ယောသပ်လေးဟာ ကုန်သည်တွေရဲ့ အနောက်ကနေ လိုက်ပါလာရင်း နိုင်းလ်မြစ်ဝကျွန်းပေါ်ရဲ့ မြေနိမ့်ပိုင်းကို ရောက်လာတဲ့အခါ တိုက်ခတ်လာတဲ့လေပူနဲ့အတူ ကြာပန်းနဲ့ ရေမှာပေါက်တဲ့ အပင်တွေရဲ့ ရနံ့တွေကို ရှူရှိုက်မိတယ်။ ချောင်းစပ်နံဘေးကနေ ကုလားအုတ်တွေကို ဆွဲသွားနေတဲ့ ကုန်သည်တွေရဲ့ ယာဉ်တန်းရှည်ကြီးဟာ အီဂျစ်ပြည်ရဲ့ မြို့တစ်မြို့ကို ဦးတည်သွားနေတယ်။ အဲဒီလိုသွားနေတဲ့အခါ ချောင်းစပ်နားမှာ နားနေကြတဲ့ ငှက်ကလေးတွေ လန့်ဖျပ်ပြီး ထပျံသွားတာကို မြင်ယောင်ကြည့်လိုက်ပါ။ လေရူးတသုန်သုန် ဝှေ့ယမ်းနေတဲ့ ဟေဗြုန်တောင်ကုန်းပေါ်က မိသားစုအိမ်လေးကို ယောသပ် သတိရလာပြန်တယ်။ အခုတော့ အိမ်နဲ့ မိုင်ပေါင်းရာနဲ့ချီ ဝေးသွားတဲ့ သီးခြားကမ္ဘာတစ်ခုကို ယောသပ် ရောက်သွားပါပြီ။

စွန်ပလွံပင်တွေနဲ့ သဖန်းပင်တွေရဲ့ ထိပ်မှာ ဆူဆူညံညံအော်မြည်နေတဲ့ မျောက်တွေရဲ့အသံကို နားမလည်နိုင်ဘူး။ အဲဒီလိုပဲ ယောသပ်လည်း လမ်းသွားလမ်းလာတွေရဲ့ ပြောဆိုနေတာတွေကို ဘာမှနားမလည်ဘူး။ သူတို့ပြောနေတဲ့စကား တစ်လုံးစနှစ်လုံးစကို နားလည်အောင် ကြိုးစားနေပါလိမ့်မယ်။ ယောသပ်လေးဟာ မိသားစုဆီ မပြန်နိုင်တော့ဘူးဆိုတာကိုသိလိုက်တဲ့အတွက် သူတို့ရဲ့ ဘာသာစကားတွေကို သင်ယူရတော့မယ်။

၁၇ နှစ်၊ ၁၈ နှစ်လောက်ပဲ ရှိသေးတဲ့ ယောသပ်လေးဟာ လူကြီးတွေတောင် စိုးရိမ်တုန်လှုပ်သွားမယ့် ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတယ်။ အဖေ့ရဲ့ အချစ်ဆုံးသားလေးဖြစ်တဲ့ ယောသပ်ကို မနာလိုဝန်တိုမီး တောက်လောင်နေတဲ့ အကိုရင်းတွေက သတ်ဖို့အထိတောင် ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ သူ့ကိုမသတ်ဘဲ ကုန်သည်တွေဆီ ရောင်းစားပစ်လိုက်တယ်။ (ကမ္ဘာဦး ၃၇:၂၊ ၅၊ ၁၈-၂၈) အပတ်ပေါင်းများစွာ ခရီးနှင်လာပြီးတဲ့နောက် အရောင်းအဝယ်ကောင်းတဲ့မြို့နား နီးလာတာနဲ့အမျှ ကုန်သည်တွေရဲ့ မျက်နှာတွေဟာ ပြုံးဖြီးပြီး နေမင်းကြီးလို တောက်ပလာပါတယ်။ အဲဒီမြို့မှာ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေနဲ့ ယောသပ်ကို ရောင်းမယ်ဆိုရင် အမြတ်အစွန်း မြိုးမြိုးမြက်မြက်ရမှာ သေချာတယ်။ ဘဝအခက်အခဲတွေနဲ့ စိတ်ဆင်းရဲမှုဒဏ်တွေကို ယောသပ် ဘယ်လိုတောင့်ခံခဲ့သလဲ။ ကျွန်ုပ်တို့လည်း ယုံကြည်ခြင်း ပျက်ပြားသွားစေမယ့် ဘဝပြဿနာတွေနဲ့ စိတ်ဆင်းရဲမှုဒဏ်တွေကို ဘယ်လို တောင့်ခံနိုင်မလဲ။ ယောသပ်အဖြစ်ကနေ သင်ယူစရာတွေ အများကြီး ရှိပါတယ်။

“ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ”

“ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသား ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖာထံမှာရောင်းကြ၏။” (ကမ္ဘာဦး ၃၉:၁) ဒုတိယအကြိမ် ရောင်းစားခံလိုက်ရတဲ့ ယောသပ်လေးခမျာ ဘယ်လောက်အထိ ရှက်ရွံ့သိမ်ငယ်နေမလဲဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ သူ့ကို ကုန်ပစ္စည်းတစ်ခုလိုပဲ သဘောထားနေကြပါလား။ အီဂျစ်နန်းတွင်းအရာရှိဖြစ်သူ သခင်ရဲ့အနောက်ကနေ ကုပ်ကုပ်လေးလိုက်သွားနေတဲ့ ယောသပ်ကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဈေးဆိုင်တွေနဲ့ လူစည်ကားနေတဲ့ မြို့လမ်းတွေကနေဖြတ်ပြီး နန်းတွင်းအရာရှိရဲ့ အိမ်ကို ဦးတည်သွားနေကြတယ်။

အခု ယောသပ်ရောက်နေတဲ့ အိမ်အသစ်က သူ့မိသားစုအိမ်နဲ့ တခြားစီပါပဲလား။ နေရာအတည်တကျမနေဘဲ ရောက်တဲ့အရပ်မှာ ရွက်ဖျင်တဲထိုးပြီး သိုးအုပ်ကြီးကို ထိန်းကျောင်းခဲ့ရတဲ့ မိသားစုထဲမှာ သူကြီးပြင်းလာတာပါ။ ပေါတိဖာလိုမျိုး ချမ်းသာကြွယ်ဝတဲ့ အီဂျစ်လူတွေရဲ့ အိမ်တွေကတော့ အရောင်တောက်တောက် ဆေးသုတ်ထားပြီး ကြီးကျယ်ခမ်းနားလွန်းတယ်။ တံတိုင်းကာရံထားတဲ့ ခြံထဲမှာ အရိပ်ရတဲ့ အပင်တွေအပြင် ကျူပင်၊ ကြာပင်၊ တခြားအပင်တွေပေါက်နေတဲ့ ရေကန်တွေနဲ့ စိမ်းလန်းစိုပြည်နေတာကို ရှေးခေတ်အီဂျစ်လူတွေ ကြိုက်ကြတယ်လို့ ရှေးဟောင်းသုတေသီတွေက ဖော်ပြတယ်။ ပန်းခြံအတွင်း ဆောက်ထားတဲ့ တချို့အိမ်တွေမှာ လေညင်းခံဖို့ လေသာဆောင်တွေ၊ လေဝင်လေထွက်ကောင်းဖို့ ပြတင်းပေါက် အမြင့်ကြီးတွေ ရှိတဲ့အပြင် အခန်းတွေလည်း အများကြီး ရှိတယ်။ အဲဒီအခန်းတွေထဲမှာ ထမင်းစားခန်းကြီးတစ်ခန်းနဲ့ အစေခံကျွန်တွေနေဖို့ အခန်းတွေလည်း ပါတယ်။

