ပျားတွေက သူတို့ရဲ့ ဗိုက်အောက်က အဖုအကျိတ်လေးတွေကနေထွက်တဲ့ ဖယောင်းနဲ့ ပျားလဘို့ကို တည်ဆောက်တယ်။ ပျားလဘို့ကို တကယ်ထူးခြားအံ့သြစရာကောင်းလောက်အောင် တည်ဆောက်ထားကြတယ်။ ဘာကြောင့်လဲ။

သုံးသပ်ကြည့်ပါ– အဆောက်အဦတစ်ခုကို ခြောက်မြှောင့်ပုံစံအခန်းဖွဲ့တာက အနားညီတဲ့ တြိဂံပုံ၊ စတုရန်းပုံတွေထက် ဆောက်လုပ်ရေးပစ္စည်း နည်းနည်းပဲကုန်ပြီး နေရာကျယ်ကျယ်ရရှိစေတယ်လို့ သင်္ချာပညာရှင်တွေပြောခဲ့တာ နှစ်ပေါင်းရာနဲ့ချီရှိပြီ။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ အပြည့်အဝ မရှင်းပြပေးနိုင်သေးဘူး။ ၁၉၉၉ ခုနှစ်မှာ ပါမောက္ခ သောမတ်စ် စီ. ဟေးလ်စ်က အဲဒါကို “ပျားလဘို့ သီအိုရီ” လို့ နာမည်တပ်ပြီး သင်္ချာတွက်နည်းနဲ့ သက်သေပြခဲ့တယ်။ နေရာလွတ်တစ်ခုမှာ နေရာကျယ်ကျယ်ရစေတဲ့ အကောင်းဆုံး အခန်းဖွဲ့နည်းက ခြောက်မြှောင့်ပုံ အခန်းတွေဖွဲ့တာ ဖြစ်တယ်လို့ သူသရုပ်ပြခဲ့တယ်။

ပျားတွေက ဖယောင်းနည်းနည်းနဲ့ ပေါ့လည်းပေါ့၊ ခိုင်လည်းခိုင်တဲ့ ခြောက်မြှောင့်ပုံအခန်းကလေးတွေ ကန့်ထားတဲ့ ပျားလဘို့ထဲက လပ်နေတဲ့နေရာရှိသမျှမှာ ပျားရည်သိုလှောင်ကြတယ်။ ဒါကြောင့် ပျားလဘို့ကို “အင်မတန် လက်ရာမြောက်တဲ့ ဗိသုကာလက်ရာ”လို့ ခေါ်ကြတာက အံ့သြစရာမဟုတ်ပါဘူး။

ဒီနေ့ခေတ် ပညာရှင်တွေက ပျားလဘို့ပုံစံကို အတုယူပြီး ခိုင်လည်းခိုင်၊ နေရာလည်းကျယ်တဲ့ အဆောက်အဦကို ဆောက်လုပ်ကြတယ်။ ဥပမာ၊ လေယာဉ်ပျံ အင်ဂျင်နီယာတွေက ပျားလဘို့ပုံစံရှိတဲ့ဘောင်တွေကို သုံးပြီး ပိုလည်းခိုင်၊ ပေါ့လည်းပေါ့တဲ့ လေယာဉ်ပျံတွေကို ဆောက်လုပ်ထားကြလို့ လောင်စာနည်းနည်းပဲ သုံးဖို့လိုတယ်။

သင် ဘယ်လို ထင်ပါသလဲ။ ပျားတွေက လက်ရာမြောက်တဲ့ ပျားလဘို့ကို ဘယ်လို တည်ဆောက်တတ်လာသလဲ။ သူ့အလိုလို တတ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက အဲဒီအစွမ်း ထည့်ပေးထားတာလား။