အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ဂျော်နသန်ဟာ ငယ်ငယ်ကတည်းက လူမျိုးရေးတစ်ဖက်သတ်အစွဲနဲ့ ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။ သူကြီးပြင်းလာတဲ့အခါ သူ့ပုံပန်း ဒါမှမဟုတ် လူမျိုးရေး နောက်ခံကိုကြည့်ပြီး ကြိုတင်ဆုံးဖြတ်တာမျိုးမလုပ်တဲ့ ဝန်းကျင်ကို ရှာဖွေခဲ့တယ်။ သူဟာ အမေရိကန်နိုင်ငံ၊ အလက်စကာမြောက်ပိုင်းက မြို့တစ်မြို့မှာ ဆရာဝန်ဖြစ်လာတယ်။ အဲဒီမြို့မှာ သူ့ရဲ့လူနာ တော်တော်များများက သူ့လို အသွင်အပြင်မျိုးရှိတဲ့သူတွေ ဖြစ်ကြတယ်။ ဒီမြို့မှာ လူမျိုးရေးမုန်းတီးမှု ရှိမှာမဟုတ်ဘူးလို့ သူ မျှော်လင့်ထားခဲ့တယ်။

ဒါပေမဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို ဆေးကုသပေးတဲ့အခါ သူ့ရဲ့မျှော်လင့်ချက်က တစ်စစီ ပြိုကွဲသွားပါတော့တယ်။ သတိမေ့မြောနေရာမှ ပြန်သတိလည်လာတဲ့ အဲဒီအမျိုးသမီးဟာ ဂျော်နသန်ရဲ့မျက်နှာကို ကြည့်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပါတော့တယ်။ သူ ဘာကြောင့် အဲဒီလိုပြောရတာလဲ။ အကြောင်းရင်းက ကိုရီးယားလူမျိုးကို မုန်းတီးဖို့ ငယ်ငယ်ကတည်းက သွန်သင်ခံခဲ့ရလို့ပါပဲ။ ဂျော်နသန်အတွက်ကတော့ အဲဒီဖြစ်ရပ်က စိတ်နာစရာပါ၊ ပတ်ဝန်းကျင်အသစ်မှာ အံဝင်ခွင်ကျဖြစ်မယ်လို့ထင်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့ ဒီမှာလည်း လူမျိုးရေးတစ်ဖက်သတ်အစွဲနဲ့ မုန်းတီးမှုက ရှိနေတုန်းပါပဲလား။

ဂျော်နသန်ရဲ့ကိုယ်တွေ့က စိတ်ပျက်စရာ ဖြစ်ရပ်မှန်တစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ တစ်ဖက်သတ်အစွဲကို ကမ္ဘာတစ်ဝန်းလုံးမှာ တွေ့မြင်နေရတုန်းပါပဲ။

 တစ်ဖက်သတ်အစွဲက နေရာတကာ ပျံ့နှံ့နေပေမဲ့ အဲဒီစိတ်ဓာတ်ကို လူအများစု မနှစ်သက်ကြပါဘူး။ ဒီကိစ္စက ရှေ့နောက်မညီသလိုပဲ။ အရာတစ်ခုကို လူတွေ မကြိုက်ဘူးလို့လည်း ဆိုသေးရဲ့၊ တစ်ချိန်တည်းမှာ အဲဒီအရာက နေရာတကာ ပျံ့နှံ့နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ဖက်သတ်အစွဲကို မနှစ်သက်သူ အတော်များများဟာ သူတို့ကိုယ်တိုင်ကိုက အဲဒီအစွဲရှိနေမှန်းမသိဘဲ ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ သင်ကော အဲဒီလိုဖြစ်နေပါသလား။

