မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆက်၍ကောင်းမှုပြုပါ

ဆက်၍ကောင်းမှုပြုပါ

 ဆက်၍ကောင်းမှုပြုပါ

“ကောင်းသောအမှုကို ပြုမြဲပြုကြလော့။”—လု. ၆:၃၅၊ ကဘ။

၁၊ ၂။ အခြားသူတို့ကို ကောင်းမှုပြုခြင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်ဖြစ်လေ့ရှိသနည်း။

ခြားသူတို့အပေါ် ကောင်းမှုပြုခြင်းသည် စိန်ခေါ်ချက်တစ်ခု ဖြစ်လေ့ရှိသည်။ ကျွန်ုပ်တို့မေတ္တာပြလိုက်သောသူတို့သည် ကျွန်ုပ်တို့ကို မေတ္တာပြချင်မှပြပေမည်။ “ပျော်ရွှင်သောဘုရားသခင်” နှင့် ကိုယ်တော့်သားတော်၏ “သတင်းကောင်း” ကို လူတို့အားဝေငှရန်ကြိုးစားခြင်းဖြင့် သူတို့ကိုကျွန်ုပ်တို့ အတတ်နိုင်ဆုံးကူညီပေးသော်လည်း သူတို့သည် စိတ်ဝင်စားမှုမပြ သို့မဟုတ် လေးမြတ်မှုမပြဖြစ်ပေမည်။ (၁ တိ. ၁:၁၁ကဘ) အခြားသူတို့သည် မုန်းတီးစိတ်ဖြင့် “ခရစ်တော်၏လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု” ကြသည်။ (ဖိ. ၃:၁၈) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် သူတို့ကို မည်သို့ဆက်ဆံသင့်သနည်း။

ယေရှုခရစ်က တပည့်များအား ဤသို့မိန့်တော်မူခဲ့၏– “သင်တို့မူကား ရန်သူကို ချစ်မြဲချစ်ကြလော့။ ကောင်းသောအမှုကို ပြုမြဲပြုကြလော့။” (လု. ၆:၃၅ကဘ) ယခု ယင်းဆုံးမစကားကို အသေအချာသုံးသပ်ကြည့်ကြစို့။ အခြားသူတို့ကို ကောင်းမှုပြုခြင်းနှင့်ပတ်သက်၍ ယေရှုမိန့်ဆိုသော အခြားအချက်များမှလည်း ကျွန်ုပ်တို့ အကျိုးခံစားရမည်။

“ရန်သူတို့ကိုချစ်ကြလော့”

၃။ (က) မဿဲ ၅:၄၃-၄၅ တွင်မှတ်တမ်းတင်ထားသော ယေရှု၏မိန့်ဆိုချက်ကို သင့်စကားဖြင့် အကျဉ်းချုပ်ဖော်ပြပါ။ (ခ) ပထမရာစုရှိ ဂျူးဘာသာရေးခေါင်းဆောင်များအလယ်တွင် ဂျူးနှင့် ဂျူးမဟုတ်သူတို့စပ်ကြား အဘယ်ရှုမြင်ချက်ရှိခဲ့သနည်း။

ယေရှု၏ ထင်ပေါ်ကျော်ကြားသော တောင်ပေါ်တရားတော်တွင် ကိုယ်တော်က ပရိသတ်အား ရန်သူကိုချစ်ရန်နှင့် မိမိတို့ကိုနှိပ်စက်သူတို့အဖို့ ဆုတောင်းပေးရန် မိန့်တော်မူခဲ့သည်။ (မဿဲ ၅:၄၃-၄၅ ကိုဖတ်ပါ။) ထိုအခါသမယတွင် ရောက်ရှိနေသူတို့မှာ ဘုရားသခင်၏ ဤပညတ်ကိုသိထားကြသော ဂျူးလူမျိုးတို့ဖြစ်ကြသည်– “သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။” (ဝတ်. ၁၉:၁၈) “သင့်အမျိုးသားချင်း” နှင့် “ကိုယ်နှင့်စပ်ဆိုင်သောသူ” မှာ ဂျူးလူမျိုးကိုသာရည်ညွှန်းသည်ဟု ပထမရာစုရှိ ဂျူးဘာသာရေးခေါင်းဆောင်များ ယူမှတ်ခဲ့ကြသည်။ မောရှေပညတ်က ဣသရေလလူမျိုးသည် လူမျိုးခြားတို့နှင့်သီးခြားနေရန် တောင်းဆိုထားသည်ကို ဂျူးမဟုတ်သူအားလုံးအား မုန်းတီးရမည့် ရန်သူများအဖြစ် ရှုမြင်လာခဲ့ကြသည်။

