မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် ကျွန်တော့်ကို ကရုဏာပြခဲ့

ဘုရားသခင် ကျွန်တော့်ကို ကရုဏာပြခဲ့

 ဘုရားသခင် ကျွန်တော့်ကို ကရုဏာပြခဲ့

ဘိုလ်ဖန့်မော်နစ် ပြောပြသည်

“အခုကစပြီး သားစိတ်မာရမယ်။” ကျွန်တော့်ကိုဖက်ထားရင်း ခိုင်မာပြတ်သားပြီး အရေးကြီးတဲ့ အဲဒီစကားကို အမေပြောခဲ့တယ်။ စစ်မှုထမ်းတွေက ကျွန်တော်တို့ကို လူချင်းခွဲလိုက်ပြီး ရုံးတင်စစ်ဆေးမယ့်နေရာကို ခေါ်သွားကြတယ်။ နောက်ဆုံး ထောင်ဒဏ်ငါးနှစ်ကျခံစေလို့ အမိန့်ချမှတ်လိုက်တယ်။ လူအများစုကတော့ အဲဒီလိုအမိန့်ချမှတ်ခံရရင် စိတ်ပျက်သွားကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အရမ်းကိုစိတ်တည်ငြိမ်နေတယ်။ အဲဒီအကြောင်း ကျွန်တော် ရှင်းပြပါရစေ။

အထက်မှာပြောခဲ့တဲ့အခြေအနေက ၁၉၅၂ ခုနှစ်၊ စလိုဗီးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တယ်။ * ဒါပေမဲ့ ကျွန်တော့်ဇာတ်လမ်းက တကယ်တော့ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုဖြစ်တဲ့ ၁၉၃၀ ကတည်းကစခဲ့တာ။ အဲဒီအချိန်မှာ ကျမ်းစာကျောင်းသားလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေက ကျွန်တော်တို့နိုင်ငံမှာ အုပ်စုလိုက်နှစ်ခြင်းခံတဲ့အစီအစဉ်ကို ဦးဆုံးအကြိမ်စီစဉ်ပေးခဲ့ကြတယ်။ နှစ်ခြင်းခံတဲ့သူတွေထဲမှာ ကျွန်တော့်မိဘတွေဖြစ်တဲ့ ဘာတာနဲ့ဖရန့်ဇ်မော်နစ်တို့လည်း ပါတယ်။ အဲဒီတုန်းက ကျွန်တော်က ခြောက်နှစ်၊ ညီမလေးမီဒါက လေးနှစ်ပဲရှိသေးတယ်။ မာရီဘောမြို့မှာရှိတဲ့ ကျွန်တော်တို့အိမ်က ခရစ်ယာန်လုပ်ဆောင်မှုတွေရဲ့ ဗဟိုနေရာပေါ့။

၁၉၃၃ ရောက်တော့ ဂျာမနီမှာ အဒေါ့ဖ်ဟစ်တလာ အာဏာရလာပြီး သက်သေခံတွေကို စတင်ညှဉ်းဆဲတော့တယ်။ ဂျာမန်သက်သေခံအတော်များများက ဟောပြောခြင်းလုပ်ငန်းမှာ ကူညီပေးဖို့ ယူဂိုစလားဗီးယားကို ပြောင်းရွှေ့လာကြတယ်။ ကျွန်တော့်မိဘတွေက အဲဒီလိုသစ္စာရှိသူတွေကို ဝမ်းမြောက်ဝမ်းသာဧည့်ခံခဲ့တယ်။ ကျွန်တော်မှတ်မိနေတဲ့ ဧည့်သည်တစ်ယောက်ကတော့ မာတင်ပိုစင်ဂါဖြစ်ပြီး နောက်ပိုင်း နာဇီချွေးတပ်စခန်းမှာ ကိုးနှစ်နေခဲ့ရသူဖြစ်တယ်။ ၁၉၇၇ ကနေ သူသေဆုံးတဲ့ ၁၉၈၈ အထိ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် အမှုထမ်းခဲ့တယ်။

