သင် သိပါသလား

အစ္စရေးနိုင်ငံရဲ့ ခြောက်သွေ့ရာသီက ရှည်လျားတဲ့အတွက် လူတွေ ရေအလုံအလောက်ရရှိဖို့ ဘယ်လိုလုပ်ခဲ့ကြသလဲ။

အစ္စရေးနိုင်ငံမှာ အောက်တိုဘာလနဲ့ဧပြီလစပ်ကြား မိုးရွာပြီး တစ်ခါတလေ တောင်ကြားချိုင့်ဝှမ်းတွေထဲကို မိုးရေတွေ ဒလဟောစီးဝင်သွားတယ်။ ဒါပေမဲ့ နွေရာသီရောက်တဲ့အခါ တောင်ကြားချိုင့်ဝှမ်းအများစုမှာရှိတဲ့ ရေတွေ ခန်းခြောက်သွားပြီး လအတော်ကြာတဲ့အထိ မိုးမရွာတော့ဘူး။ ကျမ်းစာခေတ်ကလူတွေဟာ ရေပုံမှန်ရရှိအောင် ဘယ်လိုလုပ်ခဲ့ကြသလဲ။

တောင်စောင်းတွေမှာ ရေစီးရာလမ်းကြောင်းတွေ ဖော်ပြီး မိုးရေတွေကို မြေအောက်ကလိုင်ပေါက်တွေ ဒါမှမဟုတ် ရေလှောင်ကန်တွေထဲ စီးဝင်စေခြင်းအားဖြင့် အဲဒီပြဿနာကို ဖြေရှင်းခဲ့ကြပါတယ်။ အိမ်ခေါင်မိုးတွေက မသိမသာလေး စောင်းနေတဲ့အတွက် မိုးရွာတဲ့အခါ မိုးရေတွေက ရေလှောင်ကန်တွေထဲကို စီးဝင်သွားကြတယ်။ မိသားစုအတော်များများမှာ ကိုယ်ပိုင် ရေလှောင်ကန်တွေရှိကြပြီး အဲဒီကနေ သောက်သုံးရေ ရရှိနိုင်တယ်။—၄ ဓမ္မရာဇဝင် ၁၈:၃၁၊ ၃၂

အစ္စရေးလူတွေဟာ သဘာဝစမ်းရေတွင်းကနေလည်း ရေရရှိနိုင်ကြပါတယ်။ ကုန်းမြင့်ဒေသတွေမှာ ဆောင်းမိုးရွာတဲ့အခါ မိုးရေတွေဟာ ရေစိမ့်မဝင်နိုင်တဲ့ မြေအောက်ကျောက်လွှာအထိ စိမ့်ဝင်သွားတယ်။ မြေကြီးထဲ စိမ့်ဝင်သွားတဲ့ မိုးရေတွေက ပြန်စိမ့်ထွက်လာနိုင်တဲ့နေရာတွေနားရောက်ရင် စမ်းရေတွေအဖြစ် မြေကြီးပေါ်ကို ပြန်စိမ့်ထွက်လာကြတယ်။ လူတွေဟာ သဘာဝစမ်းရေထွက်တဲ့ နေရာတွေအနားမှာ ရွာတည်တတ်ကြတယ်။ ဥပမာအနေနဲ့ အင်ရှေမက်၊ အင်ရောဂေလ၊ အင်ဂေဒိဆိုတဲ့နေရာတွေမှာ စမ်းရေထွက်ရှိတယ်။ အင် ဆိုတဲ့ ရှေ့ဆက်စကားလုံးက မူရင်းဟေဗြဲစကားအရဆိုရင် စမ်းရေဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ (ယောရှု ၁၅:၇၊ ၆၂) ဂျေရုဆလင်မြို့မှာကျတော့ မာကျောတဲ့ ကျောက်တွေထဲကိုဖောက်ပြီး တူးထားတဲ့ ရေပြွန်ကနေတစ်ဆင့် မြို့ထဲကို စမ်းရေတွေ သွယ်ယူကြတယ်။—၄ ဓမ္မရာဇဝင် ၂၀:၂၀

သဘာဝစမ်းရေ မထွက်ရှိတဲ့ နေရာတွေမှာတော့ ရေရရှိဖို့အတွက် ရေတွင်း (ဟေဗြဲလို ဗေရ) တူးဖော်ခဲ့ကြတယ်။ ဥပမာ၊ ဗေရရှေဘမြို့မှာ အဲဒီလိုတူးခဲ့ကြတယ်။ (ကမ္ဘာဦး ၂၆:၃၂၊ ၃၃) စာရေးဆရာ အင်ဒရေ ရှူရာခီက “[အစ္စရေးလူတွေ] ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းနည်းကို ကနေ့ခေတ် လူတွေတောင် အထင်ကြီးကြတယ်” လို့ပြောခဲ့တယ်။