၄။ ယေရှု၏တပည့်များသည် သူတို့၏ရန်သူများကို မည်သို့ပြုမူဆက်ဆံသင့်သနည်း။

 ယင်းနှင့်ဆန့်ကျင်လျက် ယေရှုဤသို့မိန့်ဆိုခဲ့၏– “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။” (မ. ၅:၄၄ကဘ) ကိုယ်တော်၏တပည့်များသည် မိမိတို့အား ရန်လိုသူအားလုံးကို မေတ္တာဖြင့်ပြုမူဆက်ဆံရန်ဖြစ်သည်။ သတင်းကောင်းကျမ်းစောင်ကိုရေးသူ လုကာ၏အဆိုအရ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ငါ့စကားကို ကြားနာနေသော သင်တို့အား ငါဆိုသည်ကား သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကောင်းမှုပြုမြဲပြုကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့မြဲပို့ကြလော့။ သင်တို့ကို စော်ကားသောသူတို့အဖို့ ဆုတောင်းပေးမြဲတောင်းပေးကြလော့။” (လု. ၆:၂၇၊ ၂၈ကဘ) ယေရှု၏မိန့်တော်မူချက်ကို နှလုံးသွင်းသူ ပထမရာစုမှသူတို့ကဲ့သို့ ကျွန်ုပ်တို့သည် ရန်လိုသူတို့ကို ကောင်းကျိုးဖြစ်စေသော လုပ်ရပ်တို့နှင့် တုံ့ပြန်ခြင်းဖြင့် ‘မုန်းသောသူတို့အား ကောင်းမှုပြုကြ’ သည်။ ကျွန်ုပ်တို့ကို “ကျိန်ဆဲသောသူတို့အား” ကြင်နာစွာပြောဆိုခြင်းဖြင့် သူတို့ကို “မေတ္တာပို့” ကြသည်။ ကျွန်ုပ်တို့ကို ကာယပိုင်းအကြမ်းဖက်သူ သို့မဟုတ် အခြားနည်းဖြင့် “စော်ကားသောသူတို့အဖို့ ဆုတောင်းပေး” ကြသည်။ ထိုသို့သောအသနားခံချက်များသည် ညှဉ်းပန်းနှိပ်စက်သူတို့ စိတ်နှလုံးပြုပြင်ပြောင်းလဲကာ ယေဟောဝါ၏မျက်နှာသာရရှိစေလိုသော မေတ္တာပါတောင်းဆိုချက်များဖြစ်သည်။

၅၊ ၆။ ကျွန်ုပ်တို့သည် ရန်သူများကို အဘယ်ကြောင့်ချစ်သင့်သနည်း။

ကျွန်ုပ်တို့၏ရန်သူများကို အဘယ်ကြောင့် မေတ္တာပြရသနည်း။ “သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှာ” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မ. ၅:၄၄) ထိုဆုံးမစကားကို ကျွန်ုပ်တို့လိုက်လျှောက်ပါက ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ကိုတုပသော “သား” ဖြစ်လာသည်၊ ကိုယ်တော်သည် “ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” လုကာ၏မှတ်တမ်းအရ ဘုရားသခင်သည် “ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။”—လု. ၆:၃၆

