အခက်အခဲ

ခြောက်နှစ်သား ကလေးက သင့်ကို “အဖေ၊ အဖေ တစ်နေ့ သေမှာလား” လို့ မေးလိုက်တဲ့အခါ ထိတ်လန့်သွားပြီး ‘ငါ့သားလေးက ရှင်းပြရင် နားလည်နိုင်တဲ့ အရွယ်ရောက်ပြီလား။ သေခြင်းအကြောင်း ငါ ဘယ်လို ပြောပြရင် ကောင်းမလဲ’ ဆိုပြီး သင် စဉ်းစားမိနိုင်တယ်။ *

သိသင့်သိထိုက်ရာ

ကလေးတွေလည်း သေခြင်းအကြောင်း စဉ်းစားတတ်ပါတယ်။ တချို့ဆိုရင် သေချင်ယောင်ဆောင်တဲ့ ကစားနည်းတွေ ကစားကြတယ်။ ဒါကြောင့် သေခြင်းအကြောင်းပြောတာဟာ အမင်္ဂလာပဲဆိုပြီး မပြောဘဲ မနေသင့်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကလေးသိချင်တာကို ပြောပြသင့်တယ်။ သေခြင်းအကြောင်း ကလေးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားတယ်ဆိုရင် ချစ်ရတဲ့သူတစ်ယောက် သေသွားတဲ့အခါ ကိုယ့်ရဲ့ ကလေးက ယူကျုံးမရ ဖြစ်မနေတော့ဘူး။

သေခြင်းအကြောင်း ပြောပြထားရင် သင့်ကလေးက စိတ်ချောက်ချားမှာ မဟုတ်တော့ဘူး။ ကြောက်စိတ်တွေလည်း ဝင်လာမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ တစ်ခါတလေ သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာတွေကို နားလည်အောင် ရှင်းပြပေးဖို့ လိုကောင်းလိုမယ်။ ဥပမာ၊ ခြောက်နှစ်အောက်ကလေးငယ်တွေက သေခြင်းကို ဘဝရဲ့အဆုံးလို့ မသတ်မှတ်ကြဘူးဆိုပြီး ပညာရှင်တချို့က ပြောတယ်။ သူတို့ဆော့ကစားတဲ့အခါ ခဏလောက်ပဲ သေဟန်ဆောင်ပြီး ခဏကြာရင် ပြန်ရှင်လာကြတယ်။

ကလေးအသက်နည်းနည်းကြီးလာတဲ့အခါ သေခြင်းဆိုတာက သူထင်ထားသလောက်ပဲ မဟုတ်ဘူးလို့ သိလာတယ်။ အထူးသဖြင့် သူချစ်ရတဲ့သူတစ်ဦး သေဆုံးသွားတဲ့အခါ သူတို့မှာ မေးခွန်းတွေ၊ စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေ ပေါ်လာမှာပဲ။ ဒါ့ကြောင့် သူတို့နဲ့ ဒီအကြောင်းဆွေးနွေးပြောဆိုဖို့ လိုတယ်။ “သေခြင်းအကြောင်းကို အိမ်မှာပြောခွင့်မပေးဘူးဆိုရင် ကလေးက စိုးရိမ်စိတ်ပိုများလာမယ်” ဆိုပြီး စိတ်ကျန်းမာရေးပညာရှင် မာရီယွန် အာဇာက ဖော်ပြခဲ့တယ်။

ဘာပြောရမလဲဆိုပြီး စိုးရိမ်နေစရာမလိုပါဘူး။ လေ့လာမှုတစ်ခုအရ ကလေးတွေဟာ “အမှန်ကို အမှန်အတိုင်း ကြင်ကြင်နာနာ ရှင်းပြရင် ကျေနပ်ကြတယ်” လို့ သိရတယ်။ ကလေးတွေ မေးခွန်းမေးတာက သိချင်ကြလို့ပါ။

 လုပ်ဆောင်နိုင်ရာ

သေခြင်းအကြောင်း ဆွေးနွေးပြောဆိုဖို့ အခွင့်ကောင်းရှာပါ။ လမ်းသွားနေရင်း ငှက်သေတစ်ကောင်ကို ကလေးတွေ့ရင် ဒါမှမဟုတ် ချစ်ရတဲ့အိမ်မွေးတိရစ္ဆာန် သေသွားရင် ကိုယ့်ရဲ့ကလေး စကားပြောလာအောင် မေးခွန်းရိုးရိုးလေးတွေ မေးပါ။ ဥပမာ၊ သင် ဒီလိုမေးနိုင်တယ်– “သေသွားတဲ့တိရစ္ဆာန်က ဆင်းရဲဒုက္ခခံနေရသလား။ ချမ်းနေမလား၊ ဗိုက်ကောဆာနေမလား။ လူတစ်ယောက် ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်သေသွားတယ်ဆိုတာကို ဘယ်လို သိနိုင်သလဲ။”—ကျမ်းစာအကြံပြုချက်– ဒေသနာ ၃:၁၊