အဲဒီလို ခမ်းနားထည်ဝါတဲ့ အိမ်ကြီးမျိုးကို ယောသပ် သဘောကျခဲ့သလား။ သဘောကျမယ့်ပုံ မပေါ်ပါဘူး။ သူ့ခမျာ အဖော်မဲ့ အထီးကျန် နေမှာ သေချာပါတယ်။ အီဂျစ်လူတွေရဲ့ ဘာသာစကား၊ ဝတ်စားဖြီးလိမ်းပုံတွေဟာ သူ့အတွက် ထူးဆန်းနေတယ်။ ဒါ့အပြင် ဝတ်ပြုရေးပိုင်းမှာလည်း ဆီနဲ့ရေလို ကွာခြားလွန်းတယ်။ သူတို့ဟာ နတ်ဘုရားအမျိုးမျိုးကို ဝတ်ပြုတဲ့အပြင် ဂမ္ဘီရပညာ၊ မှော်အတတ်ပညာတွေကို လိုက်စားကြတယ်။ သေခြင်းတရားနဲ့ နောင်ဘဝကိုလည်း အရမ်းစိတ်ဝင်စားကြတယ်။ ယောသပ်ဟာ အဖော်မဲ့အထီးကျန်နေပေမဲ့ သူ့ဘဝ မပျက်စီးသွားရတဲ့ အကြောင်းရင်းတစ်ခုရှိတယ်။ အဲဒါကတော့ “ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ” နေလို့ပါပဲ။ (ကမ္ဘာဦး ၃၉:၂) ယောသပ်ဟာ ခံစားချက်တွေကို ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းခဲ့မှာ သေချာတယ်။ ကျမ်းစာမှာလည်း ဒီလိုဖော်ပြတယ်– ‘ယေဟောဝါဘုရားသည် ပတ္ထနာပြုသောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။’ (ဆာလံ ၁၄၅:၁၈) ဒါ့အပြင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဆက်ရှိအောင် ယောသပ် ဘာလုပ်သေးသလဲ။

ယောသပ်လေးဟာ စိတ်ပျက်လက်ပျက်နဲ့ ဘဝကို အၡုံးမပေးခဲ့ဘူး။ အဲဒီအစား ယေဟောဝါဘုရားဆီက ကောင်းချီးရဖို့ အလုပ်ကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့တယ်။ မကြာခင်မှာ သခင်ဖြစ်သူ ပေါတိဖာရဲ့ အရေးပေးမှုကို ယောသပ်ရရှိခဲ့တယ်။ အစေခံကျွန်လေးဟာ သူ့ရဲ့ဘုရား ယေဟောဝါဆီကနေ ကောင်းချီးရနေတယ်ဆိုတာကို ပေါတိဖာ သိမြင်ခဲ့တယ်။ အဲဒီကောင်းချီးကြောင့်လည်း ပေါတိဖာတို့မိသားစု ပိုပြီးကြီးပွားချမ်းသာလာတာဖြစ်တယ်။ ဒါနဲ့ ပေါတိဖာဟာ ယောသပ်ကို ချစ်ခင်အားကိုးလာပြီး တစ်အိမ်လုံးကို ကြီးကြပ်ရမယ့်တာဝန်ကိုတောင် ပေးလိုက်တယ်။—ကမ္ဘာဦး ၃၉:၃-၆

ယေဟောဝါဘုရားကို ကိုးကွယ်နေကြတဲ့ ဒီနေ့ခေတ်လူငယ်တွေအတွက် ယောသပ်ဟာ စံနမူနာကောင်း ပြခဲ့တယ်။ ဥပမာ၊ ဂမ္ဘီရပညာကို လိုက်စားပြီး ဘဝရည်ရွယ်ချက်ကင်းမဲ့နေတဲ့ အတန်းဖော်တွေရဲ့အလယ်မှာ ကိုယ့်ကိုယ်ကိုယ် တစ်မူထူးခြားနေတယ်လို့ လူငယ်တွေ ခံစားရနိုင်တယ်။ အဲဒီအခြေအနေမျိုးကြုံရရင် ယေဟောဝါဘုရားဟာ မပြောင်းလဲဘူးဆိုတာ သတိရပါ။ (ယာကုပ် ၁:၁၇) ကိုယ်တော်ဟာ မိမိအပေါ်သစ္စာရှိပြီး စိတ်တော်နဲ့တွေ့အောင် ကြိုးစားလုပ်ဆောင်နေသူတွေနဲ့အတူ ရှိနေတုန်းပါပဲ။ သူတို့ကို ကိုယ်တော် ကောင်းချီးအများကြီးပေးသလို သင့်ကိုလည်း ကောင်းချီးပေးပါလိမ့်မယ်။

