ကလေးတို့က လိမ်ပြောတယ်ဆိုရင် ဒါဟာ အမှန်အတိုင်း ပြောနေတာမဟုတ်ဘူးဆိုတာ ကလေးတို့ သိတယ်မဟုတ်လား။ ကလေးတို့ကော လိမ်ပြောဖူးသလား။ * ဘုရားသခင်ကို ချစ်ပါတယ်ဆိုတဲ့ ရင့်ကျက်တဲ့ လူကြီးတွေတောင် လိမ်ပြောခဲ့ကြတယ်။ ကျမ်းစာမှာပါတဲ့ လိမ်ပြောခဲ့တဲ့သူတစ်ယောက်အကြောင်း ကလေးတို့ သိရင်သိမှာပါ။ သူက ယေရှုရဲ့တမန်တော် ပေတရုပဲ။ ဘာကြောင့် သူလိမ်ပြောရသလဲဆိုတာကို ဖတ်ကြည့်ရအောင်နော်။

ယေရှုဟာ အဖမ်းခံရပြီး ယဇ်ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲကို ခေါ်သွားခံရတယ်။ အဲဒီအချိန်ဟာ ညသန်းခေါင်ကျော်နေပါပြီ။ ပေတရုဟာ ယဇ်ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲကို လူတွေမသိအောင် တိတ်တိတ်လေး ဝင်သွားတယ်။ မီးအလင်းရောင်ကြောင့် ယဇ်ပုရောဟိတ်မင်းရဲ့ အစေခံမလေးက ပေတရုကို မှတ်မိသွားတယ်လေ။ ဒါနဲ့ သူက ‘သင်လည်း ယေရှု၏ အပေါင်းပါဖြစ်’ တယ်လို့ ပြောလိုက်တဲ့အခါ ပေတရုက ကြောက်လန့်ပြီး မဟုတ်ရပါဘူးလို့ ဖြေလိုက်တယ်။

အဲဒီနောက် “အခြားအစေခံမလေးတစ်ဦး” လည်း ပေတရုကို မှတ်မိသွားပြီး ‘ဤသူသည် ယေရှုနှင့်ပေါင်းဖော်သူ’ ဖြစ်တယ်လို့ ပြောပြန်တယ်။ ဒီတစ်ခါလည်း ပေတရုက မဟုတ်ပါဘူးလို့ ငြင်းပြန်တယ်။ ခဏအကြာမှာ ပေတရုအနားမှာ ရပ်နေတဲ့သူတွေက “စင်စစ်၊ သင်သည်လည်း ထိုသူတို့ အဝင်ဖြစ်” တယ်လို့ ပြောပါလေရော။

ဒီတစ်ခါလည်း ပေတရု ကြောက်လန့်သွားပြီး “ထိုသူကို ငါမသိ” ဘူးလို့ တတိယအကြိမ် လိမ်ပြောလိုက်တယ်။ အဲဒီအချိန်မှာ ကြက်တွန်တယ်။ ပေတရုကို ယေရှု လှည့်ကြည့်လိုက်တဲ့အခါ အဲဒီမတိုင်ခင်က ယေရှု ပြောခဲ့တဲ့ ဒီစကားကို ပေတရု သတိရသွားတယ်– “ကြက်မတွန်မီ သင်သည် သုံးကြိမ်တိုင်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်။” ဒါနဲ့ ပေတရုဟာ စိတ်ထိခိုက်သွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်ပါလေရော။ သူဘယ်လောက်ထိ ဝမ်းနည်းလိုက်မလဲ။

အဲဒီလိုအဖြစ်မျိုး ကလေးတို့ ကြုံနိုင်သလား။— ကလေးတို့ ကျောင်းမှာရှိနေတုန်း သူငယ်ချင်းတွေက ယေဟောဝါသက်သေတွေအကြောင်း ပြောဆိုနေကြတာကို ကြားရတာဖြစ်နိုင်တယ်။ တစ်ယောက်က “သူတို့က ဆင့်ကဲဖြစ်စဉ်ကို လက်မခံဘူး” လို့ပြောတယ်။ နောက်တစ်ယောက်က “ခရစ္စမတ်ပွဲ၊ မွေးနေ့ပွဲလည်း မလုပ်ဘူး” လို့ပြောတယ်။ နောက်တစ်ယောက်ကလည်း “သူတို့က ယေရှုခရစ်ကို မယုံဘူး၊ ဒါကြောင့် ခရစ်ယာန်စစ်တွေ မဟုတ်ဘူး” လို့ပြောတယ်။ အဲဒီနောက် တစ်ယောက်က “မင်းဟာ ယေဟောဝါသက်သေတစ်ယောက်ပဲ” လို့ပြောတဲ့အခါ ကလေးတို့ ဘယ်လိုပြန်ပြောမလဲ။

 အဲဒီလိုအဖြစ်မျိုး မကြုံခင် ကလေးတို့ ဘယ်လိုပြန်ပြောရမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထားရမယ်နော်။ ပေတရုက ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူးလေ။ လူတွေ ဝိုင်းပြောလာတဲ့အခါ သူလိမ်ပြောမိတယ်။ ဒါပေမဲ့ လိမ်ပြောမိတာကို သူအရမ်းစိတ်မကောင်း ဖြစ်ခဲ့တဲ့အတွက် ဘုရားသခင် သူ့ကို ခွင့်လွှတ်ခဲ့တယ်။

