သင်သိပါသလော

သမ္မာကျမ်းစာတွင် ဖော်ပြထားသော နူနာရောဂါသည် ယနေ့ခေတ်မှ နူနာရောဂါနှင့် အတူတူပင်ဖြစ်သလော။

ယနေ့ခေတ်အခေါ် “နူနာ၊” တစ်နည်းအားဖြင့် အနာကြီးရောဂါဟူသော ဆေးဝေါဟာရသည် လူတို့တွင်ဖြစ်သော ဗက်တီးရီးယားကူးစက်ရောဂါတစ်မျိုးကို ရည်ညွှန်းသည်။ ထိုဗက်တီးရီးယား(မိုင်ခိုဗက်တီးရီးယားလက်ပရေး)ကို ၁၈၇၃ တွင် ဒေါက်တာ ဂျီအေဟန်စင်က တွေ့ ရှိခဲ့သည်။ ထိုဗက်တီးရီးယားသည် လူ့ခန္ဓာကိုယ်ပြင်ပရှိ နှာရည်တွင် ကိုးရက်အထိ ရှင်သန်နိုင်ကြောင်း သုတေသီများတွေ့ ရှိသည်။ ထို့ပြင် နူနာရောဂါသည်များနှင့် အနီးကပ်ထိတွေ့ရသူများသည် ရောဂါကူးစက်မည့်အလားအလာပိုများပြီး ရောဂါပိုးရှိနေသောအဝတ်အစားများက အဓိကကူးစက်စေနိုင်ကြောင်းကိုလည်း သူတို့တွေ့ ရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နူနာရောဂါသည်အသစ် ၂၂၀,၀၀၀ ကျော် ထပ်တိုးလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံသည်။

ကျမ်းစာခေတ်တွင် အရှေ့အလယ်ပိုင်းဒေသ၌ နူနာရောဂါသည်များရှိခဲ့မည်မှာ သေချာသည်၊ နူနာစွဲသူကို သီးခြားခွဲထားရန် မောရှေပညတ်က တောင်းဆိုထားသည်။ (ဝတ်ပြုရာ ၁၃:၄၊ ၅) သို့သော် “နူနာ” ဟုပြန်ဆိုသောဟေဗြဲစကားလုံး ဇာရေ့သ်သည် လူတွင်ကူးစက်ခြင်းကိုသာ ရည်ညွှန်းနေသည်မဟုတ်ပါ။ ဇာရေ့သ်သည် အဝတ်အစားများနှင့်အိမ်များတွင်လည်း စွဲကပ်တတ်သည်။ ထိုနူနာသည် သစ်သား၊ ပိတ်အဝတ် သို့မဟုတ် သားရေနှင့်လုပ်သော အသုံးအဆောင်တစ်ခုခုတွင် စွဲကပ်နိုင်သည်။ အခြေအနေအချို့တွင် ယင်းကို ဆေးကြော၍ဖယ်ရှားနိုင်သည်၊ သို့သော် “ခပ်စိမ်းစိမ်း၊ ခပ်နီနီ” ဆက်ရှိနေပါက ထိုအဝတ် သို့မဟုတ် သားရေကို မီးရှို့ပစ်ရသည်။ (ဝတ်ပြုရာ ၁၃:၄၇-၅၂) အိမ်များ၏နံရံတွင်လည်း “ခပ်စိမ်းစိမ်း၊ ခပ်နီနီ” ဖြစ်ကာ နူနာစွဲနေတတ်သည်။ (ဝတ်ပြုရာ ၁၄:၃၃-၄၅) နူနာစွဲနေသော ကျောက်တုံးများနှင့်အင်္ဂတေကို ဖယ်ရှားပြီး လူတို့နှင့်ဝေးရာတွင် စွန့်ပစ်ရသည်။ သို့သော် ထိုနူနာပြန်စွဲလျှင် အိမ်ကိုဖြိုဖျက်၍ မြို့ပြင်တွင် စွန့်ပစ်ရသည်။ (ဝတ်ပြုရာ ၁၄:၃၃-၄၅) အဝတ် သို့မဟုတ် အိမ်များတွင်စွဲနေသောနူနာသည် ယခုခေတ်အခေါ် မှိုတက်ခြင်းဖြစ်နိုင်သည်ဟု အချို့ယူဆကြသည်။ သို့သော်လည်း ထိုသို့တထစ်ချမဆိုနိုင်ပေ။