တပည့်များသည် “ရန်သူတို့ကို ချစ်မြဲချစ်ကြ” ရန်အရေးကြီးမှုကို အလေးပေးသည့်အနေနှင့် ယေရှုဤသို့မိန့်တော်မူခဲ့၏– ‘သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည်မဟုတ်လော။ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ ပြင်ပလူတို့တွင် ထို့အတူပြုကြသည်မဟုတ်လော။’ (မ. ၅:၄၆၊ ၄၇) ကျွန်ုပ်တို့အား ချစ်တုံ့ပြန်သူတို့ကိုသာ ကျွန်ုပ်တို့၏မေတ္တာကို ကန့်သတ်ထားမည်ဆိုပါက ဘုရားသခင်ထံမှ မည်သည့် “ကျေးဇူး၊” မည်သည့်မျက်နှာသာမျှ ရမည်မဟုတ်ပါ။ ကဲ့ရဲ့ပြစ်တင်ခံရလေ့ရှိသော အခွန်ခံတို့ပင်လျှင် မိမိတို့အားချစ်သောသူတို့ကို မေတ္တာပြကြသည်။—လု. ၅:၃၀; ၇:၃၄

၇။ ကျွန်ုပ်တို့၏ “ညီအစ်ကို” များကိုသာနှုတ်ဆက်မည်ဆိုလျှင် အဘယ်ကြောင့် မထူးခြားသနည်း။

ဂျူးလူမျိုး၏နှုတ်ဆက်စကားတွင် ‘ငြိမ်သက်ခြင်းရှိပါစေ’ ဟူသောစကားလုံး ပါသည်။ (သူကြီး. ၁၉:၂၀; ယော. ၂၀:၁၉) နှုတ်ဆက်ခံရသူ၏ ကျန်းမာရေး၊ ကောင်းစားရေး၊ ကြွယ်ဝပြည့်စုံရေးအတွက် ဆန္ဒပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ “ညီအစ်ကို” အဖြစ် ကျွန်ုပ်တို့သတ်မှတ်ထားသူတို့ကိုသာ နှုတ်ဆက်မည်ဆိုလျှင် ‘ထူးခြား’ မည်မဟုတ်ပါ။ ယေရှုထောက်ပြသည့်အချက်အရ ‘ပြင်ပလူတို့’ လည်း အလားတူပင်ပြုလုပ်ကြသည်။

၈။ ယေရှုသည် နားထောင်နေသူများအား “သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” ဟုမိန့်တော်မူသည့်အခါ ကိုယ်တော် အဘယ်အရာကို အားပေးနေခြင်းနည်း။

အမွေခံထားရသောအပြစ်သည် ခရစ်တော်၏တပည့်များကို အပြစ်ကင်းသူ၊ စုံလင်သူမဖြစ်စေနိုင်ပါ။ (ရော. ၅:၁၂) သို့တိုင် ယေရှုက ဟောပြောချက်၏ဤအပိုင်းကို ဤသို့နိဂုံးချုပ်ခဲ့၏– “ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။” (မ. ၅:၄၈) သို့ဖြင့် ကိုယ်တော် သည် နားထောင်နေသူများအား မိမိတို့၏မေတ္တာကို စုံလင်စေခြင်းအားဖြင့်—မိမိတို့၏ရန်သူကို မေတ္တာပြကာ စုံလင်အောင်ပြုလုပ်ခြင်းအားဖြင့်—‘ကောင်းကင်ခမည်းတော်’ ယေဟောဝါကိုတုပကြရန် အားပေးခဲ့သည်။ ကျွန်ုပ်တို့ထံမှလည်း ထိုသို့ပင်မျှော်လင့်တော်မူသည်။

အဘယ်ကြောင့်ခွင့်လွှတ်ရသနည်း

၉။ ယေရှု၏စံပြဆုတောင်းချက်အရ ကောင်းမှုပြုမြဲပြုခြင်းတွင် အဘယ်အရာပါဝင်သနည်း။

ကျွန်ုပ်တို့အား ပြစ်မှားသူတစ်ဦးဦးကို ကြင်နာစွာခွင့်လွှတ်သည့်အခါ ကျွန်ုပ်တို့ ကောင်းမှုပြုနေခြင်းဖြစ်သည်။ အမှန်မှာ၊ ယေရှု၏စံပြဆုတောင်းချက်ထဲတွင် ဤစကားပါရှိ၏– “သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။” (မ. ၆:၁၂) လုကာ၏သတင်းကောင်းကျမ်း၌ ဤသို့ဖော်ပြ၏– “အကျွန်ုပ်တို့ကိုပြစ်မှားသောသူရှိသမျှတို့၏အပြစ်ကို အကျွန်ုပ်တို့သည်လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။”—လု. ၁၁:၄