အဖြစ်မှန်ကို ဖုံးကွယ်မထားပါနဲ့။ အသိတစ်ယောက် ဒါမှမဟုတ် ဆွေမျိုးတစ်ယောက် သေသွားတဲ့အခါ “သူ အဝေးကြီးကို ထွက်သွားတယ်” ဆိုပြီး သွယ်ဝိုက်မပြောပါနဲ့။ ဒီလိုပြောရင် သေသွားသူဟာ မကြာခင် ပြန်လာမယ်လို့ ကလေး ထင်သွားနိုင်တယ်။ အဲဒီအစား ရိုးရှင်းပြီး တိုက်ရိုက်ကျတဲ့ ဒီလိုစကားမျိုး ပြောနိုင်တယ်– “အဘွားသေသွားတာနဲ့ သူ့ခန္ဓာကိုယ်က အလုပ်မလုပ်တော့ဘူး။ သူ့ကို စကားပြောလို့မရနိုင်တော့ဘူး။ ဒါပေမဲ့ သူ့ကိုတော့ အမြဲတမ်း သတိရနေမယ်။”—ကျမ်းစာအကြံပြုချက်– ဧဖက် ၄:၂၅

သေတာက ကူးစက်တတ်တယ်လို့ ကလေး ထင်တတ်တာကြောင့် အဲဒီလိုမဟုတ်ဘူးဆိုတာကို ရှင်းပြပါ

ကလေးစိတ်အေးသွားအောင် အားပေးပါ။ သူ့လုပ်ရပ်၊ သူ့အတွေးကြောင့် သေသွားတယ်လို့ ကလေးက ထင်မိနိုင်တယ်။ “သေသွားတာ သားကြောင့်မဟုတ်ပါဘူး၊ ဘာကြောင့် အဲဒီလို ထင်ရတာလဲ” ဆိုပြီး မေးနိုင်တယ်။ သူ ဖြေတာကို ကောင်းကောင်း နားထောင်ပေးလိုက်ပါ၊ ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ပြီးတော့ သေတာက ကူးစက်တတ်တယ်လို့လည်း ကလေး ထင်တတ်တာကြောင့် အဲဒီလိုမဟုတ်ဘူးဆိုတာ ရှင်းပြပါ။

အလိမ္မာသုံးပြီး ကလေး စိတ်ထဲရှိတာကို ဖွင့်ပြောလာအောင် လုပ်ပါ။ သင့်ကလေး တစ်ခါမှမမြင်ဖူးတဲ့ ဆွေမျိုးတွေအပါအဝင် ချစ်ရတဲ့သေဆုံးသွားသူတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ ဦးလေး၊ အဒေါ်၊ အဘိုးအဘွားတွေနဲ့ပတ်သက်ပြီး သတိရစရာအကြောင်းလေးတွေကို ပြောပြနိုင်တယ်။ သူတို့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပေးတာက သူတို့အကြောင်း စဉ်းစားနိုင်တယ်၊ ပြောဆိုနိုင်တယ်ဆိုတာ ကလေးကို နားလည်စေတယ်။ တစ်ချိန်တည်းမှာ သေခြင်းအကြောင်း ကလေး မပြော၊ ပြောရအောင် အတင်းဖိအားပေးတာမျိုးတော့ မလုပ်ပါနဲ့။ သင့်တော်တဲ့အချိန် တစ်ချိန်ချိန်မှာ အဲဒီအကြောင်းကို ပြန်ပြောဆိုနိုင်ကြပါတယ်။ —ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၀:၅

ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်ရဲ့ အခန်း ၃၄ နဲ့ ၃၅ ဟာ သေခြင်းနဲ့ ပတ်သက်ပြီး ကျမ်းစာဘာပြောသလဲ ဆိုတာကို သင့်ကလေးနားလည်အောင် ကူညီပေးနိုင်ပါတယ်။ စာအုပ်စာပေများ > စာအုပ်ကြီးနဲ့ စာစောင်များ ဆိုတဲ့အပိုင်းမှာ ကြည့်ပါ။

^ စာပိုဒ်၊ 4 ဒီဆောင်းပါးက ကလေးငယ်အားလုံးအတွက် ဖြစ်ပါတယ်။