ပုဂ္ဂိုလ်ရေးကိစ္စ

ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ လူမျိုးရေးတစ်ဖက်သတ်အစွဲ ကိန်းအောင်းနေမနေဆိုတာကို သတိပြုမိဖို့ ခက်နိုင်ပါတယ်။ အဲဒီလိုခက်ခဲရတဲ့ အကြောင်းရင်းကို ကျမ်းစာမှာ ဒီလိုရှင်းပြထားတယ်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။” (ယေရမိ ၁၇:၉) ဒါကြောင့် ကျွန်ုပ်တို့ဟာ လူအမျိုးမျိုးအပေါ် သဘောထားကြီးတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားမိနိုင်တယ်။ ဒါမှမဟုတ် အုပ်စုတစ်စုအပေါ် အပျက်သဘောရှုမြင်ဖို့ ကျွန်ုပ်တို့မှာ ခိုင်လုံတဲ့ အကြောင်းရင်းရှိတယ်ဆိုပြီး ရှာကြံအကြောင်းပြမိနိုင်တယ်။

ဒီလိုအဖြစ်မျိုးနဲ့ သင် ရင်ဆိုင်ရတဲ့အခါ ဘယ်လိုခံစားရမလဲ

ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ လူမျိုးရေးတစ်ဖက်သတ်အစွဲ ကိန်းအောင်းနေမနေဆိုတာကို ပိုင်းခြားသိမြင်ဖို့ ခက်ခဲပါတယ်။ ဒါကို ဖြစ်ရပ်တစ်ခုနဲ့ ဥပမာပြချင်တယ်– ညအချိန် လမ်းပေါ်မှာ သင်တစ်ယောက်တည်း လမ်းလျှောက်နေတုန်း သင့်အနားကို သင် တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းနှစ်ယောက် ချဉ်းကပ်လာတယ်။ သူတို့ရဲ့ပုံစံက အားကောင်းမောင်းသန်ရှိပြီး သူတို့ထဲက တစ်ယောက်ဆိုရင် လက်ထဲမှာ တစ်ခုခုကိုင်ထားသလိုပဲ။

သင် သတိရှိရမယ်လို့ ခံစားမိသလား။ ဒီအဖြစ်မျိုးက အန္တရာယ်ရှိနိုင်တယ်လို့ သင် သိရှိထားတဲ့အတွက် သတိရှိကောင်းရှိနိုင်ပါတယ်။ ညအချိန် လမ်းပေါ်မှာ သင်တစ်ယောက်တည်း လမ်းလျှောက်နေတုန်း သင့်အနားကို ချဉ်းကပ်လာတဲ့ အဲဒီလူနှစ်ယောက်က လူမျိုးခြားတွေ ဖြစ်နေတယ်လို့ ထပ်မြင်ယောင်ကြည့်လိုက်ပါ။ သူတို့ကို သင် မြင်တဲ့အခါ ပိုပြီးသတိရှိသင့်တယ်လို့ ခံစားရပါသလား။ သင့်အဖြေက သင့်မှာ လူမျိုးရေးတစ်ဖက်သတ်အစွဲ ရှိမရှိဆိုတာကို အတိုင်းအတာတစ်ခုအထိ ဖော်ပြပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ကြည့်မယ်ဆိုရင် ကျွန်ုပ်တို့အားလုံးမှာ လူမျိုးရေးတစ်ဖက်သတ်အစွဲ အနည်းနဲ့အများ ကိန်းအောင်းနေနိုင်တယ်ဆိုတာ ဝန်ခံရမယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူမျိုးရေးတစ်ဖက်သတ်အစွဲကို ဘာသာပြန်ကျမ်းတစ်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– ‘လူတွေဟာ လူ့အပြင်ပန်းသဏ္ဌာန်ကိုကြည့်ပြီး အကဲဖြတ်တတ်ကြတယ်။’ (၁ ဓမ္မရာဇဝင် ၁၆:၇Contemporary English Version) ကျွန်ုပ်တို့အားလုံးဟာ တစ်ဖက်သတ်အစွဲတွေကြောင့် မကြာခဏဆိုသလို ပြဿနာတက်ကြရပါတယ်။ ဒီလိုဆိုရင် အဲဒီစိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ဒါမှမဟုတ် ဖယ်ရှားဖို့ မျှော်လင့်ချက် ရှိပါသေးသလား။ အဲဒီစိတ်ဓာတ် ကမ္ဘာပေါ်ကနေ ပပျောက်သွားမယ့်အချိန်ကိုကော တွေ့မြင်ရပါဦးမလား။