၁၀။ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်သို့တုပနိုင်သနည်း။

၁၀ နောင်တရသောအပြစ်သားများကို လိုလိုလားလားခွင့်လွှတ်တော်မူသော ဘုရားသခင်ကို ကျွန်ုပ်တို့တုပရန် လိုသည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။” (ဧ. ၄:၃၂) ဆာလံဆရာ ဒါဝိဒ် ဤသို့စပ်ဆိုခဲ့၏– ‘ယေဟောဝါသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ချစ်ခင်ကြင်နာမှုကြွယ်ဝသောသဘောရှိတော်မူ၏။ . . . ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့ပြစ်မှားသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ . . . အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကိုသနားစုံမက်သည်နည်းတူ ယေဟောဝါသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။’—ဆာ. ၁၀၃:၈-၁၄

၁၁။ ဘုရားသခင်သည် မည်သို့သောသူကို ခွင့်လွှတ်တော်မူသနည်း။

၁၁ လူတို့သည် မိမိတို့အားပြစ်မှားသူတို့ကို ခွင့်လွှတ်ပြီးမှသာ ဘုရားသခင်၏ ခွင့်လွှတ်မှုကိုရနိုင်ကြသည်။ (မာ. ၁၁:၂၅) ယင်းအချက်ကို အလေးပေးသည့်အနေနှင့် ယေရှုဤသို့ထပ်ဆင့်မိန့်တော်မူ၏– “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။” (မ. ၆:၁၄၊ ၁၅) မှန်ပါသည်၊ အခြားသူတို့အား လိုလိုလားလားခွင့်လွှတ်သူတို့ကိုသာ ဘုရားသခင် ခွင့်လွှတ်တော်မူသည်။ ကောင်းမှုကို ဆက်၍ပြုလုပ်သည့် နည်းတစ်နည်းမှာ ပေါလု၏ ဤဆုံးမစကားကို ကျင့်သုံးခြင်းဖြစ်သည်– ‘ယေဟောဝါသည် သင်တို့ကို လုံးလုံးခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။’—ကော. ၃:၁၃ကဘ။

“သူတစ်ပါးအမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”

၁၂။ အခြားသူများကို စစ်ကြောဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ အဘယ်ဆုံးမစကားကို ယေရှုမိန့်တော်မူခဲ့သနည်း။

၁၂ ယေရှုက တောင်ပေါ်တရားတော်ကို နားထောင်နေသူတို့အား ကောင်းမှုပြုနိုင်သည့် အခြားနည်းတစ်နည်းကို ဖော်ပြခဲ့သည်၊ အခြားသူများကို စစ်ကြောဆုံးဖြတ်ခြင်းမပြုရန်မိန့်တော်မူပြီး ယင်းကိုပေါ်လွင်စေရန် ထိရောက်သောဥပမာတစ်ခုကိုသုံးကာ ဖော်ပြခဲ့ချိန်တွင်ဖြစ်သည်။ (မဿဲ ၇:၁-၅ ကိုဖတ်ပါ။) ယေရှုက “သူတစ်ပါးအမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်” ဟုမိန့်တော်မူသည့်အခါ အဘယ်အရာကိုဆိုလိုကြောင်း သုံးသပ်ကြည့်ကြစို့။

