မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ပညတ်တရားသည် ငါတို့၏ အထိန်း ဖြစ်သတည်း’

‘ပညတ်တရားသည် ငါတို့၏ အထိန်း ဖြစ်သတည်း’

 ‘ပညတ်တရားသည် ငါတို့၏ အထိန်း ဖြစ်သတည်း’

စည်းမျဉ်း၊ စည်းကမ်းတို့ကို တန်ဖိုးထားလေးမြတ်သည့်ကလေး မည်မျှရှိသနည်း။ များများစားစားမရှိပါ။ ကလေးများသည် ကန့်သတ်ချုပ်ချယ်မှုတို့ကို စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ သို့သော် ငယ်ရွယ်သူတို့ကို အကူအညီပေးရန် တာဝန်ရှိသူတို့မူ သင့်လျော်သောကြီးကြပ်ပေးမှု မရှိမဖြစ်လိုကြောင်း သိထားကြသည်။ တဖြည်းဖြည်းကြီးပြင်းလာသည့်အခါ လူငယ်အများစုသည် ရရှိခဲ့သောလမ်းညွှန်မှုတန်ဖိုးကို လေးမြတ်လာနိုင်ဖွယ်ရှိသည်။ တမန်တော်ပေါလုက ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်လူမျိုး၏ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်းကို ပုံဖော်ရာတွင် ကလေးများကိုကာကွယ်ပေးသူတစ်ဦးပုံဥပမာကို အသုံးပြုခဲ့သည်။

 ပထမရာစုက ရောမလက်အောက်ခံနယ်ဖြစ်သော ဂလာတိမြို့ရှိခရစ်ယာန်တချို့က မောရှေအားဖြင့် ဣသရေလလူမျိုးကို ဘုရားသခင်ပေးခဲ့သော ပညတ်တရားကို နာခံသူတို့သာလျှင် ဘုရားသခင်မျက်နှာသာရသည်ဟု အခိုင်အမာပြောဆိုခဲ့ကြသည်။ ဂျူးပညတ်တရားကို တစ်ခါမျှလိုက်နာစောင့်ထိန်းခြင်းမရှိသောသူတချို့အား ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိုပေးခဲ့သည့်အတွက် ယင်းအဆိုမမှန်ကြောင်း တမန်တော်ပေါလုသိသည်။ (တမန်တော် ၁၅:၁၂) ထို့ကြောင့် ပေါလုသည် မှားယွင်းနေသောယင်းအယူအဆကို ပုံဥပမာတစ်ခုသုံးကာ အမှားပြင်ပေးခဲ့သည်။ ဂလာတိခရစ်ယာန်များထံရေးသောစာ၌ သူဤသို့ဆိုထား၏– “ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။” (ဂလာတိ ၃:၂၄) အထိန်းတစ်ဦးသည် “အစောပိုင်းခေတ်တွင် အရေးပါသောအခန်းကဏ္ဍ” မှပါဝင်သည်ဟု ပညာရှင်တစ်ဦးကဆို၏။ ဤနောက်ခံကိုနားလည်သဘောပေါက်ထားခြင်းဖြင့် တမန်တော်ပေါလုထောက်ပြသည့်အချက်ကို ရှင်းရှင်းလင်းလင်းနားလည်စေပါသည်။

အထိန်းနှင့် သူ၏တာဝန်များ

ချမ်းသာကြွယ်ဝသော ဂရိနှင့်ရောမအိမ်ထောင်တွင်သာမက ဖြစ်နိုင်သည်မှာ ဂျူးအိမ်ထောင်စုများ၌ပင် ကလေးနို့စို့အရွယ်မှ လူလားမြောက်သည့်အချိန်အထိ ကြီးကြပ်ထိန်းကျောင်းစေရန် အထိန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြသည်။ အထိန်းဟူသည်မှာ ယေဘုယျအားဖြင့် ယုံကြည်စိတ်ချရသော ကျွန်တစ်ဦးဖြစ်ပြီး များသောအားဖြင့် အသက်ကြီးသူဖြစ်ကာ ကလေးလုံခြုံမှုရှိရန်နှင့် ကလေးအတွက် ဖခင်၏အလိုအတိုင်း လုပ်ဆောင်ပေးရန် အစေအပါးတစ်ဦးအဖြစ် ဆောင်ရွက်သူဖြစ်သည်။ ကလေးမည်သည့်နေရာသွားပါစေ အထိန်းသည် ကလေးနှင့်အတူ တစ်နေ့လုံးရှိနေပြီး ကလေး၏တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေး၊ ကျောင်းသို့ခေါ်ဆောင်သွားပေး၊ ကလေး၏စာအုပ်များနှင့် အခြားအသုံးအဆောင်များကို သယ်ဆောင်ပေး၊ ကလေး၏လေ့လာသင်ယူမှုကို ကြီးကြပ်ပေးရသည်။

