သင်သိပါသလော

အဘယ်ဘာသာစကားကို ယေရှုပြောဆိုခဲ့သနည်း။

ယေရှုပြောဆိုခဲ့သည့် ဘာသာစကားနှင့်ပတ်သက်၍ ကျမ်းပညာရှင်များ သဘောထားကွဲလွဲနေကြသည်။ သို့သော် ယေရှုသည် လူသားတစ်ဦးအနေဖြင့် မြေကြီးပေါ်ရှိစဉ်က ဟေဗြဲနှင့် အာရမိတ်စကားတစ်မျိုးကို ပြောဆိုခဲ့ပုံရှိသည်။ ဂါလိလဲနယ်၊ နာဇရက်မြို့ရှိ တရားဇရပ်တွင် ကိုယ်တော်သည် ဟေဗြဲဘာသာစကားဖြင့် ရေးသားထားသော ဟေရှာယပရောဖက်ပြုချက်မှ ဖတ်ပြခဲ့သည်။ ယေရှုသည် ထိုကျမ်းပိုဒ်ကို အာရမိတ်ဘာသာစကားဖြင့် ဘာသာပြန်ဆိုခဲ့ခြင်းရှိမရှိ ကျမ်းစာက မဖော်ပြပါ။—လုကာ ၄:၁၆-၂၁

ယေရှုခရစ် မြေကြီးပေါ်ရှိစဉ် ပါလက်စတိုင်းတွင် ပြောဆိုသုံးနှုန်းခဲ့သော ဘာသာစကားများနှင့်ပတ်သက်၍ ပါမောက္ခ ဂျီအားနတ်စ်ရိုက် ဤသို့ဆို၏– “ဂရိနှင့်အာရမိတ်သည် အများသုံးဘာသာစကားများဖြစ်ပုံရသည်။ . . . ရောမစစ်သားနှင့်အရာရှိများသည် လက်တင်စကား ပြောဆိုခြင်းဖြစ်နိုင်ပြီး ဩသဒေါက်စ်ဂျူးများသည် ဟေဗြဲစကားတစ်မျိုး ပြောဆိုခြင်းဖြစ်နိုင်သည်။” ထို့ကြောင့် ပိလတ်သည် ယေရှု၏နှက်တိုင်ပေါ်တွင် ဟေဗြဲ၊ လက်တင်နှင့်ဂရိဟူသော ဘာသာစကားသုံးမျိုးဖြင့် ကမ္ပည်းစာရေးသားစေခြင်းဖြစ်သည်။—ယောဟန် ၁၉:၂၀

ယေရှုလက်ထက်မှ ရှာဖွေတွေ့ ရှိချက်များဟူသော စာအုပ်တွင် အေလဲန်မေးလတ်က ဤသို့ဆို၏– “ရောမဘုရင်ခံတို့သည် နေ့စဉ်တာဝန်ထမ်းဆောင်ချိန်များတွင် ဂရိစကား ပြောဆိုကြသည်၊ ထို့ကြောင့် ယေရှုသည် ရုံးတင်စစ်ဆေးခံရချိန်တွင် ပိလတ်၏မေးခွန်းများကို ဂရိစကားဖြင့် ဖြေဆိုခဲ့ပေမည်။” ထိုသို့ဟုတ်မဟုတ် ကျမ်းစာတွင် မဖော်ပြထားသော်လည်း ထိုအပြန်အလှန်စကားပြောချိန်တွင် စကားပြန်တစ်ဦးရှိသည်ဟု မဆိုထားခြင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်၏။—ယောဟန် ၁၈:၂၈-၄၀

ပါမောက္ခရိုက်၏အဆိုအရ “[ယေရှုသည်] ဂရိ သို့မဟုတ် လက်တင်စကား တတ်မတတ် ကျွန်ုပ်တို့သေချာမပြောနိုင်သော်လည်း ကိုယ်တော်၏ဓမ္မအမှုတွင် အာရမိတ် သို့မဟုတ် အာရမိတ်ရောနှောထားသော အများသုံးဟေဗြဲစကားဖြင့် အမြဲပြောဆိုခဲ့သည်။”—ကျမ်းဆိုင်ရာရှေးဟောင်းသုတေသနသုံးသပ်ချက်၊ ၁၉၆၂၊ စာမျက်နှာ ၂၄၃။

ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်မှ ကျောက်တုံးများကား မည်မျှကြီးသနည်း။

တပည့်များသည် ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်အကြောင်း ယေရှုကိုပြောဆိုစဉ် “အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကား” ဟုဆိုခဲ့ကြသည်။ (မာကု ၁၃:၁) ကျောက်တုံးအချို့သည် မည်မျှလောက်ကြီးမားသနည်း။

ယေရှုမြေကြီးပေါ်ရှိစဉ်တွင် ဘုရင်ဟေရုဒ်သည် ဝတ်ပြုရာအိမ်တော်တည်ရာတောင်ရှိ ဝတ်ပြုရာအိမ်တော်၏ နယ်မြေအကျယ်အဝန်းကို ရှောလမုန်အချိန်ကထက် နှစ်ဆချဲ့ခဲ့သည်။ ယင်းသည် ရှေးခေတ်တွင် လူလုပ်သည့်အကြီးဆုံးကုန်းပြင်မြင့်ဖြစ်ပြီး အလျား ၁,၅၇၅ ပေ၊ အနံ ပေ ၉၁၀ ခန့်ရှိသည်။ ဆောက်လုပ်ရာတွင်အသုံးပြုသော ကျောက်တုံးအချို့သည် ၃၅ ပေရှည်ပြီး ၁၅ ပေကျယ်ကာ ၁၀ ပေမြင့်သည်။ အချို့ကျောက်တုံးမှာ တန် ၅၀ ကျော်လေးသည်။ ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ ကျောက်တုံးတစ်တုံးသည် တန် ၄၀၀ နီးပါးပင်လေးပြီး “ရှေးခေတ်တွင် ယင်းနှင့်အရွယ်အစားတူသောကျောက်တုံး မည်သည့်နေရာတွင်မျှမရှိပေ။”

တပည့်များ၏အဆိုကို တုံ့ပြန်သောအားဖြင့် ယေရှု ဤသို့မိန့်ဆို၏– “ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ မတည်မနေရ။” (မာကု ၁၃:၂) အေဒီ ၇၀ ၌ ရောမစစ်သားတို့သည် ထိုကြီးမားလှသောကျောက်တုံးများစွာကို ဖယ်ရှားကာ ပစ်ချထားရာ ထိုနေရာတွင် ယင်းတို့ကို ယနေ့တိုင် တွေ့ မြင်နိုင်သည်။

[စာမျက်နှာ ၂၆ ပါပုံ]

ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်အပြင်ဘက်တွင် ပစ်ချထားသော ဝတ်ပြုရာအိမ်တော်ကျောက်တုံးများ