၁၃။ ယေရှု၏စကားကို နားထောင်နေသူတို့သည် မည်သို့ “အပြစ်ကိုလွှတ်” နိုင်ကြသနည်း။

၁၃ မဿဲ၏သတင်းကောင်းကျမ်းစောင်က ယေရှုမိန့်တော်မူချက်ကို ဤသို့ဖော်ပြ၏– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” (မ. ၇:၁) လုကာကျမ်းအရ ယေရှုဤသို့မိန့်ဆို၏– “သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။” (လု. ၆:၃၇) ပထမရာစုမှ ဖာရိရှဲတို့သည် ကျမ်းစာနှင့်မညီသော ထုံးတမ်းဓလေ့များပေါ်အခြေပြုကာ တခြားသူတို့ကို ပြင်းပြင်းထန်ထန်စီရင်ဆုံးဖြတ်ခဲ့ကြသည်။ ယေရှုစကားနားထောင်နေသူတို့ထဲတွင် ထိုသို့ပြုခဲ့ကြသူမည်သူမဆိုသည် “သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြ” တော့ရန်ဖြစ်သည်။ ယင်းအစား သူတို့သည် အခြားသူများ၏ အပြစ်အနာအဆာများကို ခွင့်လွှတ်ခြင်းအားဖြင့် “အပြစ်ကိုလွှတ်ကြ” ရန်ဖြစ်သည်။ တမန်တော်ပေါလုက ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ အလားတူဆုံးမစကားကို ဆိုခဲ့သည်။—ဧဖက် ၄:၃၂ ကိုဖတ်ပါ။

၁၄။ ယေရှုတပည့်များ၏ခွင့်လွှတ်မှုက လူတို့ကိုလည်း အဘယ်အရာပြုရန် လှုံ့ဆော်ပေးမည်နည်း။

၁၄ ယေရှုတပည့်များ၏ခွင့်လွှတ်မှုက လူများကိုလည်း ခွင့်လွှတ်တတ်ရန် လှုံ့ဆော်ပေမည်။ “သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအားပေး၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။” (မ. ၇:၂) အခြားသူတို့အား ကျွန်ုပ်တို့၏ဆက်ဆံပုံနှင့်အညီ ကျွန်ုပ်တို့ ဆက်ဆံခံရကြသည်။—ဂလ. ၆:၇

၁၅။ အလွန်အမင်းအပြစ်ရှာခြင်းသည် မှားကြောင်း ယေရှုမည်သို့တင်ပြခဲ့သနည်း။

၁၅ အလွန်အမင်းအပြစ်ရှာခြင်းသည် မှားကြောင်းဖော်ပြရန် ယေရှုဤသို့မေးခဲ့သည်ကို သတိရပါ– “ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုမအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။” (မ. ၇:၃၊ ၄) လူမည်သည် ညီအစ်ကို၏ “မျက်စိ” တွင်ရှိသော သေးငယ်သည့်အမှားကို သတိပြုမိကာ ဝေဖန်အပြစ်ရှာတတ်သည်။ ညီအစ်ကို၌ ကောင်းစွာဝေဖန်ပိုင်းဖြတ်နိုင်စွမ်းမရှိဟု မိမိယူဆကြောင်း ဝေဖန်အပြစ်ရှာသူတို့ ပြောလေ့ရှိကြသည်။ အမှားမှာ ငြောင့်ငယ်အလား သေးငယ်သည့်တိုင် ဝေဖန်အပြစ်ရှာသူက “ငြောင့်ငယ်ကို ထုတ်ပါရစေ” ဟုဆိုတတ်သည်။ ကိစ္စရပ်ကို ညီအစ်ကိုဖြစ်သူ ပို၍ရှင်းရှင်းလင်းလင်းမြင်စေရန် သူသည် သူတော်ကောင်းယောင်ဆောင်ကာ အကူအညီပေးသည်။