အထိန်းသည် ကျောင်းဆရာတစ်ဦးတော့ မဟုတ်ပါ။ ကျောင်းစာသင်ကြားပေးခြင်းအစား အထိန်းသည် ဖခင်၏ညွှန်ကြားမှုအောက်တွင် ကလေးထိန်းကျောင်းပေးခြင်းမျှသာဖြစ်သည်။ သို့သော် ကြီးကြပ်ပေးခြင်း၊ ဆုံးမပဲ့ပြင်ခြင်းဖြင့် သွယ်ဝိုက်သောနည်းဖြင့် သင်ကြားပေးပါသည်။ ယင်းတို့ထဲတွင် ယဉ်ကျေးစေရန်ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြဆုံးမခြင်းနှင့် အမူအကျင့်ဆိုးအတွက်ပြစ်ဒဏ်ပေးခြင်းတို့ပင် ပါဝင်သည်။ အမှန်တွင် မိခင်နှင့်ဖခင်သည် ကလေးအား အဓိကသွန်သင်ဆုံးမသူများဖြစ်ကြသည်။ သို့တိုင် ကလေးငယ်ကြီးပြင်းလာသည်နှင့်အမျှ အထိန်းဖြစ်သူက လမ်းပေါ်လမ်းလျှောက်သည့်အခါ ကိုယ်ဟန်အမူအရာကောင်း ရှိသင့်သည်၊ ဝတ်ရုံဝတ်ဆင်သင့်သည်၊ တင့်တယ်စွာထိုင်သင့်၊ စားသင့်သည်၊ အသက်ကြီးသူတို့ဝင်လာသည့်အခါ မတ်တတ်ရပ်သင့်သည်၊ မိဘကိုချစ်သင့်သည် စသည်တို့ကို သင်ပေးသည်။

 ဂရိအတွေးအခေါ်ပညာရှင် ပလေတို (ဘီစီ ၄၂၈-၃၄၈) က ကလေး၏ပြင်းပြသောစိတ်ဇောကို ထိန်းချုပ်ပေးရမည်ဟု အတိအလင်းဖော်ပြခဲ့သည်။ “မည်သည့်သိုး သို့မဟုတ် စားကျက်တွင်ထိန်းကျောင်းရသည့် မည်သည့်တိရစ္ဆာန်မဆိုတွင် အထိန်းတစ်ဦးရှိသကဲ့သို့ပင် ကလေးများသည် အထိန်းတစ်ဦးမရှိဘဲ၊ ကျွန်များသည် သခင်တစ်ဦးမရှိဘဲ မနေထိုင်နိုင်ပါ” ဟုသူရေးခဲ့သည်။ ယင်းရှုမြင်ချက်သည် အစွန်းရောက်ပုံရသော်လည်း ယင်းသည် ပလေတို၏ရှုမြင်ပုံဖြစ်သည်။

အထိန်းများသည် ကလေးများနှင့်အတူ အမြဲရှိနေတတ်ကြသောကြောင့် နိုင်ထက်စီးနင်းပြုသောအစောင့်များ၊ ပြင်းထန်သည့်စည်းကမ်းချက်ထုတ်သူများ၊ အသေးအဖွဲဖြစ်သော၊ ငြီးငွေ့ဖွယ်ကောင်းသော၊ အကျိုးမရှိသောစွဲချက် တသီတတန်းကြီးပြောသူများအဖြစ် သူတို့ကိုရှုမြင်လာကြသည်။ အချို့အထိန်းများသည် ထိုနာမည်ဆိုးရှိကြသည့်တိုင် အထိန်းသည် ကလေး၏ကျင့်ဝတ်ပိုင်းကိုရော ကာယပိုင်းကိုပါ ကာကွယ်ပေးသည်။ အေဒီဒုတိယရာစုမှ ဂရိသမိုင်းပညာရှင် အက်ပီယန်းက အထိန်းတစ်ဦးအကြောင်း ပြောပြသည်၊ ထိုအထိန်းသည် ကလေးကျောင်းသွားသည့်လမ်းတွင် ကလေးကိုသူ၏လက်နှစ်ဖက်ဖြင့်သိုင်းဖက်ကာ လူသတ်သမားဟုဆိုသူများရန်မှ ကာကွယ်ခဲ့သည်။ သူသည် ကလေးကိုမလွှတ်ပေးသည့်အခါ အထိန်းရော ကလေးပါနှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။