မာတင်က ကျွန်တော်တို့ဆီ လာလည်တိုင်း ကျွန်တော့်အိပ်ရာမှာအိပ်ပြီး ညီမလေးနဲ့ကျွန်တော်ကတော့ အမေတို့နဲ့အတူ အိပ်ခန်းထဲမှာ သွားအိပ်ရတယ်။ သူ့ရဲ့အိတ်ဆောင်ရောင်စုံစွယ်စုံကျမ်းလေးက ကျွန်တော့်စိတ်ဝင်စားမှုကို နှိုးဆွခဲ့တယ်။ အဲဒီစာအုပ်ကို အစအဆုံးကြည့်ရတာ ကျွန်တော်သိပ်ပျော်တယ်။

ပြင်းထန်သောစမ်းသပ်မှုများ ကြုံရချိန်

ဟစ်တလာရဲ့တန်ခိုးအာဏာ ကြီးမားနေတဲ့အချိန်၊ ၁၉၃၆ မှာ ကျွန်တော့်မိဘတွေက ဆွစ်ဇလန်နိုင်ငံ၊ လူစဲန်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးကို သွားတက်ရောက်ကြတယ်။ အဖေက အသံကောင်းတော့ ကျမ်းစာဟောပြောချက်တွေကို အသံသွင်းဖို့ ရွေးချယ်ခံခဲ့ရတယ်။ အဲဒါကို နောက်ပိုင်း စလိုဗီးနီးယားတစ်ခွင်မှာ ဖွင့်ပြခဲ့ကြတယ်။ အဲဒီစည်းဝေးကြီးပြီးလို့ မကြာခင်မှာပဲ ဥရောပက သက်သေခံတွေ အကြီးအကျယ်နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ သက်သေခံတော်တော်များများက နာဇီချွေးတပ်စခန်းတွေမှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့ရတယ်။

၁၉၃၉၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ် စတင်ပါလေရော။ ၁၉၄၁၊ ဧပြီလရောက်တော့ ဂျာမန်စစ်တပ်တွေက  ယူဂိုစလားဗီးယားရဲ့ဒေသအတော်များများကို သိမ်းပိုက်လိုက်တယ်။ စလိုဗီးနီးယားကျောင်းကိုလည်း ပိတ်လိုက်တယ်။ အပြင်မှာ ကျွန်တော်တို့ရဲ့ဘာသာစကားကိုလည်း ပြောခွင့်မရှိတော့ဘူး။ ယေဟောဝါသက်သေတွေက နိုင်ငံရေးပဋိပက္ခအားလုံးမှာ ကြားနေတဲ့အတွက် စစ်ပွဲတွေမှာ မပါဝင်ခဲ့ကြဘူး။ * ဒါကြောင့် အများစုက အဖမ်းခံရပြီး တချို့က အသတ်ခံခဲ့ရတယ်။ အဲဒီထဲမှာ ကျွန်တော်နဲ့ကောင်းကောင်းသိတဲ့ ဖရန့်ဇ်ဒရော့ဇ်ဆိုတဲ့လူငယ်လည်းပါတယ်။ နာဇီလက်နက်ကိုင်တပ်စုတွေက ကျွန်တော်တို့အိမ်နဲ့ ကိုက်တစ်ရာလောက်ဝေးတဲ့နေရာမှာပဲ လူတွေကိုသတ်ဖြတ်ကြတယ်။ အမေဆို အဲဒီပစ်ခတ်သံတွေကို မကြားချင်လွန်းလို့ နားကို အဝတ်နဲ့ဆို့ထားခဲ့ရတယ်။ ဖရန့်ဇ်က သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆီကို နှုတ်ဆက်စာရေးတဲ့အခါ “ဘုရားသခင့်နိုင်ငံတော်မှာ ပြန်တွေ့ကြမယ်” လို့ နောက်ဆုံးပြောသွားတယ်။

ကျွန်တော်အရမ်းနောင်တရတဲ့ လမ်းစဉ်

အဲဒီတုန်းက ကျွန်တော်က ၁၉ နှစ်ပေါ့။ ဖရန့်ဇ်ရဲ့ခိုင်မာတဲ့ရပ်တည်မှုကို အရမ်းအထင်ကြီးလေးစားမိပေမဲ့ ကျွန်တော်လည်း သေရမှာလားလို့ အရမ်းကြောက်သွားတယ်။ ကျွန်တော့်ယုံကြည်ခြင်းက အားနည်းပြီး ယေဟောဝါနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးမရှိဘူး။ အဲဒီအချိန်မှာပဲ စစ်ထဲဝင်ဖို့ ခေါ်စာရရော။ ကျွန်တော့်ကြောက်စိတ်က ယုံကြည်ခြင်းထက် ပိုများနေတဲ့အတွက် ခေါ်စာကိုလက်ခံမိတယ်။