၁၆။ ဖာရိရှဲတို့၏မျက်စိတွင် “တံကျင်” ရှိသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၆ အထူးသဖြင့် ဂျူးဘာသာရေးခေါင်းဆောင်တို့သည် အခြားသူများကို လွန်စွာအပြစ်ရှာခဲ့ကြသည်။ ဥပမာ– ခရစ်တော်ကုသပေးခဲ့၍ မျက်စိပြန်မြင်လာသောသူက ယေရှုသည် ဘုရားသခင်စေလွှတ်သောသူဖြစ်ရမည်ဟု ဆိုသည်ကို ဖာရိရှဲတို့က စိတ်ဆိုးမာန်ဆိုးဖြင့် ‘သင်သည် မွေးစကပင်တစ်ကိုယ်လုံး၌ အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကိုဆုံးမသလော’ ဟုဆိုကြ၏။ (ယော. ၉:၃၀-၃၄) ဖာရိရှဲတို့၏မျက်စိတွင် “တံကျင်” ရှိနေသောကြောင့် ယေဟောဝါ၏စံနှုန်းများပေါ်အခြေပြုကာ တော်လျော်စွာဆုံးဖြတ်နိုင်သည့်စွမ်းရည် လုံးလုံးမရှိဖြစ်နေသည်။ သို့ဖြစ်၍ ယေရှုဤသို့ကြွေးကြော်ခဲ့၏– “လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။” (မ. ၇:၅; လု. ၆:၄၂) ကျွန်ုပ်တို့သည် အခြားသူများကို ကောင်းမှုပြုပြီး ကောင်းစွာဆက်ဆံမည်ဟု ဆုံးဖြတ်ထားပါက ကျွန်ုပ်တို့ညီအစ်ကို၏မျက်စိတွင်ရှိသော ပုံဆောင်ငြောင့်ငယ်ကိုသာရှာခြင်းဖြစ်သည့် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုများကို ပြုလုပ်မည်မဟုတ်ပါ။ ယင်းအစား ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြောင်း အသိအမှတ်ပြုကာ ယုံကြည်သူချင်းများကို စစ်ကြောဆုံးဖြတ်ခြင်း၊ အပြစ်ရှာဝေဖန်ခြင်းတို့ကို ကြဉ်ရှောင်သင့်သည်။

အခြားသူတို့ကို ကျွန်ုပ်တို့ဆက်ဆံသင့်ပုံ

၁၇။ မဿဲ ၇:၁၂ အရ ကျွန်ုပ်တို့သည် အခြားသူတို့ကို မည်သို့ဆက်ဆံသင့်သနည်း။

၁၇ ဘုရားသခင်သည် မိမိကျေးကျွန်များ၏ ဆုတောင်းချက်များကို ဖြေကြားခြင်းဖြင့် ဖခင်ကဲ့သို့သော အရည်အသွေးတင်ပြကြောင်း တောင်ပေါ်တရားတော်တွင် ယေရှုဖော်ပြခဲ့သည်။ (မဿဲ ၇:၇-၁၂ ကိုဖတ်ပါ။) အမူအကျင့်နှင့်ဆိုင်သော ဤစည်းမျဉ်းကို  ယေရှုချမှတ်ပေးခဲ့သည်မှာ မှတ်သားဖွယ်ဖြစ်၏– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မ. ၇:၁၂) ကျွန်ုပ်တို့သည် လူသားချင်းကို ဤနည်းအတိုင်းဆက်ဆံမှသာလျှင် ယေရှုခရစ်၏ နောက်လိုက်စစ်များဖြစ်ကြောင်း သက်သေထူနိုင်သည်။

၁၈။ ကျွန်ုပ်တို့အား ဆက်ဆံစေလိုသည့်အတိုင်း အခြားသူတို့ကို ဆက်ဆံသင့်ကြောင်း “ပညတ္တိကျမ်း” တွင်မည်သို့ဖော်ပြထားသနည်း။