မဟာအလက်ဇန္ဒြားနောက်ပိုင်း ဂရိလောကတွင် အကျင့်ယိုယွင်းမှု နှံ့ပြားလာခဲ့သည်။ ကလေးများ၊ အထူးသဖြင့် ယောက်ျားလေးများကို ကလေးဗလက္ကာရပြုခြင်းရန်မှ ကာကွယ်ပေးဖို့ လိုအပ်ခဲ့သည်။ ကျောင်းဆရာများစွာသည် ယုံကြည်စိတ်ချ၍မရနိုင်သောကြောင့် ကလေးများစာသင်ချိန်တွင် အထိန်းများပါလိုက်တက်ကြပေမည်။ အေဒီစတုတ္ထရာစုမှ ဂရိလူမျိုးအဟောအပြောကောင်းသူ လဘေနီးယပ်စ်က အထိန်းများသည် “ကြီးကောင်ငင်အရွယ်လူငယ်လေးများ၏ အစောင့်အကြပ်များ” အဖြစ် “ကျောင်းနေဖက်များနှင့် ရင်းနှီးသောအပြန်အလှန်ဆက်ဆံမှုမရှိစေရန် ဆီးတားကာကွယ်ခြင်း၊ ထိုသူငယ်များနှင့် တရင်းတနှီးနေရန် ခွင့်မပြုခြင်းတို့အားဖြင့် ကလေးများ၏ မလိုလားအပ်သောစွဲလမ်းမှုများကို ဖြတ်တောက်ပေး” ရန် ဆောင်ရွက်ကြကြောင်းကိုပင် ဖော်ပြထားသည်။ အထိန်းများစွာသည် မိမိတို့ကာကွယ်ပေးရသူတို့၏ လေးစားမှုကို ရရှိခဲ့ကြသည်။ ကျေးဇူးတင်လေးမြတ်ကြသော အရွယ်ရောက်သူများသည် မိမိတို့အားထိန်းကျောင်းခဲ့သူများသေဆုံးချိန်တွင် သူတို့ကိုချစ်မြတ်နိုးဆဲဖြစ်ကြောင်း အထိမ်းအမှတ်ကျောက်ပြားများတွင် ရေးထိုးခဲ့ကြသည်။

အထိန်းတစ်ဦးကဲ့သို့ဖြစ်သော ပညတ်တရား

တမန်တော်ပေါလုသည် မောရှေပညတ်ကို အထိန်းတစ်ဦးနှင့် အဘယ်ကြောင့် နှိုင်းယှဉ်ခဲ့သနည်း။ အဘယ်အရာက ယင်းဥပမာကို အထူးသင့်လျော်စေသနည်း။

ဦးဆုံးတစ်ချက်မှာ ပညတ်တရားသည် အကာအကွယ်ပေးသည် ဟူသည့်အချက်ဖြစ်သည်။ ဂျူးလူမျိုးသည် “ပညတ်တရားအောက်၌ စောင့်ကြပ်ခြင်း” ခံရသည်ဟု ပေါလုရှင်းပြခဲ့သည်။ အထိန်းတစ်ဦး၏ ကာကွယ်စောင့်ထိန်းမှုအောက်တွင် နေရသကဲ့သို့ဖြစ်ခဲ့သည်။ (ဂလာတိ ၃:၂၃) ပညတ်တရားသည် သူတို့၏ဘဝအသက်တာ ကဏ္ဍရပ်တိုင်းတွင် ဩဇာလွှမ်းမိုးခဲ့သည်။ သူတို့၏တပ်မက်စိတ်နှင့် ဇာတိစိတ်သဘောထားတို့ကို ထိန်းချုပ်ပေးခဲ့သည်။ သူတို့၏အမူအကျင့်ကို ကြပ်မတ်ကြည့်ရှုပေးခဲ့ပြီး ဣသရေလတစ်ဦးစီအား မိမိတို့၏မစုံလင်မှုကို သတိပြုစေခြင်းဖြင့် သူတို့၏ပျက်ကွက်မှုတို့ကို မပြတ်ပြစ်တင်ဖော်ပြပေးခဲ့သည်။

