“ကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း ထာဝရဘုရား [ယေဟောဝါ] သည်အကျွန်ုပ်ကို အောက်မေ့ [ဂရုစိုက်] တော်မူ၏။” *ရှေးအစ္စရေးဘုရင် ဒါဝိဒ်။

“လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်၏။”—ဟေရှာယ ၄၀:၁၅

ဒါဝိဒ်က ဘုရားရဲ့ဂရုစိုက်မှုကို လိုချင်နေတယ်။ ဘုရားက သူ့ကို တကယ်ပဲ ဂရုစိုက်ခဲ့သလား။ သင့်ကိုရော ဘုရား ဂရုစိုက်သလား။ လူများစွာက သူတို့ကို တန်ခိုးအကြီးဆုံးအရှင်ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ ယုံရခက်နေကြတယ်။ ဘာဖြစ်လို့လဲ။

အကြောင်းရင်းတစ်ခုက ဘုရားဟာ ဘယ်လူသားထက်မဆို ကြီးမြတ်လွန်းတဲ့အတွက်ဖြစ်တယ်။ ကြီးမြတ်လွန်းတဲ့ ဘုရားဘက်ကနေ ကြည့်မယ်ဆိုရင် “လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင်၌ မြူမှုန့်ကဲ့သို့ ထင်မှတ်စရာရှိ” တယ်။ (ဟေရှာယ ၄၀:၁၅) ဘုရားကိုမယုံတဲ့ မျက်မှောက်ခေတ် စာရေးဆရာတစ်ယောက်က “ကိုယ့်လုပ်ရပ်အားလုံးကို အလေးအနက်ထားပြီး စိတ်ဝင်စားမှုပြတဲ့ဘုရား ရှိတယ်လို့ယုံတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့သူပဲ” ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့တယ်။

တချို့ကျပြန်တော့ ကိုယ့်ရဲ့လုပ်ရပ်တွေကို ဘုရား ဂရုစိုက်ကြည့်ရလောက်အောင် တန်ဖိုးမရှိဘူးလို့ ယူမှတ်ကြတယ်။ ဥပမာ၊ ဂျင်မ်ဆိုတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်က ဒီလိုပြောပြတယ်– “စိတ်ငြိမ်သက်အောင်၊ စိတ်ထိန်းနိုင်အောင် ကူညီပေးပါလို့ ဘုရားဆီ မပြတ်တမ်း ဆုတောင်းတယ်။ ဒါပေမဲ့ ဒေါသကို မချုပ်ထိန်းနိုင်ဘူး။ အဲဒါကြောင့် ငါအရမ်းဆိုးလွန်းလို့ ဘုရားသခင်တောင် မကူညီပေးနိုင်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယူမှတ်မိတယ်။”

ဘုရားသခင်က လူသားတွေကို ဂရုမစိုက်နိုင်လောက်တဲ့အထိ အလှမ်းဝေးလွန်းနေသလား။ အပြစ်အားနည်းချက်ရှိတဲ့ လူသားတွေကို ဘုရား ဘယ်လိုသဘောထားသလဲ။ ဘုရားကသာ ကိုယ့်အကြောင်းကို ထုတ်ဖော်မပြောဘူးဆိုရင် ဘယ်လူသားကမှ ဘုရားအကြောင်းကို မှန်မှန်ကန်ကန် ပြောနိုင်မှာမဟုတ်သလို အဲဒီမေးခွန်းတွေကိုလည်း အဖြေပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူသားတွေကို ဂရုမစိုက်နိုင်လောက်တဲ့အထိ ဘုရားသခင် အလှမ်းမဝေးဘူးလို့ ကိုယ်တော့်စကားတော်တွေကို မှတ်တမ်းတင်ထားတဲ့စာအုပ်မှာ အာမခံထားပါတယ်။ အဲဒီစာအုပ်မှာ ဒီလိုဖော်ပြထားတယ်– “အမှန်စင်စစ် ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” (တမန်တော် ၁၇:၂၇) နောက်ဆက်တွဲဆောင်းပါးလေးခုမှာ လူသားတွေကို စိတ်ဝင်စားကြောင်း ဘုရားပြောဆိုရာတွေနဲ့ အဲဒီစိတ်ဝင်စားမှုတွေကို ဘယ်လိုဖော်ပြသလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။

^ စာပိုဒ်၊ 3 ဆာလံ ၄၀:၁၇; ယေဟောဝါဆိုတာ ဘုရားနာမည်ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။