ဘယ်လိုအိမ်မျိုးမှာ အာဗြံ (အာဗြဟံ) နေထိုင်ခဲ့တာ ဖြစ်နိုင်သလဲ

အာဗြံနဲ့ သူ့ဇနီးနေထိုင်တဲ့ ဥရမြို့ဟာ ချမ်းသာကြွယ်ဝတဲ့ ခါလဒဲပြည်သားတွေ နေထိုင်ရာမြို့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ ညွှန်ကြားချက်အရ အဲဒီမြို့ကနေထွက်ပြီး တဲရှင်နဲ့နေခဲ့ကြတယ်။ (ကမ္ဘာဦး ၁၁:၃၁; ၁၃:၁၂) အဲလိုနေဖို့အတွက် သူတို့ ဘယ်လောက်အထိ ကိုယ်ကျိုးစွန့်လိုက်ရမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

၁၉၂၂ ခုနှစ်နဲ့ ၁၉၃၄ ခုနှစ်ကြားကာလမှာ ကနေ့ခေတ် အီရတ်နိုင်ငံမှာရှိတဲ့ ဥရမြို့ကို လီယိုနာ့ဒ် ဝူလီက တူးဖော်တွေ့ရှိခဲ့တယ်။ တူးဖော်တွေ့ရှိခဲ့တဲ့ အဆောက်အအုံတွေထဲမှာ အုတ်နဲ့ဆောက်ထားတဲ့အိမ် ၇၃ လုံးပါတယ်။ အဲဒီအိမ်တွေမှာ အခန်းတွေ အများကြီးရှိပြီး ကျောက်ပြားခင်းထားတဲ့ မြေကွက်လပ်တစ်ခုကို ပတ်ဆောက်ထားတာဖြစ်တယ်။ အဲဒီမြေကွက်လပ်က အလယ်ဘက်ကို ပြေပြေလေး လျှောဆင်းနေပြီး အဲဒီမှာ ရေဆိုးထွက်ပေါက် တစ်ပေါက်ရှိတယ်။ အိမ်ကြီးအိမ်ကောင်းတွေမှာဆိုရင် ဧည့်သည်တွေအတွက် ရေအိမ်ပါတဲ့ အိပ်ခန်းတွေရှိတယ်။ မြေညီထပ်မှာ မီးလင်းဖိုပါတဲ့ မီးဖိုချောင်တွေနဲ့ အိမ်စေတွေနေတဲ့ အခန်းတွေရှိတယ်။ မိသားစုဝင်တွေကတော့ အပေါ်ထပ်မှာနေတယ်။ လှေကားကနေ အပေါ်ထပ်ကိုတက်လိုက်ရင် မြေကွက်လပ်ဘက်ကို မျက်နှာမူထားတဲ့ ပတ်လည်သစ်သားဝရန်တာဆီကို ရောက်သွားပြီး အိမ်ခန်းတွေဆီကို ဝင်ထွက်သွားလာလို့ရတယ်။

‘ကျောက်ပြားခင်းထားတဲ့ မြေကွက်လပ်တစ်ခုနဲ့ ရေနုတ်မြောင်းစနစ်ရှိပြီး အိမ်နံရံတွေကို ထုံးဖြူသုတ်ထားတဲ့အပြင် အိမ်ခန်းပေါင်း တစ်ဒါဇင်ကျော်ရှိတဲ့ . . . နေအိမ်တစ်လုံးဟာ တကယ့်ကို အဆင့်မြင့်တဲ့ လူနေမှုဘဝပုံစံတစ်ခုနဲ့ ကိုက်ညီတယ်။ အဲလိုအိမ်မျိုးမှာ လူလတ်တန်းစားတွေ၊ ဆိုင်ပိုင်ရှင်တွေ၊ အသေးစားကုန်သည်တွေ၊ ကျမ်းတတ်တွေစသဖြင့် လူတန်းစားအသီးသီး နေထိုင်ကြတယ်’ ဆိုပြီး ဝူလီက ရေးသားဖော်ပြခဲ့တယ်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အစ္စရေးနိုင်ငံ၊ ဟာဗို့တ် မဇာဒါ ရေလှောင်ကန်

[Credit Line]

© Masada National Park, Israel Nature and Parks Authority

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အာဗြဟံခေတ်က နေအိမ်တစ်လုံးရဲ့ပုံ

[Credit Line]

© Drawing: A. S. Whitburn