ဣသရေလဝန်းကျင်နိုင်ငံများ၏ ယုတ်ညံ့သောကိုယ်ကျင့်တရားနှင့် ဝတ်ပြုရေးဆိုင်ရာအမူအကျင့်များကဲ့သို့သော ယိုယွင်းဖောက်ပြန်သည့်သြဇာလွှမ်းမိုးမှု မခံရစေရန်လည်း ပညတ်တရားက ကာကွယ်ပေးခဲ့သည်။ ဥပမာ၊ ဝတ်ပြုရေးမတူသူလူမျိုးခြားတို့နှင့် ထိမ်းမြားခြင်းမပြုရန် ဘုရားသခင်တားမြစ်ထားခြင်းက လူမျိုးတစ်မျိုးလုံး ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိစေရန် အရေးပါခဲ့သည်။ (တရားဟောရာ ၇:၃၊ ၄) ယင်းကဲ့သို့သော ပညတ်ဥပဒေများက ဘုရားသခင့်လူမျိုး၏ဝတ်ပြုရေးကို စင်ကြယ်စေရန်ထိန်းသိမ်းနိုင်ခဲ့ပြီး မေရှိယကိုအသိအမှတ်ပြုနိုင်ရန် ပြင်ဆင်ပေးခဲ့သည်။ ယင်းတို့သည် မေတ္တာပါသောပြင်ဆင်ပေးချက်များ အမှန်ပင်ဖြစ်သည်။ မောရှေက ဣသရေလအမျိုးသားချင်းတို့အား ဤသို့သတိပေးခဲ့၏– ‘အဘသည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ယေဟောဝါသည် သင့်အား ဆုံးမတော်မူသည်။’—တရားဟောရာ ၈:၅

သို့သော် တမန်တော်ပေါလုဖော်ပြခဲ့သောဥပမာ၏ အရေးကြီးသည့်အပိုင်းမှာ အထိန်းတစ်ဦး၏အခွင့်အာဏာသည် ခေတ္တသာဖြစ်သည် ဟူသည့်အချက်ဖြစ်သည်။ ကလေးသည် ရင့်ကျက်သည့်အသက်အရွယ်သို့ရောက်လာသည့်အခါ သူသည် အထိန်း၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပါ။ ဂရိသမိုင်းပညာရှင် ဇီနိုဖုန်း (ဘီစီ ၄၃၁-၃၅၂) ဤသို့ရေးခဲ့၏– “ယောက်ျားလေးတစ်ဦးသည် ကလေးတစ်ဦးမဟုတ်တော့ဘဲ လုလင်ပျိုဖြစ်လာသည့်အခါ အခြားသူတို့က သူ့ကို သူ၏ [အထိန်း] နှင့် သူ၏ [ဆရာ] လက်မှလွတ်ခွင့်ပေးသည်၊ ယင်းနောက် သူတို့၏လက်အောက်တွင်မရှိတော့ဘဲ မိမိအလိုရှိသည့်ပုံစံဖြင့် နေထိုင်ခွင့်ပြုသည်။”

မောရှေပညတ်တရား၏ အခွင့်အာဏာသည်လည်း အလားတူပင်ဖြစ်သည်။ ယင်း၏တာဝန်မှာ ယာယီသာဖြစ်သည်—“ကတိထားတော်မူသော အမျိုးအနွယ် [ယေရှုခရစ်] မပေါ်ထွန်းမီ ကျူးလွန်သောအပြစ်များကို ထင်ရှားစေရန်” ဖြစ်သည်။ ဂျူးတို့အတွက် ပညတ်တရားသည် ‘ခရစ်တော်ထံ ပို့ဆောင်ပေးသော အထိန်း’ ဖြစ်သည်ဟု တမန်တော်ပေါလု ရှင်းပြခဲ့သည်။ ပေါလု၏တစ်ခေတ်တည်းသားဂျူးတို့သည် ဘုရားသခင့်မျက်နှာသာရရန် ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍကို အသိအမှတ်ပြုကြရမည်။ ယင်းကိုသူတို့အသိအမှတ်ပြုသည်နှင့် အထိန်း၏တာဝန် ပြီးဆုံးသွားပြီဖြစ်သည်။—ဂလာတိ ၃:၁၉ကဘ၊ ၂၄၊ ၂၅။

