“အဆင်သင့်ဖြစ်ပြီလား။” ကလေးတို့ ဒီလိုအမေးခံရဖူးသလား။— တကယ်တော့ အဲဒီလိုမေးတဲ့သူက ကလေးတို့ အသင့်ပြင်ဆင်ထားမထားသိချင်လို့ ဖြစ်တယ်။ ဥပမာ၊ ‘ကလေးတို့မှာ လေ့လာမယ့်စာအုပ်တွေရှိပြီလား။ ကလေးတို့ရဲ့ကျောင်းသင်ခန်းစာတွေကို ဖတ်ပြီးပြီလား’ ဆိုတာကို သူသိချင်လို့ဖြစ်မယ်။ တို့တစ်တွေ သိရမှာဖြစ်တဲ့အတိုင်း တိမောသေကတော့ အဆင်သင့်ရှိနေခဲ့တယ်။

တိမောသေက တလိုတလားစိတ်ထားရှိသူလည်း ဖြစ်တယ်။ အဲဒီအဓိပ္ပာယ်ကို ကလေးတို့သိသလား။— တိမောသေက ဘုရားသခင့်အမှုတော်ဆောင်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” လို့ပြောခဲ့တဲ့ ဘုရားသခင့်ကျေးကျွန်တစ်ဉီးရဲ့သဘောထားမျိုး တင်ပြခဲ့တယ်။ (ဟေရှာယ ၆:၈) ပြီးတော့ သူက အမှုဆောင်ဖို့ အဆင်သင့်ရှိနေပြီး အမှုဆောင်လိုစိတ်လည်းရှိတာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့အသက်တာကို ပိုင်ဆိုင်ခဲ့တယ်။ အဲဒီအကြောင်းကို ကလေးတို့သိချင်သလား။—

ယေရုရှလင်မြို့နဲ့ မိုင်ရာချီဝေးတဲ့လုတ္တရမြို့မှာ တိမောသေမွေးဖွားလာတယ်။ သူ့အဖွားလောဣနဲ့အမေဥနိတ်က သမ္မာကျမ်းစာကို ကောင်းကောင်းလေ့လာသူတွေဖြစ်တယ်။ ပြီးတော့ တိမောသေကို ကလေးဘဝကတည်းက ကျမ်းစာသင်ပေးခဲ့တယ်။—၂ တိမောသေ ၁:၅; ၃:၁၅

ဘာတွေဖြစ်ပျက်နေသလဲ

တမန်တော်ပေါလုက သူ့ရဲ့ဉီးဆုံးအကြိမ် ဟောပြောခြင်းခရီးရှည်မှာ ဗာနဗနဲ့အတူ လုတ္တရမြို့ကိုလာလည်ပတ်တုန်းက တိမောသေ ဆယ်ကျော်သက်အရွယ်လောက်ပဲရှိသေးတယ်။ အဲဒီတုန်းက တိမောသေရဲ့အမေနဲ့အဖွားဟာ ခရစ်ယာန်တွေဖြစ်နေပုံရတယ်။ ပေါလုနဲ့ဗာနဗတို့ ကြုံခဲ့ရတဲ့အခက်အခဲတွေကို ကလေးတို့သိချင်သလား။— ခရစ်ယာန်တွေကိုမကြိုက်တဲ့သူတွေက ပေါလုကို ကျောက်ခဲနဲ့ပေါက်၊ ကန်ကျောက်ပြီးတော့ မြို့ပြင်ဆွဲထုတ်သွားကြတယ်။ ပေါလု သေပြီလို့ သူတို့ထင်တာကိုး။

ပေါလုရဲ့သွန်သင်ချက်ကိုယုံကြည်သူတွေက သူ့အနားမှာစုရုံးရောက်ရှိလာပြီး ပေါလုလည်း မေ့မြောရာက ပြန်သတိရလာတယ်။ နောက်တစ်နေ့မှာ ပေါလုနဲ့ဗာနဗ ထွက်ခွာသွားတယ်၊ သိပ်မကြာခင်မှာပဲ လုတ္တရမြို့ကို သူတို့ပြန်ရောက်လာတယ်။ အဲဒီမှာ ပေါလုက ဟောပြောချက်တစ်ခုပေးပြီး “ငါတို့သည် များပြားသောဆင်းရဲ . . . ကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်” ဆိုပြီးပြောတယ်။ (တမန်တော် ၁၄:၈-၂၂) ပေါလု ဘာကိုဆိုလိုတယ်ဆိုတာ ကလေးတို့သိသလား။— ဘုရားသခင့်အမှုဆောင်သူတွေကို တခြားသူတွေ နှောင့်ယှက်ဆန့်ကျင်ကြလိမ့်မယ်လို့ သူဆိုလိုနေတာဖြစ်တယ်။ နောက်ပိုင်းမှာ ပေါလုက ‘ဘုရားသခင်ဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်’ ဆိုပြီး တိမောသေဆီ  စာရေးခဲ့တယ်။—၂ တိမောသေ ၃:၁၂; ယောဟန် ၁၅:၂၀

ပေါလုနဲ့ဗာနဗ လုတ္တရမြို့ကနေထွက်ခွာပြီး အိမ်ကိုပြန်သွားကြတယ်။ လအနည်းငယ်ကြာတော့ ပေါလုက သိလနဲ့အတူခရီးလှည့်လည်ပြီး အရင်က သူလည်ပတ်ခဲ့တဲ့ဒေသတွေမှာရှိတဲ့ ယေရှုရဲ့တပည့်သစ်တွေကို အားပေးဖို့ ပြန်သွားကြတယ်။ လုတ္တရမြို့ကိုပြန်ရောက်လာတဲ့ပေါလုကို တွေ့ရတဲ့အခါ တိမောသေ ဘယ်လောက်ပျော်လိုက်မလဲ။ ပေါလု၊ သိလနဲ့အတူခရီးထွက်ဖို့ ဖိတ်ခေါ်ခံရတော့ တိမောသေ ပိုလို့တောင်ပျော်သွားတယ်။ အဲဒီဖိတ်ခေါ်ချက်ကို တိမောသေလက်ခံခဲ့တယ်။ သူတို့နဲ့အတူသွားဖို့ အဆင်သင့်ဖြစ်နေပြီး သွားလိုစိတ်လည်းရှိခဲ့တယ်။—တမန်တော် ၁၅:၄၀–၁၆:၅