ဧဖက်မြို့တွင် တမန်တော်ပေါလု၏ ဟောပြောခြင်းက ပန်းထိမ်သမားများစပ်ကြား အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်စေသနည်း။

ဧဖက်မြို့ရှိပန်းထိမ်သမားများသည် ‘အာတေမိနတ်ဘုရားမ၏ ငွေနတ်ကွန်းများကို’ ပြုလုပ်၍ စီးပွားဖြစ်နေကြသည်၊ ထိုနတ်ဘုရားမသည် ဧဖက်မြို့သားများကိုစောင့်ရှောက်ပြီး အမဲလိုက်ခြင်း၊ မျိုးပွားခြင်း၊ သားဖွားခြင်းဆိုင်ရာ နတ်ဘုရားမဖြစ်သည်ဟု သူတို့ယူဆကြ၏။ (တမန်တော် ၁၉:၂၄) ထိုနတ်ဘုရားမ၏ပုံတူသည် “ကောင်းကင်မှကျ” လာသည်ဟုဆိုကာ ယင်းကို ဧဖက်မြို့ရှိ အာတေမိဗိမာန်တွင် ထားကြသည်။ (တမန်တော် ၁၉:၃၅) ထိုဗိမာန်ကို ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်သွယ်မှ အံ့ဖွယ်တစ်ပါးအဖြစ် ရှုမြင်သည်။ နှစ်စဉ်၊ ဧပြီနှင့်မေလများတွင် ဘုရားဖူးခရီးသည်များစွာသည် အာတေမိနတ်ဘုရားမကို ဂုဏ်ပြုသောပွဲတော်များတက်ရောက်ရန် ဧဖက်မြို့သို့ ရောက်လာကြ၏။ သူတို့သည် အမှတ်တရပစ္စည်း၊ အဆောင်လက်ဖွဲ့နှင့် နတ်ဘုရားမအတွက် လှူဖွယ်ပစ္စည်းများအဖြစ် အသုံးပြုရန်ဖြစ်စေ၊ အိမ်ပြန်ရောက်လျှင် မိသားစုဝတ်ပြုမှုတွင် အသုံးပြုရန်ဖြစ်စေ လက်ဆောင်ပစ္စည်းများစွာကို ဝယ်ယူကြသည်။ ဧဖက်မြို့မှ ရှေးကမ္ဗည်းစာများတွင် အာတေမိနတ်ဘုရားမ၏ ရွှေငွေပုံတူများထုလုပ်သည့်အကြောင်း ဖော်ပြပြီး ငွေပန်းတိမ်သမားများအကြောင်း သတ်သတ်မှတ်မှတ်ဖော်ပြထားသည်။

‘လူ့လက်ဖြင့် လုပ်သောအရာများသည် ဘုရားသခင်မဟုတ်’ ဟူ၍ ပေါလုသွန်သင်သည်။ (တမန်တော် ၁၉:၂၆) ထို့ကြောင့် ပန်းထိမ်သမားများက သူတို့စီးပွားပျက်မည်ကိုစိုးရိမ်ပြီး ပေါလု၏ဟောပြောခြင်းကို ဆန့်ကျင်ရန် သွေးထိုးလေတော့သည်။ ပန်းထိမ်သမားဒေမေတရိသည် ၎င်းတို့၏စိုးရိမ်ပူပန်မှုကို ဤသို့ဖွင့်ပြောခဲ့သည်– ‘ငါတို့၏လုပ်ငန်းသည် ကဲ့ရဲ့စရာဖြစ်မည်သာမက အာရှနယ်တစ်ဝန်းလုံးနှင့် လူနေရာမြေကြီးပေါ်တွင် ကိုးကွယ်သည့် ကြီးမြတ်သောနတ်ဘုရားမ အာတေမိ၏ဘုန်းအသရေပင် ညှိုးနွမ်းလျက် သူ၏ဗိမာန်သည်လည်း အချည်းနှီးဖြစ်ရမည့်ဘေး ဆိုက်ပါတော့မည်။’—တမန်တော် ၁၉:၂၇