ဒါနဲ့ ရုရှားနဲ့တိုက်နေတဲ့စစ်ပွဲရဲ့ရှေ့တန်းကို ပို့ခံရတယ်။ သိပ်မကြာပါဘူး၊ ကျွန်တော့်ဘေးက ရဲဘော်တွေအားလုံး သေကုန်တယ်။ စစ်ပွဲက အရမ်းကြောက်စရာကောင်းပြီး ရက်စက်လိုက်တာ။ ကျွန်တော့်ကိုယ်ကိုယ်ကိုယ်သိစိတ်က ပိုပြီးဒုက္ခပေးလာတယ်။ ကျွန်တော့်ကိုခွင့်လွှတ်ဖို့နဲ့ လမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ဖို့ ခွန်အားပေးပါလို့ ယေဟောဝါဆီအသနားခံခဲ့တယ်။ ပြင်းထန်တဲ့တိုက်ပွဲကြောင့် တပ်ထဲမှာ လူတွေယောက်ယပ်ခတ်နေတဲ့အချိန်မှာ ကျွန်တော်ထွက်ပြေးဖို့ အခွင့်အရေးရခဲ့တယ်။

တကယ်လို့ အဖမ်းခံရရင် အသတ်ခံရမယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် နောက်ခုနစ်လလုံးလုံး နေရာအမျိုးမျိုးမှာ ပုန်းခိုခဲ့ရတယ်။ “အစ်ကို အခုအလုပ်ကနေထွက်လိုက်ပြီး နောက်အလုပ်ရှင်တစ်ယောက်ဆီမှာ လုပ်နေတယ်” ဆိုတဲ့စာကိုတောင် မီဒါဆီပို့ခဲ့တယ်။ အခု ဘုရားသခင်အတွက် အလုပ်လုပ်တော့မယ်လို့ ကျွန်တော်ရည်ရွယ်ခဲ့ပေမဲ့ အဲဒီအတိုင်းဖြစ်လာဖို့ အချိန်တော်တော်ကြာခဲ့တယ်။

မဟာမိတ်တပ်တွေကို ဂျာမနီစစ်ရှုံးသွားပြီး သုံးလအကြာ ၁၉၄၅၊ ဩဂုတ်လမှာ မာရီဘောမြို့ကို ကျွန်တော်ပြန်နိုင်ခဲ့တယ်။ ကျွန်တော့်အဖေ၊ အမေနဲ့ညီမလေးတို့အားလုံး ရက်စက်တဲ့ ဒီစစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြတာ အံ့ဩစရာပဲ။ ဒါပေမဲ့ ဂျာမနီမှာ ကွန်မြူနစ်တွေ ကြီးစိုးတုန်းဖြစ်ပြီး ယေဟောဝါသက်သေတွေကို ညှဉ်းဆဲနေတုန်းပဲ။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားပေမဲ့ သက်သေခံတွေကတော့ ပုန်းလျှိုးကွယ်လျှိုး ဆက်လုပ်ဆောင်ခဲ့ကြတယ်။

၁၉၄၇၊ ဖေဖော်ဝါရီလမှာ သစ္စာရှိသက်သေခံတွေဖြစ်တဲ့ ရူဒေါ့ဖ်ကေးလ်၊ ဒူစန်မစ်အစ်နဲ့ အဒ်မန်စထရော့ပ်နစ်တို့သုံးယောက်က သေဒဏ်စီရင်ခံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သေဒဏ်စီရင်ချက်တွေက ထောင်ဒဏ်အနှစ် ၂၀ အဖြစ် ပြောင်းလဲသွားတယ်။ သတင်းတွေထဲမှာ ဒီအကြောင်းတွေအားလုံး အသေးစိတ်ပါတဲ့အတွက် သက်သေခံတွေ မတရားဆက်ဆံခံရတာကို လူတော်တော်များများ သိကုန်ကြတယ်။ အဲဒီသတင်းတွေဖတ်ရတဲ့အခါ ကျွန်တော်အရမ်းနောင်တရမိတယ်။ ကျွန်တော်ဘာလုပ်ရမယ်ဆိုတာကို သိပြီ။