၁၈ ကျွန်ုပ်တို့အား ဆက်ဆံစေလိုသည့်အတိုင်း အခြားသူတို့အား ကျွန်ုပ်တို့ဆက်ဆံသင့်ပုံကို မိန့်ဆိုပြီးနောက် ယေရှုဤသို့ထပ်၍ဆို၏– “ဤပညတ်ကား ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။” ကျွန်ုပ်တို့သည် ယေရှုသတ်မှတ်သည့်နည်းဖြင့် အခြားသူတို့ကိုဆက်ဆံသည့်အခါ “ပညတ္တိကျမ်း”—ကမ္ဘာဦးကျမ်းမှ တရားဟောရာကျမ်းအထိဖြစ်သော ကျမ်းစောင်များတွင် ရေးသားထားချက်များ၏ ဆိုလိုရင်းသဘောနှင့်အညီ ပြုမူခြင်းဖြစ်သည်။ ယင်းကျမ်းစောင်များတွင် စာတန်ကိုဖျက်ဆီးမည့် မျိုးနွယ်တော်ပေါ်ထွန်းမည်ဟူသည့် ယေဟောဝါ၏ရည်ရွယ်ချက်ကို ဖော်ပြထားသည့်အပြင် ဘီစီ ၁၅၁၃ တွင် မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအတွက် ဘုရားသခင်ပေးခဲ့သော ပညတ်တရားလည်းပါရှိသည်။ (က. ၃:၁၅) ပညတ်တရားထဲတွင် အခြားအချက်များအပြင် ဣသရေလလူမျိုးသည် တရားမျှတရမည်၊ မျက်နှာမလိုက်ရ၊ ဆင်းရဲသူတို့နှင့် တိုင်းတစ်ပါးလူမျိုးဧည့်သည်များအပေါ် ကောင်းမှုပြုရမည်တို့ကို ရှင်းလင်းစွာဖော်ပြထားသည်။—ဝတ်. ၁၉:၉၊ ၁၀၊ ၁၅၊ ၃၄

၁၉။ ကျွန်ုပ်တို့သည် ကောင်းမှုပြုသင့်ကြောင်း “အနာဂတ္တိကျမ်း” တွင် မည်သို့ဖော်ပြထားသနည်း။

၁၉ “အနာဂတ္တိကျမ်း” ဟုယေရှုဆိုရာတွင် ဟေဗြဲကျမ်းတွင်ပါသော ပရောဖက်ပြုချက်ကျမ်းစောင်များကို စိတ်ထဲရှိခဲ့သည်။ ယင်းကျမ်းစောင်တို့တွင်ပါသော မေရှိယနှင့်ဆိုင်သည့် ပရောဖက်ပြုချက်များသည် ခရစ်တော်ကိုယ်နှိုက်တွင် ပြည့်စုံခဲ့သည်။ ယင်းကျမ်းစောင်များသည်လည်း ဘုရားသခင်၏လူမျိုး ကိုယ်တော့်အမြင်တွင် ဖြောင့်မတ်ရာလုပ်ဆောင်ပြီး အခြားသူများကို တော်လျော်သည့်နည်းနှင့် ဆက်ဆံသည့်အခါ သူတို့ကို ကိုယ်တော်ကောင်းချီးပေးကြောင်း ဖော်ပြထားသည်။ ဥပမာ၊ ဟေရှာယပရောဖက်ပြုချက်တွင် ဣသရေလလူမျိုးအား ဤသို့ဆုံးမထား၏– ‘ယေဟောဝါမိန့်တော်မူသည်ကား တရားကိုစောင့်၍ ဖြောင့်မတ်စွာကျင့်ကြလော့။ . . . ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသောလူသားသည် . . . မကောင်းမှုကိုမပြုမည်အကြောင်း မိမိလက်ကိုချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။’ (ဟေရှာ. ၅၆:၁၊ ၂) မှန်ပါသည်၊ ဘုရားသခင်သည် မိမိ၏လူမျိုး ကောင်းမှုကိုပြုမြဲပြုရန် မျှော်လင့်တော်မူသည်။

အခြားသူတို့ကို အမြဲကောင်းမှုပြုပါ

၂၀၊ ၂၁။ လူအုပ်သည် ယေရှု၏တောင်ပေါ်တရားတော်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း၊ ယင်းတရားတော်ကို သင်အဘယ်ကြောင့် တွေးတောဆင်ခြင်သင့်သနည်း။

၂၀ ပြိုင်ဘက်ကင်းသောတောင်ပေါ်တရားတော်တွင် ယေရှုဖော်ပြခဲ့သည့် အရေးကြီးသောအချက်များစွာထဲမှ တချို့ကိုသာ ကျွန်ုပ်တို့ သုံးသပ်ခဲ့ကြသည်။ သို့တိုင် ထိုအချိန်အခါက ကိုယ်တော့်မိန့်တော်မူချက်ကို ကြားခဲ့ကြသူတို့ မည်သို့တုံ့ပြန်ကြသည်ကို ကျွန်ုပ်တို့ အလွယ်တကူနားလည်နိုင်သည်။ မှုတ်သွင်းခံမှတ်တမ်း၌ ဤသို့ဆိုထား၏– ‘ထိုတရားတော်ကို ယေရှုဟောတော်မူသည့်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမတော်မူ၏။’—မ. ၇:၂၈၊ ၂၉