ယောသပ်လေးဟာ ပေါတိဖာအိမ်မှာ တဖြည်းဖြည်းကြီးပြင်းလာပြီး ခန့်ချောကြီးဖြစ်လာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီလို ခန့်ချောကြီးဖြစ်လာတာက အန္တရာယ်ကို လက်ယက်ခေါ်သလိုမျိုး ဖြစ်တတ်တယ်။ ရုပ်ရည်ချောမောမှုကြောင့် တစ်ခါတလေ မကောင်းတဲ့စိတ်နဲ့ အာရုံစိုက်ခံရနိုင်တယ်။

သစ္စာစောင့်သိတဲ့ ယောသပ်ကို ပေါတိဖာမိန်းမ အာရုံစိုက်မိ

“အမြဲငြင်းဆန်”

ယောသပ်က သစ္စာစောင့်သိမှုကို တန်ဖိုးထားပေမဲ့ ပေါတိဖာမိန်းမကတော့ တန်ဖိုးမထားပါဘူး။ ကျမ်းစာကနေ ဒီလို ဖတ်ရပါတယ်– “သခင်၏မယားသည် ယောသပ်ကိုတပ်မက်သောစိတ်ရှိ၍ ‘ငါနှင့်အတူအိပ်ပါ’ ဟုဆို၏။” (ကမ္ဘာဦး ၃၉:၇) နတ်ဘုရားတွေကို ကိုးကွယ်တဲ့ ဒီအမျိုးသမီးဟာ ယောသပ်ကို ရဲရဲတင်းတင်းမြှူဆွယ်ခဲ့တယ်။ ဒါပေမဲ့ ယောသပ်ဟာ အဲဒီထောင်ချောက်ထဲမှာ ကျော့မိသွားသလား။ ယောသပ်မှာ လူငယ်သဘာဝအရ ဖိုမဆက်ဆံလိုတဲ့ဆန္ဒ မရှိဘူး ဒါမှမဟုတ် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိတဲ့ နန်းတွင်းအရာရှိရဲ့ ဇနီးက ရုပ်ဆိုးပြီး ဆွဲဆောင်မှုမရှိဘူးလို့ ကျမ်းစာမှာ မပြောထားပါဘူး။ ဖောက်ပြန်ခဲ့ရင်တောင် ပေါတိဖာ ဘယ်တော့မှ သိမှာမဟုတ်ဘူးလို့ ယောသပ် ဆင်ခြေပေးမှာလား။ ဖောက်ပြန်မယ်ဆိုရင် စည်းစိမ်တွေရမလားလို့ သူစဉ်းစားနေမလား။

 ယောသပ် ဘာတွေစဉ်းစားနေမလဲဆိုတာတော့ ကျွန်ုပ်တို့ မသိနိုင်ပါဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာ သူ့ရဲ့အဖြေကနေ သိနိုင်ပါတယ်။ “ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ပါ။ ဤအိမ်တွင်လည်း ကျွန်တော်ထက် သာ၍ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကို ငြင်း၍ပြန်ဆို၏။” (ကမ္ဘာဦး ၃၉:၈၊ ၉) အဲဒီစကားတွေကို လေးလေးနက်နက် ပြတ်ပြတ်သားသား ပြောနေတဲ့ ယောသပ်ကို မြင်ယောင်ကြည့်လိုက်ပါ။ ပေါတိဖာမိန်းမနဲ့ ဖောက်ပြန်မယ်ဆိုတဲ့ အတွေးကတောင် သူ့ကို စိတ်ထိခိုက်စေတယ်။ ဘာကြောင့်လဲ။