ဝိညာဉ်ရေးခွန်အားရှိလာခဲ့

ကျမ်းစာအမှန်တရားဘက်မှာ ရပ်တည်ရမယ်ဆိုတာ ကောင်းကောင်းသိလာတဲ့အတွက် မြေအောက်ဟောပြောခြင်းလုပ်ငန်းမှာ အသုံးတော်ခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ ကျမ်းစာကို အပြင်းအထန်လေ့လာတဲ့အတွက် ဆေးလိပ်သောက်တဲ့အကျင့်နဲ့ တခြားမသန့်ရှင်းတဲ့အကျင့်တွေကို ဖြတ်ပစ်ဖို့ ခွန်အားရရှိခဲ့တယ်။

၁၉၅၁ မှာ ဘုရားသခင်ဆီ အပ်နှံမှုရဲ့အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံပြီး ဆယ်နှစ်နီးပါးလောက် စွန့်ပစ်ထားခဲ့တဲ့ အသက်လမ်း ပေါ် ပြန်လျှောက်နိုင်ခဲ့တယ်။ နောက်ဆုံး ယေဟောဝါဟာ သစ္စာရှိရှိ၊ တည်ကြည်မှုရှိရှိနဲ့ မယိမ်းမယိုင်မေတ္တာပြနေတဲ့ဖခင်ဖြစ်တယ်ဆိုတာကို ခံစားလာရတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်မှားခဲ့ပေမဲ့ ဘုရားသခင်ခွင့်လွှတ်တယ်ဆိုတဲ့ ကျမ်းစာအာမခံချက်ကြောင့် ကျွန်တော်အရမ်းဝမ်းသာသွားတယ်။ မေတ္တာရှိတဲ့ဖခင်တစ်ယောက်အနေနဲ့ ဘုရားသခင်ဟာ ကျွန်တော့်ကို တကယ်ပဲ ‘မေတ္တာကြိုးနဲ့ဆွဲငင်’ ခဲ့တယ်။—ဟောရှေ ၁၁:၄

အဲဒီခက်ခဲတဲ့အချိန်တစ်လျှောက် သက်သေခံတွေရဲ့အိမ်တွေမှာ အစည်းအဝေးတွေကို လျှို့ဝှက်ပြီးကျင်းပခဲ့ရတယ်။ အလွတ်သဘောလည်း သက်သေခံခဲ့ရတယ်။ ကျွန်တော်နှစ်ခြင်းခံပြီး တစ်နှစ်မပြည့်ခင်မှာ အဖမ်းခံရတယ်။ ရုံးတင်ပြီး မစစ်ဆေးခင်မှာ အမေနဲ့ခဏတွေ့ခွင့်ရလိုက်တယ်။ အစပိုင်းမှာပြောခဲ့သလို သူ ကျွန်တော့်ကို တအားဖက်ထားပြီး “အခုကစပြီး သားစိတ်မာရမယ်” လို့ပြောခဲ့တယ်။ ထောင်ဒဏ်ငါးနှစ်ကျခံစေလို့ အမိန့်ချလိုက်တဲ့အချိန်မှာ ကျွန်တော်တည်ငြိမ်နေပြီး စိတ်ခိုင်မာနေတယ်။

တခြားထောင်သားသုံးယောက်နဲ့အတူ အခန်းကျဉ်းလေးထဲမှာ နေရတဲ့အတွက် သူတို့ကို ကျမ်းစာအမှန်တရား ဝေမျှနိုင်ခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် သူတို့ ဘယ်လိုမှကြားနိုင်တော့မှာမဟုတ်ဘူး။ ကျွန်တော့်မှာ ကျမ်းစာနဲ့စာပေတွေမရှိပေမဲ့ ကျမ်းစာကို ကိုယ်ပိုင်လေ့လာထားတဲ့အတွက် ကျမ်းချက်တွေနဲ့ ရှင်းပြချက်တွေကို မှတ်မိနေတာ အံ့ဩစရာပဲ။ ကျွန်တော် ထောင်ထဲမှာ ငါးနှစ်နေရမယ်ဆိုရင် အဲဒီလိုနေနိုင်ဖို့ ယေဟောဝါ ခွန်အားပေးလိမ့်မယ်ဆိုပြီး အကျဉ်းသားအဖော်တွေကို ကျွန်တော်အမြဲပြောပြတယ်။ ဒါပေမဲ့ အဲဒီထက်စောပြီးတော့လည်း ထောင်တံခါးကို ကိုယ်တော်ဖွင့်ပေးနိုင်တယ်။ ကိုယ်တော်သာဖွင့်ပေးရင် ဘယ်သူက ပိတ်နိုင်မှာလဲလို့ ကျွန်တော်တွေးမိတယ်။