ဣသရေလလူတို့အား ဘုရားသခင်ပေးခဲ့သော ပညတ်တရားသည် စုံလင်သည်။ ဘုရားသခင် ပညတ်တရားဖွဲ့စည်းပေးခဲ့ရသည့်  ရည်ရွယ်ချက်—မိမိလူမျိုးကိုကာကွယ်ရန်နှင့် ကိုယ်တော်၏မြင့်မြတ်သောစံနှုန်းများကို သူတို့သတိပြုစေရန်—ကို ပညတ်တရားသည် ပြည့်ပြည့်ဝဝ ပြီးမြောက်အောင်မြင်စေခဲ့သည်။ (ရောမ ၇:၇-၁၄) ပညတ်တရားသည် တော်သောအထိန်းတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယင်း၏ကာကွယ်မှုအောက် နေထိုင်သူအချို့သည် ယင်း၏တောင်းဆိုချက်များကို ဝန်ထုပ်အဖြစ် ရှုမြင်ခဲ့ကြပုံရသည်။ ထို့ကြောင့် ဘုရားသခင်သတ်မှတ်ချိန်ရောက်သည့်အခါ “ခရစ်တော်သည် . . . ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူပြီ” ဟုပေါလုရေးနိုင်ခဲ့သည်။ ပညတ်တရားအောက်ရှိသော မစုံလင်သူဂျူးတို့သည် ယင်းစံနှုန်းတို့ကို အပြည့်အဝမလိုက်နာနိုင်သည့်သဘောဖြင့် ပညတ်တရားသည် “ကျိန်ခြင်း” တစ်ခုဖြစ်ခဲ့သည်။ ပညတ်တရားက ထုံးတမ်းစဉ်လာ ဝတ်ပြုကိုးကွယ်နည်းများကို အတိအကျလိုက်နာစောင့်ထိန်းဖို့ တောင်းဆိုသည်။ ဂျူးတစ်ဦးသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကြောင့်ရရှိနိုင်သော သာလွန်မြင့်မြတ်သည့် အစီအစဉ်ကိုလက်ခံသည်နှင့် အထိန်း၏ကန့်သတ်ချုပ်ချယ်မှုများကို လိုက်နာစောင့်ထိန်းဖို့ မလိုတော့ပါ။—ဂလာတိ ၃:၁၃; ၄:၉၊ ၁၀

သို့ဖြစ်၍ မောရှေ၏ပညတ်ကို အထိန်းတစ်ဦးနှင့်နှိုင်းယှဉ်ရာတွင် ပေါလုအဓိကအာရုံစိုက်ရာမှာ ယင်း၏ထိန်းကျောင်းသည့်တာဝန်နှင့် ယင်း၏ယာယီဖြစ်မှုကို အလေးပေးရန်ဖြစ်သည်။ ပညတ်တရားကိုနာခံခြင်းအားဖြင့်မဟုတ်ဘဲ ယေရှုကိုအသိအမှတ်ပြုပြီး ကိုယ်တော့်ကိုယုံကြည်ကြောင်းတင်ပြခြင်းဖြင့် ယေဟောဝါ၏မျက်နှာသာ ရရှိကြသည်။—ဂလာတိ ၂:၁၆; ၃:၁၁

[လေးထောင့်ကွက်]

“အုပ်ထိန်းသူ” နှင့် “ဘဏ္ဍာစိုး”