သခင်ပေါတိဖာဟာ ယောသပ်ကို ယုံကြည်စိတ်ချမှု ရှိတယ်ဆိုတာ အထက်ပါကျမ်းစကားကနေ သိရတယ်။ ဇနီးကလွဲလို့ တစ်အိမ်လုံးကို ယောသပ်လက်ထဲ အပ်ထားခဲ့တယ်။ သခင်ရဲ့ ယုံကြည်စိတ်ချမှုကို ယောသပ် အလွဲသုံးပြီး ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ။ အဲဒီလိုအတွေးမျိုး သူ့စိတ်ကူးထဲမှာတောင် မရှိဘူး။ ကြီးလေးတဲ့အပြစ်ကို ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားဖို့ဆိုတာ ပိုလို့တောင် စိတ်ကူးထဲမှာ မရှိဘူး။ အိမ်ထောင်ကတိသစ္စာအပေါ် ဘုရားရဲ့ရှုမြင်ပုံကို မိဘတွေဆီကနေ ယောသပ် အများကြီးသိရှိထားတယ်။ အိမ်ထောင်မင်္ဂလာကို အစပြုပေးတဲ့အရှင် ယေဟောဝါဘုရားက အိမ်ထောင်နဲ့ပတ်သက်တဲ့ မိမိရဲ့သဘောထားတွေကို ရှင်းရှင်းလင်းလင်း မိန့်မှာထားပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့အခါ အမျိုးသားနဲ့အမျိုးသမီးဟာ အတူပေါင်းစည်းသွားပြီး “တစ်သားတစ်ကိုယ်တည်း” ဖြစ်ရမယ်။ (ကမ္ဘာဦး ၂:၂၄) အိမ်ထောင်ရေးနှောင်ကြိုးကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့သူတွေဟာ ဘုရားသခင့်အမျက်တော် စူးရှခံရမှာဖြစ်တယ်။ ဥပမာ၊ ယောသပ်ရဲ့ ဘေးမဖြစ်တဲ့ အာဗြဟံရဲ့ ဇနီး၊ အဖွားဖြစ်တဲ့ ဣဇာက်ရဲ့ဇနီးကို အတင်းအကျပ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့သူတွေဟာ ဒုက္ခရောက်တော့မလိုတောင် ဖြစ်ခဲ့ကြတယ်။ (ကမ္ဘာဦး ၂၀:၁-၃; ၂၆:၇-၁၁) အဲဒီအကြောင်းတွေကို ယောသပ်သိရှိထားတဲ့အတွက် ဘုရားမကြိုက်တာတွေကို မလုပ်ချင်ဘူး။

ပေါတိဖာရဲ့မိန်းမဟာ ယောသပ်ပြောလိုက်တဲ့ စကားတွေကြောင့် ခံပြင်းသွားမှာ သေချာတယ်။ သူ့ရဲ့မြှူဆွယ်မှုကို ဘာမဟုတ်တဲ့အစေခံကျွန်က “အပြစ်ကြီးသော ဤအမှု” လို့ပြောပြီး ငြင်းပယ်လိုက်ပါလား။ ဘာပဲပြောပြော သူကတော့ ဇွဲကောင်းကောင်းနဲ့ မြှူဆွယ်နေတုန်းပဲ။ သူ့ရဲ့မာန ရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားလို့ ယောသပ်ကို မရမက မြှူဆွယ်တာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ပေါတိဖာမိန်းမမှာ ယေရှုကို သွေးဆောင်ခဲ့တဲ့ စာတန်ရဲ့စိတ်ဓာတ်မျိုး ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ စာတန်က ယေရှုကို မသွေးဆောင်နိုင်ခဲ့ပေမဲ့ လက်မြှောက်အၡုံးမပေးဘဲ “အခွင့်အခါကောင်းကို စောင့်နေ” ခဲ့တယ်။ (လုကာ ၄:၁၃) ယေဟောဝါဘုရားအပေါ် သစ္စာရှိတဲ့သူတွေဟာ ကိုယ့်ရဲ့သန္နိဋ္ဌာန်ကို ခိုင်မြဲအောင် လုပ်ဆောင်ဖို့လိုတယ်။ ယောသပ် အဲဒီအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ “နေ့စဉ်” မြှူဆွယ်ခံနေရပေမဲ့လည်း သူရဲ့သန္နိဋ္ဌာန်ကို မချိုးဖျက်ဘဲ “အမြဲငြင်းဆန်” ခဲ့တယ်။ (ကမ္ဘာဦး ၃၉:၁၀ခမ) ဒါပေမဲ့ ပေါတိဖာရဲ့မိန်းမကတော့ ဇွဲကောင်းကောင်းနဲ့ မြှူဆွယ်နေတုန်းပါပဲ။