အတော်အသင့်လွတ်လပ်မှုအောက်တွင် အမှုဆောင်ခြင်း

၁၉၅၃၊ နိုဝင်ဘာမှာ အစိုးရက တရားဝင်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အတွက် ထောင်ကျနေတဲ့ ယေဟောဝါသက်သေအားလုံး လွတ်လာကြတယ်။ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတာလည်း လွန်ခဲ့တဲ့နှစ်လတုန်းက ဖယ်ရှားလိုက်ပြီဆိုတာ သိခဲ့ရတယ်။ ချက်ချင်းပဲ အသင်းတော်တွေနဲ့ ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ ပြန်ဖွဲ့စည်းခဲ့ကြတယ်။ မာရီဘောမြို့လယ်က အဆောက်အအုံတစ်ခုရဲ့အောက်ဆုံးအထပ်မှာ အစည်းအဝေးကျင်းပဖို့ နေရာတစ်ခုတွေ့ရှိခဲ့တယ်။ နံရံပေါ်မှာ “ယေဟောဝါသက်သေများ—မာရီဘောအသင်းတော်” ဆိုတဲ့ဆိုင်းဘုတ်ချိတ်လိုက်တယ်။ ယေဟောဝါရဲ့အမှုတော်မှာ လွတ်လွတ်လပ်လပ်ပါဝင်ရလို့ အရမ်းကျေးဇူးတင်လေးမြတ်ပြီး ပျော်ရွှင်ခဲ့ကြတယ်။

၁၉၆၁ ခုနှစ်အစောပိုင်းမှာ ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုမှာ စပါဝင်ခဲ့တယ်။ ခြောက်လကြာပြီးတဲ့နောက်၊ ယူဂိုစလားဗီးယားက ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒါက ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့မှာ တည်ရှိတယ်။ အဲဒီတုန်းက ဌာနခွဲရုံးက အခန်းလေးတစ်ခန်းပဲဖြစ်ပြီး ညီအစ်ကိုသုံးယောက်ပဲရှိတယ်။ ကင်းမျှော်စင်မဂ္ဂဇင်းတွေကို ဒေသခံဘာသာစကားတွေနဲ့ ထုတ်ဝေနိုင်အောင် အနီးအနားမှာနေတဲ့ သက်သေခံတွေက နေ့ပိုင်းမှာ လာကူညီပေးကြတယ်။

အနီးအနားမှာနေတဲ့ သက်သေခံညီအစ်မတွေလည်း လာကူညီပေးတယ်။ သူတို့က တခြားအရာတွေလုပ်ပေးတဲ့အပြင် မဂ္ဂဇင်းစာရွက်တွေကို တွဲချုပ်ပေးကြတယ်။ ကျွန်တော်က စာပြင်တာ၊ ဘာသာပြန်တာ၊ စာပို့တာ၊ မှတ်တမ်းမှတ်ရာတွေကို စုဆောင်းပေးရတာအပါအဝင် အလုပ်အမျိုးမျိုးကိုလုပ်ခဲ့ရတယ်။

