂  မိုးလင်းသောအခါ ဂျူးတို့သည် သင်းဖွဲ့ကြံစည်၍ ပေါလုကိုမသတ်ရ မချင်းမစားမသောက်ဟု ကျိန်ဆို၍အဓိဋ္ဌာန်ပြုကြ၏။ ၁၃  ထိုသို့ သင်းဖွဲ့ကြံစည်၍ ကျိန်ဆိုသူ လေးဆယ်ကျော်ရှိ၏။ ၁၄  ထိုသူတို့သည် ယဇ်ပုရောဟိတ်ကြီးများ၊ လူကြီးများထံ သွား၍ “ကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆို၍ အဓိဋ္ဌာန်ပြုကြပါပြီ။ ၁၅  ထို့ကြောင့် သင်တို့နှင့်ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တို့သည် ပေါလု၏အမှုကို ပိုမိုသေချာစွာ စစ်ဆေးလိုဟန်ပြု၍ သူ့ကို သင်တို့ထံ ခေါ်လာခဲ့ရန် စစ်သူကြီးအား လျှောက်ကြပါလော့။ ကျွန်ုပ်တို့သည် ပေါလုမရောက်မီ သူ့ကိုအသေသတ်ရန် အသင့်စောင့်နေပါမည်” ဟုလျှောက်ကြ၏။ ၁၆  သို့သော် သူတို့ချောင်းမြောင်းနေကြမည်ကို ပေါလု၏တူသည်ကြားလျှင် စစ်တန်းလျားသို့ဝင်၍ ပေါလုအား သတင်းပို့လေ၏။ ၁၇  ထို့ကြောင့် ပေါလုသည် တပ်မှူးတစ်ဦးကို ခေါ်ပြီးလျှင် “ဤလုလင်ကို စစ်သူကြီးထံ ပို့ပေးပါ။လျှောက်စရာရှိပါသည်” ဟုဆို၏။ ၁၈  တပ်မှူးသည် လုလင်ကို စစ်သူကြီးထံ ပို့ပြီးလျှင် “အကျဉ်းသား ပေါလုသည် ကျွန်ုပ်ကိုခေါ်၍ ကိုယ်တော်အား လျှောက်စရာ တစ်စုံတစ်ခုရှိသော ဤလုလင်ကို ကိုယ်တော့်ထံ ပို့စေရန် တောင်းဆိုပါသည်” ဟုလျှောက်၏။ ၁၉  စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ သီးခြားခေါ်သွားပြီးလျှင် “အဘယ်အကြောင်းကို ငါ့အား လျှောက်ချင်သနည်း” ဟုမေးလေ၏။ ၂၀  ထိုလုလင်ကလည်း “ဂျူးတို့သည် ပေါလု၏အမှုကို ပို၍သေချာစွာ စစ်ဆေးလိုဟန်ပြု၍ နက်ဖြန်နေ့၌ သူ့ကို ဂျူးတရားရုံးချုပ်သို့ ပို့ဆောင်စေရန် ကိုယ်တော်အား တောင်းလျှောက်မည်ဟု တိုင်ပင်ညှိနှိုင်းထားကြပါပြီ။ ၂၁  ထို့ကြောင့် သူတို့အယုံသွင်းသည်ကို လက်မခံပါနှင့်။ ပေါလုကို မသတ်ရမချင်း မစားမသောက်ဟု ကျိန်ဆိုထားကြသူ လေးဆယ်ကျော်တို့သည် သူ့ကို ချောင်းမြောင်း နေကြပါသည်။ ယခုပင် သူတို့သည် ကိုယ်တော်ထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက် အသင့်ရှိနေကြပါပြီ” ဟုလျှောက်လေ၏။ ၂၂  စစ်သူကြီးကလည်း “ငါ့အား ဤသို့လျှောက်တင်သည်ကို မည်သူ့ကိုမျှ မပြောနှင့်” ဟုထိုလုလင်ကို