ပေါတိဖာမိန်းမဟာ အစေခံကျွန်တွေ အိမ်မှာမရှိတဲ့အချိန်ကို အခွင့်ကောင်းယူခဲ့တယ်။ ယောသပ် အိမ်ထဲဝင်ပြီး အလုပ်လာလုပ်ရမယ်ဆိုတာ သူသိထားတယ်။ ယောသပ်အိမ်ထဲဝင်လာတာနဲ့ မိန်းမမာယာနဲ့ ထောင်ချောက်ဆင်ပါလေရော။ ဒီတစ်ခါတော့ အပိုင်ပဲဆိုပြီး ယောသပ်ရဲ့ဝတ်ရုံကို ဆွဲရင်း “ငါနှင့်အတူအိပ်ပါ” လို့ သွေးဆောင်ပါတော့တယ်။ ယောသပ် တွေဝေမနေခဲ့ပါဘူး။ ချက်ချင်းပဲ နောက်ဆုတ်ပြီး အတင်းရုန်းတယ်။ ဒါပေမဲ့ သူ ရုန်းထွက်လို့မရအောင် ပေါတိဖာမိန်းမက ဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆွဲထားတယ်။ နောက်ဆုံးမှာတော့ ရုန်းထွက်ပြီး ယောသပ် ထွက်ပြေးသွားနိုင်ပေမဲ့ သူ့ရဲ့ဝတ်ရုံကတော့ ကျန်ရစ်ခဲ့တယ်။—ကမ္ဘာဦး ၃၉:၁၁၊ ၁၂

“မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြ” ဆိုတဲ့ တမန်တော်ပေါလုရဲ့ ဆုံးမစကားကို ကျွန်ုပ်တို့ ပြန်သတိရမိပါလိမ့်မယ်။ (၁ ကောရိန္သု ၆:၁၈) ခရစ်ယာန်စစ်အားလုံး လိုက်လျှောက်သင့်တဲ့ စံနမူနာကောင်းကို ယောသပ်ပြသခဲ့တယ် မဟုတ်လား။ ဘုရားချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ဂရုမစိုက်တဲ့သူတွေနဲ့ နေ့တိုင်း ကျွန်ုပ်တို့ ထိတွေ့ပြောဆိုနေရတာနဲ့ပဲ သူတို့ရဲ့ မကောင်းတဲ့သြဇာကို တွန်းလှန်လို့မရတော့ဘူးလို့ မဆိုလိုပါဘူး။ ပေးဆပ်လိုက်ရတဲ့အခ ဘယ်လောက်ပဲကြီးမားပါစေ ကျွန်ုပ်တို့ ထွက်ပြေးရမယ်။

ယောသပ် ပေးဆပ်လိုက်ရတဲ့အခကတော့ များလွန်းပါတယ်။ ပေါတိဖာရဲ့မိန်းမက ကလဲ့စားချေချင်တဲ့အတွက် ချက်ချင်းပဲ ငယ်သံပါအောင် အော်လိုက်တဲ့အခါ အိမ်ထဲကို အစေခံကျွန်တွေ ပြေးဝင်လာကြတယ်။ သူ့ကို ယောသပ်က သားမယားပြုကျင့်ဖို့ ကြိုးစားနေတုန်း အော်လိုက်မှ ထွက်ပြေးသွားတယ်ဆိုပြီး အစေခံကျွန်တွေကို လိမ်ညာပြောတယ်။ ဝတ်ရုံကို သက်သေအနေနဲ့သိမ်းထားပြီး ပေါတိဖာပြန်အလာကို စောင့်နေတယ်။ ပေါတိဖာလည်း ပြန်လာရော အစေခံကျွန်တွေကို ပြောတဲ့အတိုင်း ပြန်ပြောပြတယ်။ အိမ်ထဲကို လူမျိုးခြားတစ်ယောက် ခေါ်သွင်းထားလို့ ဒီလိုဖြစ်ရတာဆိုပြီး သူ့ယောက်ျားကို အပြစ်ပုံချခဲ့တယ်။ ဒါနဲ့ ပေါတိဖာ ဘာလုပ်လိုက်သလဲ။ “ယောသပ်ကို အမျက်ထွက်” ပြီး ထောင်ချလိုက်တယ်။—ကမ္ဘာဦး ၃၉:၁၃-၂၀