အလုပ်တာဝန်အပြောင်းအလဲ

၁၉၆၄ မှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ ဒါကြောင့် အသင်းတော်တွေမှာရှိတဲ့ သက်သေခံတွေရဲ့ယုံကြည်ခြင်းခိုင်ခံ့အောင် အားပေးတည်ဆောက်ဖို့ သူတို့ဆီပုံမှန်လည်ပတ်ခဲ့ရတယ်။ အဲဒီအလုပ်ကို ကျွန်တော်အရမ်းမြတ်နိုးတယ်။ အများအားဖြင့် အသင်းတော်တစ်ခုနဲ့တစ်ခုကို ဘတ်စကား ဒါမှမဟုတ် ရထားနဲ့သွားလေ့ရှိတယ်။ ရွာလေးတွေမှာနေတဲ့ သက်သေခံတွေဆီရောက်ဖို့ တစ်ခါတလေ ခြေမျက်စိအထိရှိတဲ့ ရွှံ့တွေထဲမှာ စက်ဘီးနဲ့ ဒါမှမဟုတ် ခြေကျင်နဲ့သွားခဲ့ရတယ်။

ရယ်စရာကောင်းတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ တစ်ခါတုန်းက ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို မြင်းလှည်းနဲ့ နောက်အသင်းတော်တစ်ခုဆီ ခေါ်သွားတယ်။ မြင်းလှည်းက ဖုန်ထူတဲ့လမ်းတစ်လျှောက် ခုန်ပေါက်သွားရင်း ဘီးတစ်ဖက်ချောင်ပြီး ပြုတ်ထွက်သွားတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး မြေပေါ်လဲကျသွားတယ်။ ဖုန်ထဲမှာထိုင်ရင်း မြင်းကိုမော့ကြည့်လိုက်တော့ မြင်းက အံ့သြတကြီးနဲ့ ကျွန်တော်တို့ကို ပြန်စိုက်ကြည့်နေတဲ့ပုံပဲ။ နှစ်တွေတော်တော်ကြာပြီးတာတောင် အဲဒီအကြောင်းပြောပြီး ရယ်ရတုန်းပဲ။ ကျေးလက်ကညီအစ်ကိုညီအစ်မတွေရဲ့ ဟန်မဆောင်တတ်တဲ့မေတ္တာကြောင့် ခံစားရတဲ့ပျော်ရွှင်မှုကို ကျွန်တော်အမြဲတန်ဖိုးထားတယ်။

နိုဗီစဲ့ဒ်ရွာက မာရီကာဆိုတဲ့ ရှေ့ဆောင်တစ်ယောက်နဲ့ ကျွန်တော်ရင်းနှီးသွားတယ်။ အဲဒီညီအစ်မက ကျမ်းစာအမှန်တရားကို မြတ်နိုးပြီး ဓမ္မအမှုမှာလည်း ဇွဲရှိတဲ့အတွက် ကျွန်တော်အရမ်းအထင်ကြီးလေးစားမိပြီး လက်ထပ်ချင်ခဲ့တယ်။ ကျွန်တော်တို့လက်ထပ်ပြီးတဲ့နောက် နယ်လှည့်လုပ်ငန်းမှာ အသင်းတော်တွေဆီ စတင်လည်ပတ်ခဲ့တယ်။

 ကျွန်တော့်မိသားစုက ပိတ်ပင်မှုအတွင်းမှာ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ စစ်အတွင်းမှာ ကျွန်တော့်အဖေက ရန်သူတွေနဲ့ပူးပေါင်းတယ်လို့ စွပ်စွဲခံရပြီး အလုပ်ပြုတ်သွားတယ်။ အဲဒီအလုပ်ပြန်ရဖို့ အရမ်းကြိုးစားခဲ့ပေမဲ့ စိတ်ပျက်ရတာပဲ အဖတ်တင်ခဲ့တယ်။ အဖေရဲ့ယုံကြည်ခြင်း ခဏတစ်ဖြုတ် အားနည်းသွားပေမဲ့ မသေဆုံးခင်မှာ ယုံကြည်ခြင်းပြန်သန်စွမ်းလာတယ်။ သူသေဆုံးတဲ့ ၁၉၈၄ ခုနှစ်အထိ အသင်းတော်မှာ တက်တက်ကြွကြွအမှုဆောင်ခဲ့တယ်။ ကျွန်တော့်ရဲ့ သစ္စာရှိတဲ့အမေကတော့ ၁၉၆၅ ကတည်းက ဆုံးပါးသွားတယ်။ မီဒါက မာရီဘောအသင်းတော်မှာ အမှုဆောင်နေတုန်းပဲ။