မှာထား၍ လွှတ်လိုက်၏။ ၂၃  ထို့နောက် တပ်မှူးနှစ်ဦးကို ဆင့်ခေါ်၍ “ယနေ့ည သုံးနာရီ*တွင် ကဲသရိမြို့သို့သွားရန် စစ်သည်နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ဆယ်နှင့် လှံစစ်သည်နှစ်ရာတို့ကို အသင့်ရှိစေကြလော့။ ၂၄  ပေါလုအတွက်လည်း မြင်းများကို ပြင်ဆင်ပေးကြ။ သူ့ကို ဘုရင်ခံ ဖေလဇ်မင်းထံသို့ လုံခြုံစွာပို့ကြ” ဟုဆိုလေ၏။ ၂၅  ထို့နောက် အောက်ပါအတိုင်း စာရေးပေးလိုက်၏။ ၂၆  “ကလောဒိလုသိက မြတ်တော်မူသော ဘုရင်ခံ ဖေလဇ်မင်းကို နှုတ်ခွန်းဆက်သလိုက်ပါသည်။ ၂၇  ဂျူးတို့သည် ဤသူကို ဖမ်းဆီး၍ သတ်မည်ပြုကြစဉ် သူသည် ရောမနိုင်ငံသား ဖြစ်ကြောင်း ကျွန်ုပ်ကြားသိလျှင် စစ်သည်တို့နှင့်တကွ ချက်ချင်းသွား၍ ကယ်နုတ်ပါ၏။ ၂၈  သူ့အား စွပ်စွဲသည့်အမှုကို ကျွန်ုပ်အသေအချာ သိလိုသောကြောင့် ဂျူးတရားရုံးချုပ်သို့ သူ့ကိုခေါ်ဆောင်သွား၏။ ၂၉  သေဒဏ် သို့မဟုတ် ထောင်ဒဏ်ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကြောင့် စွဲဆိုခံရခြင်း မဟုတ်ဘဲ သူတို့၏ပညတ်တရားနှင့်ဆိုင်သော အမေးပုစ္ဆာများကြောင့်စွပ်စွဲခံရသည်ကို ကျွန်ုပ်တွေ့မြင်ရပါသည်။ ၃၀  ဤသူကိုလုပ်ကြံရန် ကြံစည်လျက်ရှိကြောင်း ကျွန်ုပ်ကြားသိလျှင်သူ့ကို ကိုယ်တော့်ထံချက်ချင်းစေလွှတ်၍ စွပ်စွဲသူတို့ကို ရှေ့တော်၌ လျှောက်ထားစေရန် မိန့်မှာထားပါသည်။” ၃၁  ထို့ကြောင့် မှာကြားခံရသည်အတိုင်း စစ်သည်တို့သည် ပေါလုကို ညအခါ အန္တိပတရိမြို့သို့ ပို့ဆောင်လေ၏။ ၃၂  နောက်တစ်နေ့၌ သူတို့သည် မြင်းစီးသူရဲတို့ကို ပေါလုနှင့်အတူ သွားစေပြီးလျှင် စစ်တန်းလျားသို့ ပြန်သွားကြ၏။ ၃၃  မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ ရောက်လျှင် စစ်သူကြီး၏စာကို ဘုရင်ခံထံပေး၍ ပေါလုကိုလည်း အပ်လိုက်ကြ၏။ ၃၄  ဘုရင်ခံသည် စာကိုဖတ်ပြီးမှ ပေါလုသည် မည်သည့်အရပ်မှဖြစ်ကြောင်း မေးမြန်း၍ ကိလိကိပြည်မှဖြစ်ကြောင်း သိရှိလေ၏။ ၃၅  ထိုအခါ “စွပ်စွဲသူတို့ ရောက်လာလျှင် သင့်အမှုကို ငါအသေအချာကြားနာမည်” ဟုဆို၍ ပေါလုကို ဟေရုဒ်မင်း၏နန်းတော်၌ အစောင့်အကြပ်နှင့်ထားရန် အမိန့်ပေး၏။

အောက်ခြေမှတ်ချက်များ

“ည ၉ နာရီခန့်။”