ခြေကျင်းအခတ်ခံရ

အဲဒီခေတ်က အီဂျစ်အကျဉ်းထောင်တွေဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာ ကျွန်ုပ်တို့ မသိပါဘူး။ ဒါပေမဲ့ ထောင်ခန်းတွေနဲ့ မြေအောက်ခန်းတွေပါတဲ့ ခံတပ်ကြီးလို အဆောက်အအုံတွေရဲ့ အပျက်အယွင်းတွေကို ရှေးဟောင်းသုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ယောသပ်ကလည်း အကျဉ်းထောင်ကို မူရင်းဟေဗြဲဘာသာစကားနဲ့ တွင်းလို့ ဖော်ပြခဲ့တယ်။ မှောင်မဲပြီး လွတ်လမ်းမရှိတဲ့နေရာလို့ အဓိပ္ပာယ်ရတယ်။ (ကမ္ဘာဦး ၄၀:၁၅) ထောင်ထဲမှာ ယောသပ် ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတဲ့အကြောင်း  ဆာလံကျမ်းမှာ ဒီလိုဖော်ပြထားပါတယ်– “ယောသပ်သည် ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်း သံလည်ပတ် အတပ်ခံရ၏။” (ဆာလံ ၁၀၅:၁၈၊ ၁၉ခမ) အီဂျစ်လူတွေဟာ အကျဉ်းသားတွေရဲ့ လက်တံတောင်ဆစ်ကို နောက်ပြန်ကြိုးတုပ်တတ်ကြတယ်။ အကျဉ်းသားတချို့ရဲ့ လည်ပင်းမှာ သံလည်ပတ်စွပ်ထားတယ်။ မတရားညှဉ်းဆဲခံရတဲ့အတွက် ယောသပ်ခမျာ ဘယ်လောက်ထိ နာကျင်လိုက်မလဲ။ တကယ်တော့ အဲဒီလိုအပြစ်ဒဏ်ခံရလောက်တဲ့အထိ ယောသပ် ဘာမှမလုပ်ခဲ့ပါဘူး။

ယောသပ်ခံရတဲ့ ဆင်းရဲဒုက္ခဟာ ခဏပဲလည်း မဟုတ်ပါဘူး။ သူဟာ ‘ထောင်ထဲမှာ ဆက်နေရ’ တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဆိုးဝါးလွန်းတဲ့အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ * ထောင်ထဲကနေ လွတ်မယ်မလွတ်ဘူးဆိုတာကို သူမသိဘူး။ ထောင်ထဲမှာ စိတ်ရောကိုယ်ပါဆင်းရဲခဲ့ရတဲ့ နေ့ရက်တွေဟာ အပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာလာတယ်။ အဲဒီအခါ ဝမ်းနည်းကြေကွဲပြီး စိတ်ပျက်လက်ပျက်နဲ့ ဘဝကို အၡုံးမပေးဘဲ သူဘယ်လိုတောင့်ခံခဲ့သလဲ။