ရှေးခေတ်က ယေရှုရဲ့တပည့်တစ်ဦးဖြစ်တဲ့ အာနနိလည်း လိမ်ပြောခဲ့တယ်။ ဒါပေမဲ့ သူ့ကိုရော သူ့ဇနီး ရှဖိရေကိုပါ ဘုရားသခင် ခွင့်မလွှတ်ခဲ့ဘူး။ ရှဖိရေက လိမ်ပြောဖို့ သူ့ခင်ပွန်း အာနနိနဲ့ ကြိုတင်ဇာတ်တိုက်ထားတယ်လေ။ အာနနိနဲ့ ရှဖိရေကို ဘုရားသခင် ဘာကြောင့် ခွင့်မလွှတ်တာလဲဆိုတာကို ဆက်ကြည့်ရအောင်။

တမန်တော်တွေနဲ့ ခွဲခွာပြီး ကောင်းကင်ကို ယေရှု တက်သွားပြီးတဲ့နောက် ဆယ်ရက်အကြာမှာ လူ ၃,၀၀၀ လောက် ဂျေရုဆလင်မြို့မှာ နှစ်ခြင်းခံခဲ့ကြတယ်။ အဲဒီအထဲက လူတော်တော်များများဟာ ဂျူးပွဲတော်ဖြစ်တဲ့ ပင်တေကုတ္တေပွဲကို တက်ရောက်ဖို့ အဝေးကြီးကနေ ရောက်လာကြတာလေ။ နှစ်ခြင်းခံပြီး ယေရှုရဲ့တပည့်တွေဖြစ်လာကြတဲ့ သူတို့ဟာ တွေ့ရှိထားတဲ့ ယုံကြည်ချက်အသစ်အကြောင်း ထပ်သိချင်လို့ ဂျေရုဆလင်မြို့မှာ ရက်အတော်ကြာ နေချင်ကြတယ်။ ဒါကြောင့် သူတို့ကို ယေရှုရဲ့ တပည့်တချို့က ကိုယ်ပိုင်ငွေနဲ့ ကျွေးမွေးဧည့်ခံကြတယ်။

အာနနိနဲ့ ရှဖိရေတို့ကလည်း နှစ်ခြင်းခံခါစသူတွေကို ကူညီပေးဖို့ သူတို့ရဲ့မြေကွက်ကို ရောင်းချခဲ့ကြတယ်။ အာနနိဟာ တမန်တော်တွေရှေ့ ငွေတွေကို ယူလာပြီး အဲဒီငွေတွေက မြေကွက်ရောင်းရတဲ့ငွေ အကုန်ပဲလို့ ပြောပြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သူ့အတွက် ငွေတချို့ကို သိမ်းထားတယ်ကွဲ့။ ဒီအကြောင်းကို ဘုရားသခင်က ပေတရုကို ပေးသိလိုက်တယ်။ ဒါနဲ့ ပေတရုက ‘အာနနိ၊ သင်သည် လူကို လိမ်သည်မဟုတ်၊ ဘုရားသခင်ကို လိမ်’ နေပြီလို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ အာနနိ လဲကျသေဆုံးသွားတယ်။ နောက်သုံးနာရီလောက်မှာ သူ့ဇနီး ရှဖိရေ ရောက်လာတယ်။ အာနနိ ဘာဖြစ်သွားသလဲဆိုတာကို သူ့ခမျာ မသိရှာဘူး။ သူလည်းပဲ လိမ်ပြောတဲ့အတွက် လဲကျပြီး သေဆုံးသွားတယ်ကွဲ့။

ထိရောက်တဲ့ သင်ခန်းစာကတော့ စကားကို အမှန်အတိုင်းပြောဆိုဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ တို့တတွေလည်း အဲဒီဖြစ်ရပ်ကနေ သင်ခန်းစာယူဖို့လိုတယ်။ ဒါပေမဲ့ တို့အားလုံးက လိမ်ပြောတတ်ကြတယ်၊ အမှားတွေ လုပ်မိတတ်ကြတယ်။ အထူးသဖြင့် ကလေးဘဝမှာပေါ့။ ယေဟောဝါဘုရားသခင်က ကလေးတို့ကို ချစ်ပြီး ပေတရုကို ခွင့်လွှတ်သလို ခွင့်လွှတ်မယ်ဆိုရင် မပျော်ဘူးလား။— ဒါပေမဲ့ သတိရ,ရမှာက စကားကို အမှန်အတိုင်း ပြောရမယ်နော်။ တကယ်လို့ လိမ်ပြောမိတယ်ဆိုရင် ဘုရားသခင်ဆီကနေ ခွင့်လွှတ်မှုရအောင် အသနားခံဖို့ လိုအပ်တယ်။ ပေတရုဟာ ဘုရားသခင်ကို အသနားခံတဲ့အတွက် ခွင့်လွှတ်ခံခဲ့ရတယ်။ တို့တတွေလည်း နောက်တစ်ခါ မလိမ်မိအောင် ကြိုးစားမယ်ဆိုရင် ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုကို ရရှိမှာပါ။

သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ

^ စာပိုဒ်၊ 3 ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည်က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်တယ်။