ဒါနဲ့ သူတို့သုံးယောက် အတူတူခရီးထွက်ခဲ့ကြတယ်၊ မိုင်ပေါင်းများစွာ ခြေကျင်လျှောက်ပြီးတဲ့နောက် ရွက်သင်္ဘောစီးကြတယ်။ ကမ်းကပ်တာနဲ့ ဂရိနိုင်ငံ၊ သက်သာလောနိတ်မြို့ကို လမ်းလျှောက်သွားကြတယ်။ အဲဒီမြို့မှာ လူတွေအများကြီး ခရစ်ယာန်ဖြစ်လာကြတယ်။ ဒါပေမဲ့ တခြားသူတွေက ဒေါသထွက်ပြီး အုပ်စုဖွဲ့ဆန့်ကျင်ကြတယ်။ ပေါလု၊ သိလနဲ့တိမောသေတို့လည်း အသက်အန္တရာယ်ရှိတဲ့အတွက် ဗေရိမြို့ကိုထွက်ခွာသွားတယ်။—တမန်တော် ၁၇:၁-၁၀

သက်သာလောနိတ်မြို့မှာရှိတဲ့ ယုံကြည်သူလူသစ်တွေအတွက် ပေါလုစိုးရိမ်မိတယ်၊ ဒါကြောင့် အဲဒီကိုပြန်သွားဖို့ တိမောသေကို စေလွှတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတာ ကလေးတို့သိသလား။— ‘သင်တို့ကိုမြဲမြံစေ၍ ယုံကြည်ခြင်းအရာ၌ သင်တို့ကိုတိုက်တွန်းနှိုးဆော်စေ’ ဖို့ဖြစ်တယ်ဆိုပြီး သက်သာလောနိတ်မြို့က ခရစ်ယာန်တွေကို နောက်ပိုင်းမှာ ပေါလုရှင်းပြခဲ့တယ်။ အန္တရာယ်ရှိတဲ့ ဒီလိုတာဝန်ကိုထမ်းဆောင်ဖို့ လူငယ်တိမောသေကို ပေါလု ဘာကြောင့်စေလွှတ်ရသလဲ ကလေးတို့သိသလား။— ဆန့်ကျင်သူတွေက တိမောသေကို သိပ်မသိသေးတဲ့အပြင် သူကိုယ်တိုင်လည်း အဲဒီနေရာကို သွားချင်တဲ့အတွက်ဖြစ်တယ်။ ဒီလိုလုပ်နိုင်ဖို့ အတော့်ကို သတ္တိရှိရမယ်။ သူ့ရဲ့လည်ပတ်မှု ဘယ်လိုဖြစ်ခဲ့သလဲ။ တိမောသေက ပေါလုဆီ ပြန်ရောက်လာတဲ့အခါ သက်သာလောနိတ်မြို့သားတွေ ဘယ်လောက်သစ္စာရှိကြတယ်ဆိုတာ ပြန်ပြောပြခဲ့တယ်။ ဒါကြောင့် ပေါလုက “ငါတို့သည် . . . သင်တို့၏ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ရောက်ကြ၏” ဆိုပြီး သူတို့ဆီစာရေးခဲ့တာပေါ့။—၁ သက်သာလောနိတ် ၃:၂-၇

တိမောသေက နောက်ထပ်ဆယ်နှစ်အထိ ပေါလုနဲ့အတူအမှုဆောင်ခဲ့တယ်။ ရောမမြို့မှာ ပေါလုအကျဉ်းကျတဲ့အခါ တိမောသေကိုယ်တိုင်လည်း ထောင်ကလွတ်လာခါစဖြစ်ပေမဲ့ ပေါလုနဲ့အတူ နေပေးခဲ့တယ်။ ပေါလုအကျဉ်းကျနေချိန်မှာ ဖိလိပ္ပိမြို့သားတွေအတွက် စာတစ်စောင်ရေးခဲ့ပြီး တိမောသေကို အတွင်းရေးမှူးအဖြစ် အသုံးပြုခဲ့ပုံရတယ်။ ‘ငါသည် တိမောသေကို သင်တို့ရှိရာသို့ စေလွှတ်မည်။ အကြောင်းမူကား ထိုသူကဲ့သို့ အလွန်သစ္စာရှိပြီး သင်တို့အကျိုးကို ပို၍ထမ်းဆောင်မည့်သူတစ်ယောက်မျှ ငါတို့၌မရှိ’ ဆိုပြီးပေါလုပြောခဲ့တယ်။—ဖိလိပ္ပိ ၂:၁၉-၂၂; ဟေဗြဲ ၁၃:၂၃

အဲဒီစကားတွေကြောင့် တိမောသေ ဘယ်လောက်ပျော်လိုက်မလဲ။ သူက အမှုဆောင်ဖို့အဆင်သင့်ဖြစ်နေပြီး အမှုဆောင်လိုစိတ်လည်းရှိတဲ့အတွက် သူ့ကို ပေါလုသိပ်ချစ်တာပေါ့။ ကလေးတို့လည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ မျှောလင့်ပါတယ်။