အသည်းအသန်ဖျားနာနေသူတစ်ယောက်ယောက်ကို ကလေးတို့သိသလား။— သူ့ကိုကူညီဖို့ တစ်ခုခုလုပ်ပေးချင်စိတ်ဖြစ်မိသလား။— တကယ်လို့ သူက ကလေးတို့နဲ့ နိုင်ငံချင်းလည်းမတူ၊ ဘာသာချင်းလည်းမတူ ဖြစ်နေရင်ကော။ သူနေကောင်းလာအောင် ကလေးတို့ကူညီချင်သေးသလား။— လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ နီးပါးက ဣသရေလနိုင်ငံမှာနေထိုင်တဲ့ မိန်းကလေးတစ်ယောက်ကတော့ အဲဒီလိုကူညီပေးခဲ့တယ်။ အဲဒီတုန်းက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ပြောကြရအောင်။

မိန်းကလေးနေထိုင်တဲ့ ရှေးခေတ်ဣသရေလနိုင်ငံနဲ့ အိမ်နီးချင်းရှုရိနိုင်ငံတို့က မကြာခဏ စစ်ဖြစ်လေ့ရှိတယ်။ (၃ ဓမ္မရာဇဝင် ၂၂:၁) တစ်နေ့တော့ ဣသရေလနိုင်ငံကို ရှုရိတပ်တွေဝင်ရောက်လာပြီး မိန်းကလေးကို သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သူ့ကို ရှုရိပြည်ကိုခေါ်သွားပြီး ရှုရိစစ်ဗိုလ်ချုပ်နေမန်ရဲ့ဇနီးဆီမှာ အစေခံခိုင်းတယ်။ နေမန်က အသားတွေကြွေကျနိုင်တဲ့ နူနာရောဂါဆိုးတစ်မျိုး ခံစားနေရတယ်။

အစေခံမိန်းကလေးက နေမန်ရဲ့ရောဂါ ဘယ်လိုပျောက်ကင်းနိုင်တယ်ဆိုတဲ့အကြောင်း သူ့သခင်မကိုပြောပြတယ်။ ‘ကျွန်မရဲ့သခင်ဟာ ရှမာရိမြို့မှာနေတဲ့ ပရောဖက်နဲ့တွေ့ပါစေ။ သူက သခင့်ရဲ့နူနာရောဂါကို ပျောက်စေလိမ့်မယ်’ ဆိုပြီး ပြောပြတယ်။ ဧလိရှဲနဲ့ပတ်သက်ပြီး အစေခံမိန်းကလေးရဲ့အပြောကြောင့် အဲဒီပရောဖက်ဟာ နူနာရောဂါကို တကယ်ကုပေးနိုင်မှာပဲဆိုတာ နေမန် ယုံကြည်သွားတယ်။ ဒီတော့ နေမန်က ရှုရိရှင်ဘုရင်ဗင်ဟာဒဒ်ရဲ့ခွင့်ပြုချက်နဲ့ နောက်လိုက်တချို့ကိုခေါ်ပြီး ဧလိရှဲကိုရှာဖို့ မိုင်တစ်ရာကျော် ခရီးရှည်နှင်ခဲ့တယ်။

ဉီးဆုံး၊ သူတို့က ဣသရေလရှင်ဘုရင် ယောရံဆီသွားတယ်။ ပြီးတော့ နေမန်ကိုကူညီဖို့ရေးထားတဲ့ ဘုရင်ဗင်ဟာဒဒ်ရဲ့စာကို ပြတယ်။ ဒါပေမဲ့၊ ယောရံက ယေဟောဝါကိုရော၊ ပရောဖက်ဧလိရှဲကိုပါ မယုံကြည်ဘူး။ ဗင်ဟာဒဒ်က စစ်တိုက်ချင်လို့ ရန်စတာဖြစ်မယ်ဆိုပြီး သူယူဆတယ်။ အဲဒီအကြောင်းကို ဧလိရှဲလည်းကြားရော “အဲဒီလူကို ငါ့ထံလာပါလေစေ” ဆိုပြီး ဘုရင်ယောရံကို မှာလိုက်တယ်။ ဘုရားသခင်မှာ နေမန်ရဲ့ရောဂါဆိုးကို ကုသနိုင်တဲ့တန်ခိုးရှိတယ်ဆိုတာ ဧလိရှဲသက်သေထူချင်လို့ပဲ။—၄ ဓမ္မရာဇဝင် ၅:၁-၈