“ထာဝရဘုရားသည် သူနှင့်အတူရှိ၍ မေတ္တာကျေးဇူးပြု” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၃၉:၂၁သမ္မာ) ဒါကြောင့် ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်သူတွေဆီ ကိုယ်တော့်ရဲ့မေတ္တာမရောက်အောင် ထောင်တံတိုင်းတွေ၊ လက်ထိတ်တွေ၊ မှောင်မည်းနေတဲ့ အခန်းကျဉ်းလေးတွေက မတားဆီးနိုင်ပါဘူး။ (ရောမ ၈:၃၈၊ ၃၉) ယောသပ်ဟာ ခံစားနေရတဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲမှုကို “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဆီ ရင်ဖွင့်ဆုတောင်းပြီးတဲ့နောက် စိတ်ငြိမ်သက်မှုရရှိသွားတဲ့ပုံကို မြင်ယောင်ကြည့်ပါ။ (၂ ကောရိန္သု ၁:၃၊ ၄; ဖိလိပ္ပိ ၄:၆၊ ၇) ယောသပ်အတွက် ယေဟောဝါဘုရား နောက်ထပ် ဘာလုပ်ပေးခဲ့သလဲ။ “ထောင်မှူး” ဆီကနေ ယောသပ် “မျက်နှာသာရ” အောင်လုပ်ပေးခဲ့တယ်လို့ ကျမ်းစာမှာ ဖတ်ရတယ်။

အကျဉ်းသားတွေဟာ ထောင်ထဲမှာ အလုပ်လုပ်ကြရတယ်။ ယောသပ်က ဘုရားသခင်ဆီကနေ ကောင်းချီးရအောင် သူရရှိတဲ့ ဘယ်တာဝန်ကိုမဆို ကြိုးစားလုပ်ဆောင်ပြီး ကျန်တာကို ဘုရားသခင်ဆီ ပုံအပ်လိုက်တယ်။ ယေဟောဝါဘုရားရဲ့ကောင်းချီးကြောင့် ပေါတိဖာအိမ်မှာ ရရှိခဲ့တဲ့ယုံကြည်လေးစားမှုမျိုး ထောင်ထဲမှာလည်း သူ ရခဲ့တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့ အပ်၍၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။” (ကမ္ဘာဦး ၃၉:၂၂၊ ၂၃) ယေဟောဝါဘုရားဆီကနေ ဂရုစိုက်စောင့်ရှောက်မှုကို ရရှိနေတဲ့အတွက် ယောသပ် ဘယ်လောက်တောင် နှစ်သိမ့်မှုခံစားလိုက်ရမလဲ။

ထောင်ထဲမှာ အလုပ်ကြိုးစားတဲ့ ယောသပ်ကို ယေဟောဝါဘုရားကောင်းချီးပေးခဲ့

ကျွန်ုပ်တို့ရဲ့ ဘဝမှာလည်း ရေစီးတစ်ခါ၊ ရေသာတစ်လှည့် အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ တစ်ခါတလေ ရက်စက်လွန်းတဲ့ မတရားမှုတွေကိုတောင် ခံရနိုင်တယ်။ အဲဒီအခါ ယောသပ်ရဲ့ယုံကြည်ခြင်းကို တုပနိုင်ပါတယ်။ ကျွန်ုပ်တို့လည်း ယေဟောဝါဘုရားဆီက ကောင်းချီးလိုချင်တယ်ဆိုရင် ကိုယ်တော့်ဆီ ဆုတောင်းပြီး ခင်မင်ရင်းနှီးနေရမယ်၊ ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်လျှောက်နေရမယ်၊ ကိုယ်တော်ကြိုက်နှစ်သက်ရာတွေကို ကြိုးစားလုပ်ဆောင်နေရမယ်။ ဘုရားသခင်ဆီမှာ ယောသပ်ကို ကောင်းချီးပေးစရာတွေ အများကြီးရှိပါသေးတယ်။ ဒီအကြောင်းတွေကို နောက်ပိုင်းမှာ ဆက်ပြီးဖော်ပြသွားပါမယ်။

^ စာပိုဒ်၊ 23 ပေါတိဖာအိမ်ကို ရောက်စတုန်းက ယောသပ်ရဲ့အသက် ၁၇၊ ၁၈ နှစ်လောက်ပဲ ရှိသေးတယ်။ အဲဒီအိမ်မှာပဲ သူကြီးပြင်းလာခဲ့တဲ့အတွက် နှစ်အနည်းငယ်အထိ အဲဒီမှာ နေထိုင်ခဲ့တာဖြစ်နိုင်တယ်။ ထောင်ထဲက လွတ်လာချိန်မှာ သူ့အသက် ၃၀ ရှိနေပြီ။—ကမ္ဘာဦး ၃၇:၂; ၃၉:၆; ၄၁:၄၆