တမန်တော်ပေါလုသည် အထိန်းအကြောင်းရေးသည့်ပြင် “အုပ်ထိန်းသူ” နှင့် “ဘဏ္ဍာစိုး” ဥပမာတို့ကိုလည်း ဖော်ပြခဲ့သည်။ ဂလာတိ ၄:၁၊ ၂ တွင်ဤသို့ဖတ်ရ၏– “အမွေခံမည်သည်ကား ဥစ္စာရှိသမျှကိုပိုင်ထိုက်သောသူဖြစ်သော်လည်း အရွယ်မရောက်မီကာလပတ်လုံး အစေအပါကျွန်နှင့်တူ၏။ အဘစီရင်နှင့်သောအချိန်ကာလမရောက်မီတိုင်အောင် အစောင့်အထိန်း [“အုပ်ထိန်းသူ၊” ကဘ] အအုပ်အချုပ် [“ဘဏ္ဍာစိုး၊” ကဘ] တို့လက်၌ရှိ၏။” “အုပ်ထိန်းသူ” နှင့် “ဘဏ္ဍာစိုး” တို့၏တာဝန်များသည် အထိန်း၏တာဝန်နှင့် သိသိသာသာကွဲပြားခြားနားသော်လည်း ပေါလုဖော်ပြလိုသောအချက်မှာ အခြေခံအားဖြင့် တူညီသည်။

ရောမဥပဒေအောက်တွင် “အုပ်ထိန်းသူ” တစ်ဦးသည် အရွယ်မရောက်သေးသော မိဘမဲ့တစ်ဦးကို အုပ်ထိန်းသူအဖြစ်ဆောင်ရွက်ရန် တရားဝင်ခန့်အပ်ခံရသူဖြစ်ပြီး ကလေးကြီးပြင်းလာသည်အထိ ကလေး၏ငွေကြေးကိစ္စများကို စီမံခန့်ခွဲပေးသည်။ ထို့ကြောင့် ထိုကဲ့သို့သောကလေးတစ်ဦးသည် သဘောတရားအရ အမွေဥစ္စာ “ပိုင်ထိုက်သောသူ” ဖြစ်သော်လည်း ကလေးအရွယ်တွင် လုပ်ပိုင်ခွင့်မရှိသောကျွန်တစ်ဦးနှင့်တူသည်ဟု ပေါလုဖော်ပြသည်။

သို့သော် “ဘဏ္ဍာစိုး” တစ်ဦးမှာမူ ကလေး၏ပိုင်ဆိုင်ရာများနှင့်သက်ဆိုင်သည့် ငွေကြေးကိစ္စများအတွက် တာဝန်ရှိသူဖြစ်သည်။ ဂျူးလူမျိုးသမိုင်းဆရာ ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က ဟိုင်ရ်ကန်းနပ်စ်အမည်ရှိသော လူငယ်လေးတစ်ဦးက သူအလိုရှိသမျှတို့ကိုဝယ်ရန် သူ့အားငွေထုတ်ပေးစေဖို့ သူ၏ဘဏ္ဍာစိုးထံ စာတစ်စောင်ရေးရန် သူ၏ဖခင်အား တောင်းဆိုသည့်အကြောင်း ပြောသည်။

ထို့ကြောင့် အထိန်းတစ်ဦး၏လက်အောက်တွင်ရှိနေသကဲ့သို့ပင် “အုပ်ထိန်းသူ” သို့မဟုတ် “ဘဏ္ဍာစိုး” တစ်ဦး၏လက်အောက်တွင်ရှိခြင်းသည် အရွယ်မရောက်သေးချိန်တွင် လွတ်လပ်မှုမရှိကြောင်း ဖော်ပြသည်။ ကလေး၏အသက်တာသည် ဖခင်သတ်မှတ်ထားသောအချိန် မရောက်မချင်း အခြားသူတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ရှေးခေတ်ဂရိပန်းအိုးပေါ်တွင် တောင်ဝှေးကိုင်ထားသည့် အထိန်းတစ်ဦးပုံကို ပုံဖော်ထား

[အသိအမှတ်ပြုစာ]

National Archaeological Museum, Athens

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဘီစီငါးရာစုမှမြင်ကွင်းဖြစ်ပြီး အထိန်းတစ်ဦး (တောင်ဝှေးကိုင်ထားသူ) သည် သူထိန်းရသည့်ကလေး ကဗျာနှင့်တေးဂီတသင်ယူနေသည်ကို စောင့်ကြည့်နေပုံ ဖော်ပြသည့်ခွက်

[အသိအမှတ်ပြုစာ]

Bildarchiv Preussischer Kulturbesitz/Art Resource, Ny