ဧလိရှဲရဲ့အိမ်ရှေ့ကို နေမန်ရဲ့မြင်းရထားရောက်လာတဲ့အခါ သူ့ကျွန်တစ်ယောက်ကိုလွှတ်ပြီး ‘ယော်ဒန်မြစ်မှာ ခုနစ်ကြိမ်တိုင်အောင် ရေချိုးပါ။ ရောဂါပျောက်ကင်းသွားလိမ့်မယ်’ ဆိုပြီးပြောခိုင်းလိုက်တယ်။ ဒီတော့ နေမန် ဒေါသထွက်တာပေါ့။ ဧလိရှဲကိုယ်တိုင် ထွက်လာမယ်၊ နူနာရောဂါကို လက်နဲ့ဝှေ့ယမ်းပြီး ပျောက်ကင်းသွားအောင် လုပ်ပေးမယ်လို့ သူထင်တာလေ။ အဲဒီအစား ဒီကျွန်ကပဲ သူ့ကိုထွက်တွေ့တယ်။ ဒါကြောင့် နေမန်လည်း ဒေါသထွက်ပြီး အိမ်လှည့်ပြန်ခဲ့တယ်။—၄ ဓမ္မရာဇဝင် ၅:၉-၁၂

 ကလေးတို့သာ နေမန်ရဲ့ကျွန်တစ်ယောက်ဖြစ်မယ်ဆိုရင် ဘာလုပ်မလဲ။— ‘ခက်တဲ့အမှုကိုပြုရမယ်လို့ ပရောဖက်စီရင်မယ်ဆိုရင် လုပ်မယ်မဟုတ်လား။ ရေချိုးပြီးတော့ သန့်ရှင်းခြင်းသို့ရောက်ပါလို့ ပြောတာဆိုရင် ပိုပြီးတော့လုပ်သင့်ပါတယ်’ ဆိုပြီး သူ့ကျွန်တွေက ပြောတယ်။ နေမန်က သူ့ကျွန်တွေရဲ့စကားကို နားထောင်ပြီး ‘ယော်ဒန်မြစ်မှာ ကိုယ်ကို ခုနစ်ကြိမ်နှစ်လိုက်တဲ့အခါ သူ့ရဲ့အသားအရေက သူငယ်ရဲ့အသားအရေလို ပြောင်းသွားတယ်။’

နေမန်က ဧလိရှဲဆီပြန်လာပြီး ‘ဣသရေလပြည်ကလွဲလို့ ဘယ်ပြည်မှာမှ ဘုရားသခင်မရှိဘူးဆိုတာ အခု ကျွန်တော်သိပါပြီ’ လို့ပြောတယ်။ ပြီးတော့ ‘ကိုယ်တော်ကျွန်က မီးရှို့ရာယဇ်အစရှိတဲ့ ဘယ်ယဇ်ကိုမှ ထာဝရဘုရားသခင်ကလွဲလို့ တခြားဘုရားသခင်ကို နောက်ထပ်မပူဇော်တော့ပါဘူး’ ဆိုပြီးတော့လည်း ဧလိရှဲကို ကတိပေးတယ်။—၄ ဓမ္မရာဇဝင် ၅:၁၃-၁၇

ကလေးတို့ကော ယေဟောဝါရဲ့အကြောင်း၊ ယေဟောဝါ ဘာလုပ်ဆောင်ပေးနိုင်တယ်ဆိုတဲ့အကြောင်း တခြားသူတွေသိလာအောင် ဣသရေလမိန်းကလေးလိုပဲ ကူညီပေးချင်သလား။— ယေရှု မြေကြီးပေါ်မှာရှိတုန်းက ကိုယ်တော်ကိုယုံကြည်တဲ့ အနူသည်တစ်ယောက်က “သခင်အလိုတော်ရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်” လို့ပြောတယ်။ ယေရှု ဘယ်လိုပြန်ပြောခဲ့တယ်ဆိုတာ သိသလား။— “ငါအလိုရှိ၏” လို့ပြန်ပြောခဲ့တယ်။ ပြီးတော့ ယေဟောဝါက နေမန်ကို ကုသပေးခဲ့သလို ယေရှုလည်း သူ့ကို ကုသပေးခဲ့တယ်။—မဿဲ ၈:၂၊ ၃

လူတွေအားလုံး ကျန်းမာပြီး ထာဝစဉ်အသက်ရှင်နိုင်မယ့် ကမ္ဘာသစ်ကို ယေဟောဝါလုပ်ပေးမယ့်အကြောင်း ကလေးတို့သိသလား။— (၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၃၊ ၄) ဒါဆိုရင် ဒီအံ့သြစရာတွေအကြောင်း တခြားသူတွေကို ကလေးတို့ ပြောပြချင်မှာ သေချာပါတယ်။