မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော် ၁၂:၁-၂၅

၁၂  ထိုအချိန်ခန့်တွင် ဟေရုဒ်မင်းသည် အသင်းတော်သားအချို့ကို ညှဉ်းဆဲလေ၏။ ၂  ယောဟန်၏အစ်ကို ယာကုပ်ကိုလည်း ဓားနှင့်ကွပ်မျက်ရာ၊ ၃  ထိုအမှုကိုဂျူးတို့ နှစ်သက်အားရကြောင်း မြင်လျှင် ပေတရုကိုလည်း ဖမ်းဆီးလေ၏။ အချိန်ကား တဆေးမဲ့မုန့်ပွဲနေ့အချိန်ဖြစ်၏။ ၄  ပေတရုကို ဖမ်းဆီးပြီးမှ စစ်သည်လေးဦးစီပါသော တပ်စုငယ်လေးစုလက်သို့အပ်ကာ ထောင်ချထား၏။ ပသခါပွဲလွန်လျှင် လူအများတို့အား သူ့ကိုထုတ်ပေးမည့်အကြံရှိ၏။ ၅  ပေတရုသည် ထောင်ထဲ၌ အကျဉ်းကျနေစဉ် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းပေးလျက်နေ၏။ ၆  ပေတရုကို ဟေရုဒ်မင်း မထုတ်မီညတွင် ပေတရုသည်စစ်သည် နှစ်ဦးကြား၌သံကြိုးနှစ်ချောင်းဖြင့် ချည်နှောင်ခံရလျက် အိပ်ပျော်နေ၏။ အစောင့်တို့သည် ထောင်တံခါးရှေ့မှာ စောင့်ကြပ်နေကြ၏။ ၇  ထိုအခါ ယေဟောဝါဘုရား၏ ကောင်းကင်တမန်သည် ပေါ်လာလျှင် ထောင်ခန်းထဲတွင် အလင်းတောက်ပလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်၍ “အမြန်ထလော့” ဟုဆိုလျက် နှိုးလေ၏။ သံကြိုးသည်လည်း ပေတရုလက်မှ ကျွတ်ကျလေ၏။ ၈  ကောင်းကင်တမန်က “သင်၏ခါးပန်းကို စည်းလော့။ ဖိနပ်ကိုလည်း စီးလော့” ဟုဆိုသည့်အတိုင်း ပေတရုပြု၏။ ထို့နောက် “ဝတ်လုံကို ခြုံ၍ ငါ့နောက်သို့လိုက်လော့” ဟုဆိုပြန်၏။ ၉  ပေတရုသည် ထောင်ခန်းထဲမှထွက်၍ လိုက်သွားသော်လည်း ကောင်းကင်တမန်ပြုသောအမှုကို အဖြစ်မှန်ဟူ၍ မထင်ဘဲ ရူပါရုံကိုမြင်သည်ဟုသာ ထင်မှတ်လေ၏။ ၁၀  သူတို့သည် ပထမအစောင့်တပ်နှင့် ဒုတိယအစောင့်တပ်တို့ကို ကျော်ဖြတ်၍ မြို့ထဲသို့ဝင်သော သံတံခါးသို့ရောက်လျှင် ထိုတံခါးသည် အလိုလိုပွင့်လေ၏။ သူတို့ထွက်၍ လမ်းတစ်လမ်းဆက်လျှောက်ပြီးနောက် ကောင်းကင်တမန်သည် ပေတရုထံမှ ရုတ်တရက် ထွက်ခွာသွားလေ၏။ ၁၁  ပေတရုသည် သတိရလျှင် “ယခုပင် ယေဟောဝါဘုရားသည် ကောင်းကင်တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းလက်မှလည်းကောင်း၊ ဂျူးတို့ မျှော်လင့်သမျှသော ဘေးမှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူကြောင်း ငါအမှန်သိ၏” ဟုဆိုလေ၏။ ၁၂  ထိုသို့ ဆင်ခြင်ပြီးနောက် မာကုအမည်သစ်ကိုရသူ ယောဟန်၏အမိ မာရိ၏အိမ်သို့ သွားလေ၏။ ထိုတွင် လူအများစုဝေး၍ ဆုတောင်းနေကြ၏။ ၁၃  ဂိတ်တံခါးကိုခေါက်သော် ရောဒေအမည်ရှိသူ အစေခံမလေးသည် တံခါးဖွင့်ရန် လာ၏။ ၁၄  ပေတရု၏အသံကို မှတ်မိလျှင် ဝမ်းမြောက်သဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍ တံခါးရှေ့တွင် ပေတရုရပ်နေသည်ဟု ပြော၏။ ၁၅  ထိုသူတို့က “သင်သည် အရူးဖြစ်၏” ဟုဆိုကြသော်လည်း၊ မိမိအမှန်ပြောကြောင်း အခိုင်အမာ ဆိုနေသောကြောင့် “သူ၏ကောင်းကင်တမန်ဖြစ်မည်” ဟုဆိုကြ၏။ ၁၆  ပေတရုသည် တံခါးကိုခေါက်နေသဖြင့် သူတို့ဖွင့်သည့်အခါ သူ့ကိုမြင်၍ အလွန်အံ့သြကြ၏။ ၁၇  သို့သော် ပေတရုသည် ထိုသူတို့ကို တိတ်တိတ်နေကြရန် လက်ရိပ်ပြ၍ မိမိကိုထောင်ထဲမှ ယေဟောဝါဘုရား မည်သို့ခေါ်ထုတ်လာကြောင်း အသေးစိတ်ပြောပြ၏။ ထို့နောက် “ဤအကြောင်းကို ယာကုပ်နှင့် ညီအစ်ကိုတို့အား ပြောပြကြလော့” ဟုဆိုပြီးလျှင် အခြားတစ်နေရာသို့ ခရီးဆက်လေ၏။ ၁၈  မိုးလင်းသောအခါ စစ်သည်တို့သည် ပေတရု၌ အမှန်တကယ် ဖြစ်ပျက်ရာကို မသိဘဲ ယောက်ယက်ခတ်နေကြ၏။ ၁၉  ဟေရုဒ်မင်းသည် ပေတရုကိုကြိုးစားရှာ၍ မတွေ့သော် အစောင့်တို့ကို စစ်ကြောပြီးမှ ပြစ်ဒဏ်စီရင်ရန် အမိန့်ထုတ်လေ၏။ ထို့နောက် သူသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ စံနေ၏။ ၂၀  ထိုအချိန်တွင် ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့် ဆိုင်ဒုန်မြို့သားတို့ကို ပြင်းစွာအမျက်ထွက်လျက်ရှိ၏။ ထိုသူတို့သည် တညီတညွတ်တည်းရောက်လာ၍ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား သူတို့ပြည်သည် ထိုမင်း၏ပြည်ကို မှီခိုစားသောက်ရ၏။ ၂၁  ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ပလ္လင်တော်ပေါ်မှာထိုင်၍ ထိုသူတို့အား မိန့်ခွန်းပြောကြား၏။ ၂၂  ထိုအခါ စုဝေးနေသူတို့က “ဤအသံသည် လူ၏အသံမဟုတ်၊ ဘုရား၏အသံဖြစ်သည်” ဟုကြွေးကြော်ကြသော်၊ ၂၃  ထိုမင်းသည် ဘုရားသခင်၏ဘုန်းတော်ကို မချီးမွမ်းသောကြောင့် ယေဟောဝါဘုရား၏ကောင်းကင်တမန်က ချက်ချင်းဒဏ်ခတ်သဖြင့် ပိုးစား၍ ကွယ်လွန်လေ၏။ ၂၄  ယေဟောဝါဘုရား၏ တရားစကားတော်မူကား ထွန်းကားပျံ့နှံ့လေ၏။ ၂၅  ဗာနဗနှင့် ရှောလုတို့သည် ကယ်ဆယ်ရေးအမှုကိစ္စများကို အပြည့်အဝ ဆောင်ရွက်ပြီးနောက် မာကုအမည်သစ်ရသော ယောဟန်ကိုခေါ်၍ ဂျေရုဆလင်မြို့မှ ပြန်သွားကြ၏။

အောက်ခြေမှတ်ချက်များ