“လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။”—ယောဘ ၁၄:၁၊ ၂

နုပျိုပြီး ကျန်းကျန်းမာမာနဲ့ ထာဝစဉ်အသက်ရှင်ရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ရှေးကတည်းက လူတွေ စိတ်ကူးယဉ်ခဲ့ကြတယ်။ ဒါပေမဲ့ လူတွေ သေနေရတယ်။ လွန်ခဲ့တဲ့အနှစ်သုံးထောင်ကျော်က ရေးခဲ့တဲ့ အထက်ပါကျမ်းစကားတွေဟာ ဒီနေ့အထိ မှန်နေဆဲပဲ။

လူတိုင်းက ထာဝစဉ်အသက်ရှင်ချင်ကြတယ်။ ဘုရားသခင်က လူ့စိတ်နှလုံးထဲမှာ အဲဒီစိတ်နဲ့ အဲဒါကို နားလည်ချင်တဲ့ဆန္ဒပါ ထည့်သွင်းထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၃:၁၁) ထာဝစဉ်အသက်ရှင်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုရင် မေတ္တာရှင်ဘုရားသခင်က ကျွန်ုပ်တို့စိတ်ထဲမှာ အဲဒီဆန္ဒကို ထည့်ပေးထားပါ့မလား။ သမ္မာကျမ်းစာက သေခြင်းတရားကို ရန်သူအနေနဲ့တင်စားပြီး အဲဒီရန်သူကို ဖယ်ရှားပေးမယ်လို့လည်း ဖော်ပြထားပါတယ်။—၁ ကောရိန္သု ၁၅:၂၆

သေခြင်းတရားက ရန်သူတစ်ပါးဆိုတာ ဘယ်သူမှ မငြင်းနိုင်သလို ဘယ်သူမှလည်း မသေချင်ကြဘူး။ ဒါကြောင့် အန္တရာယ်နဲ့ကြုံတဲ့အခါ ရှောင်တိမ်း၊ ပုန်းခို၊ ထွက်ပြေးတတ်ကြတယ်။ ဖျားတဲ့အခါ နေကောင်းအောင် အမျိုးမျိုး ကြိုးစားကြတယ်။ အသက်အန္တရာယ်ပေးနိုင်တဲ့ ဘာကိုမဆို ရှောင်ကြတယ်။

ရှေးကတည်းကရှိခဲ့တဲ့ ရန်သူသေခြင်းတရား လုံးဝမရှိတော့မယ့်အချိန် ရောက်လာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ယေဟောဝါဘုရားက လူတွေကို သက်တမ်းတိုတိုနဲ့အသက်ရှင်ပြီး သေဆုံးသွားဖို့ မဖန်ဆင်းခဲ့ဘူး။ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်က လူတွေ သေဆုံးဖို့မဟုတ်ဘဲ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ ဖြစ်တယ်။ ကိုယ်တော်ရည်ရွယ်တဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။—ဟေရှာယ ၅၅:၁၁

ဒါဆိုရင် သေခြင်းတရားက ဘယ်လို ပျောက်ကွယ်သွားမှာလဲ။ လူတွေဟာ သေခြင်းတရားကို ဖယ်ရှားဖို့ သမိုင်းတစ်လျှောက်လုံး ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီနေ့အထိ ရှာပုံတော်ဖွင့်နေကြတုန်းပဲ။ သိပ္ပံပညာရှင်တွေဟာ တချို့ရောဂါတွေကို ကာကွယ်ကုသဖို့ ဆေးဝါးတွေ တီထွင်ထုတ်လုပ်ခဲ့ကြတယ်။ ဒါ့အပြင် သက်ရှိတွေရဲ့ မျိုးရိုးဗီဇလက္ခဏာတွေကို စူးစမ်းလေ့လာခဲ့ကြတယ်။ ဒီနေ့ခေတ် လူတွေဟာ လွန်ခဲ့တဲ့အနှစ်တစ်ရာက လူတွေထက် အသက်ပိုရှည်လာကြတယ်။ ဒါပေမဲ့ သေခြင်းတရားကို ဖယ်ရှားလို့ မရသေးပါဘူး။ ကျမ်းစာမှာဖော်ပြထားတဲ့အတိုင်း ‘လူအားလုံး မြေမှုန့်ထဲသို့ ပြန်သွား’ ကြတယ်။—ဒေသနာ ၃:၂၀

ဝမ်းသာစရာက ယေဟောဝါဘုရားဟာ ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့ကို သေခြင်းတရားကနေ ကယ်တင်ဖို့အစီအစဉ် ရေးဆွဲပြီးသားဖြစ်လို့ သေခြင်းတရားကိုဖယ်ရှားဖို့ လူ့အသိဉာဏ်အပေါ် အားကိုးစရာမလိုပါဘူး။