၂၁ ယေရှုခရစ်သည် ကြိုဟောထားသော “အံ့သြဖွယ်တိုင်ပင်ဖက်” ဖြစ်တော်မူကြောင်း လုံးလုံးသက်သေထူခဲ့သည်။ (ဟေရှာ. ၉:၆) တောင်ပေါ်တရားတော်သည် ကိစ္စရပ်များအပေါ် ကောင်းကင်ခမည်းတော် မည်သို့ရှုမြင်ပုံနှင့်ပတ်သက်၍ ယေရှုသိထားကြောင်း အဓိကနမူနာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ဆွေးနွေးခဲ့သောအချက်များအပြင် ထိုတရားတော်တွင် စစ်မှန်သောပျော်ရွှင်မှုရနိုင်ပုံ၊ ကိုယ်ကျင့်တရားယိုယွင်းမှုကိုရှောင်နိုင်ပုံ၊ ဖြောင့်မတ်ခြင်းတရားကျင့်သုံးနိုင်သည့်နည်း၊ ယုံကြည်စိတ်ချရပြီး ရွှင်လန်းဖွယ်အနာဂတ်ရရှိရန် ကျွန်ုပ်တို့လုပ်ရမည့်အရာနှင့် အခြားအကြောင်းအရာများစွာ ပါရှိသည်။ သို့ဖြစ်၍ မဿဲ အခန်းကြီး ၅ မှ ၇ အထိကို ဂရုတစိုက်အသေအချာ၊ ဆုတောင်းကာ တစ်ဖန်ဖတ်ရှုပါလေ။ ထိုတွင်မှတ်တမ်းတင်ထားသည့် ယေရှု၏အလွန်ကောင်းမွန်သောဆုံးမစကားများကို တွေးတောဆင်ခြင်ပါလေ။ တောင်ပေါ်တရားတော်တွင် ခရစ်တော်မိန့်တော်မူခဲ့ရာများကို သင့်ဘဝတွင် လက်တွေ့ကျင့်သုံးပါ။ သို့ဖြစ်လျှင် ယေဟောဝါ၏နှစ်သက်လက်ခံမှုကို ပိုရရှိနိုင်ပြီး အခြားသူများကို ပို၍တော်လျော်စွာဆက်ဆံနိုင်မည်ဖြစ်ကာ ကောင်းမှုကို ပြုမြဲပြုနိုင်ကြမည်ဖြစ်သည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့၏ရန်သူများကို မည်သို့ဆက်ဆံသင့်သနည်း။

• ကျွန်ုပ်တို့သည် အဘယ်ကြောင့် ခွင့်လွှတ်သင့်သနည်း။

• လူတို့ကို စစ်ကြောဆုံးဖြတ်ခြင်းအကြောင်း ယေရှုအဘယ်အရာ မိန့်တော်မူခဲ့သနည်း။

မဿဲ ၇:၁၂ အရ ကျွန်ုပ်တို့သည် အခြားသူတို့ကို မည်သို့ဆက်ဆံသင့်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါအဓိကအချက်]

“သူတစ်ပါးအမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်” ဟု ယေရှုအဘယ်ကြောင့် မိန့်တော်မူခဲ့သည်ကို သင်သိပါသလော

[စာမျက်နှာ ၈ ပါပုံစာ]

ကျွန်ုပ်တို့ကို ညှဉ်းဆဲသူတို့အတွက် အဘယ်ကြောင့်ဆုတောင်းပေးသင့်သနည်း

[စာမျက်နှာ ၁၀ ပါပုံစာ]

သင့်အားဆက်ဆံစေလိုသည့်အတိုင်း အခြားသူတို့ကို သင်အစဉ်ဆက်ဆံ ပါသလော