ဩစတြီးယားတွင် ခရစ်ယာန်ဓမ္မအမှု

၁၉၇၂ ခုနှစ်မှာ မာရီကာနဲ့ကျွန်တော်က ဩစတြီးယားကိုသွားဖို့ ဖိတ်ခေါ်ခံရတယ်။ အကြောင်းရင်းကတော့ အဲဒီမှာ အလုပ်သွားလုပ်နေတဲ့ ယူဂိုစလားဗီးယားလူမျိုးတွေကို သက်သေခံဖို့ပဲ။ မြို့တော်ဗီယင်နာကိုရောက်တဲ့အချိန်မှာ ဒီနေရာက ကျွန်တော်တို့ အမြဲအမှုဆောင်ရမယ့်နေရာဖြစ်လာမယ်ဆိုတာကို မသိသေးဘူး။ တဖြည်းဖြည်း၊ ယူဂိုစလားဗီးယားဘာသာစကားတွေပြောတဲ့ အသင်းတော်အသစ်တွေ၊ အုပ်စုအသစ်တွေကို ဩစတြီးယားတစ်ခွင်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။

သိပ်မကြာခင်မှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ကျွန်တော်ပြန်အမှုဆောင်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ တိုးများလာနေတဲ့အသင်းတော်တွေ၊ အုပ်စုတွေဆီ လည်ပတ်ခဲ့ရတယ်။ နောက်ပိုင်း၊ အဲဒီလိုအသင်းတော်တွေ တည်ထောင်လာတဲ့ ဂျာမနီနဲ့ဆွစ်ဇာလန်နိုင်ငံကိုပါ လည်ပတ်ပေးဖို့ ဖိတ်ခေါ်ခံရတယ်။ အဲဒီနိုင်ငံတွေမှာ စည်းဝေးပွဲနဲ့စည်းဝေးကြီးတွေကို စီစဉ်ဖွဲ့စည်းပေးနိုင်ခဲ့တယ်။

တစ်ခါတလေ အဲဒီလိုစည်းဝေးကြီးတွေကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လာလည်ပတ်တဲ့အတွက် မာတင်ပိုစင်ဂါနဲ့ ပြန်ဆုံနိုင်ခဲ့တယ်။ ကျွန်တော်တို့အိမ်ကို သူမကြာခဏလာလည်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်က ရှေးဟောင်းနှောင်းဖြစ်တွေကို ကျွန်တော်တို့ပြောခဲ့ကြတယ်။ “ညီအစ်ကိုရဲ့အိတ်ဆောင်စွယ်စုံကျမ်းလေးကို ကျွန်တော်အရမ်းကြည့်ချင်တာ မှတ်မိသေးသလား” လို့ သူ့ကိုမေးကြည့်တယ်။

“ခဏနေဦး” ဆိုပြီး အခန်းထဲကနေ သူထွက်သွားတယ်။ စာအုပ်တစ်အုပ်ယူလာပြီး ကျွန်တော့်ကိုပေးတယ်။ “မိတ်ဆွေတစ်ယောက်ရဲ့ လက်ဆောင်အဖြစ် သိမ်းထားပါ” ဆိုပြီးကျွန်တော့်ကိုပြောတယ်။ အဲဒီစာအုပ်က အခုထိ ကျွန်တော့်စာကြည့်တိုက်မှာ ကျွန်တော်တန်ဖိုးအထားဆုံးစာအုပ်ဖြစ်နေတုန်းပဲ။

ကျန်းမာရေးမကောင်းတော့သော်လည်း တက်ကြွနေဆဲ

၁၉၈၃ မှာ ကျွန်တော် ကင်ဆာဖြစ်နေမှန်း သိလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ရောဂါကျွမ်းနေပြီဆိုတာ သိလိုက်ရတယ်။ အဲဒီအချိန်တွေက အထူးသဖြင့် မာရီကာအတွက် တကယ့်ကိုဗျာများရတဲ့အချိန်ဖြစ်ပေမဲ့ သူ့ရဲ့မေတ္တာပါဂရုစိုက်မှုနဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ လက်တွေ့ကျအကူအညီတွေကြောင့် ကျွန်တော့်အသက်တာက ကြွယ်ဝပြည့်စုံနေတုန်းပါပဲ။

မာရီကာနဲ့ကျွန်တော်က ဗီယင်နာမှာ အချိန်ပြည့်လုပ်ငန်း လုပ်ဆောင်နေတုန်းပဲ။ များသောအားဖြင့် ကျွန်တော်က ဌာနခွဲရုံးကို နေ့တိုင်းသွားပြီး ဘာသာပြန်ဌာနမှာလုပ်တယ်၊ မာရီကာကတော့ ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များလေ့ရှိတယ်။ ယူဂိုစလားဗီးယားကနေ ဩစတြီးယားကို ပြောင်းရွှေ့နေထိုင်ပြီး သက်သေခံဖြစ်လာတဲ့ အုပ်စုလေးက ၁,၃၀၀ ကျော်လောက်အထိတိုးတက်လာတာကို တွေ့ရတာ သိပ်ဝမ်းသာစရာပဲ။ မာရီကာနဲ့ကျွန်တော်က သူတို့အတော်များများကို ကျမ်းစာအမှန်တရားအကြောင်း သိလာအောင် ကူညီပေးခွင့်ရခဲ့တယ်။

မကြာသေးခင်နှစ်တွေတုန်းက အရင်ယူဂိုစလားဗီးယားနိုင်ငံရဲ့ သမ္မတနိုင်ငံတွေမှာကျင်းပတဲ့ ဌာနခွဲရုံးအသစ် အပ်နှံပွဲအစီအစဉ်တွေမှာ ပါဝင်ခွင့်ရခဲ့တယ်။ တစ်ခုက ၁၉၉၉၊ ခရိုအေးရှားဌာနခွဲရုံးအပ်နှံပွဲမှာဖြစ်ပြီး နောက်တစ်ခုက ၂၀၀၆၊ စလိုဗီးနီးယားဌာနခွဲရုံးအပ်နှံပွဲမှာဖြစ်တယ်။ လွန်ခဲ့တဲ့အနှစ် ၇၀ လောက်တုန်းက ဒီနိုင်ငံတွေမှာ ဟောပြောခြင်းလုပ်ငန်း ဘယ်လိုစတင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြဖို့ ဖိတ်ခေါ်ခံရတဲ့ သက်တမ်းကြာအမှုဆောင်တွေထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ပေါ့။

ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ပျက်ကွက်မှုတွေနဲ့ အမှားတွေကို အထူးသဖြင့် ခွင့်လွှတ်လိုတဲ့ မေတ္တာရှိဖခင်တစ်ယောက်ပဲ။ ကျွန်တော်တို့ရဲ့အပြစ်တွေကိုပဲ ကိုယ်တော်လိုက်ကြည့်မနေတဲ့အတွက် ကျေးဇူးတင်လိုက်တာ။ (ဆာလံ ၁၃၀:၃) ကိုယ်တော်ဟာ ကျွန်တော့်ကို တကယ်ပဲသနားကြင်နာပြီး ကရုဏာပြခဲ့ပါတယ်။ *

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 စလိုဗီးနီးယားအပါအဝင် သမ္မတနိုင်ငံခြောက်နိုင်ငံသည် ထိုစဉ်က ယူဂိုစလားဗီးယားနိုင်ငံတွင်ပါဝင်သည်။

^ အပိုဒ်၊ 9 ယေဟောဝါသက်သေများ စစ်တွင်မပါဝင်ရသည့် ကျမ်းဆိုင်ရာအကြောင်းရင်းများကို ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂၂ ပါ “စာရှုသူများအမေး” ဆောင်းပါးတွင်ရှု။

^ အပိုဒ်၊ 39 ဘိုလ်ဖန့်မော်နစ်သည် ဤဆောင်းပါးကို အပြီးသတ်နေစဉ် ၂၀၀၈၊ ဧပြီ ၁၁ ရက်တွင် ကွယ်လွန်သွားသည်။

[စာမျက်နှာ ၂၇ ပါရုပ်ပုံ]

ဘယ်မှညာသို့– ၁၉၄၀ ပြည့်လွန်နှစ်များတွင် စလိုဗီးနီးယားနိုင်ငံ၊ မာရီဘောမြို့တွင် ကျွန်တော့်မိဘနှစ်ပါးဖြစ်သော ဘာတာနှင့် ဖရန့်ဇ်မော်နစ်၊ မီဒါနှင့်ကျွန်တော်

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

ကျွန်တော့်ဇနီးမာရီကာနှင့်အတူ