ကျွန်တော်ဟာ ၁၉၆၅ ခုနှစ်မှာ အိုင်ယာလန်မြောက်ပိုင်း ဆင်းရဲတဲ့ မိသားစုတစ်စုမှာ မွေးဖွားခဲ့တယ်။ ကက်သလစ်နဲ့ ပရိုတက်စတင့်ကြား အနှစ် ၃၀ ကြာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခအတွင်း ဒယ်ရီမြို့မှာ ကြီးပြင်းလာတယ်။ လူနည်းစုဖြစ်တဲ့ ကက်သလစ်တွေဟာ လူများစုဖြစ်တဲ့ ပရိုတက်စတင့်တွေရဲ့ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတယ်။ ရွေးကောက်ပွဲကိစ္စ၊ အလုပ်အကိုင်နဲ့ အိုးအိမ်ကိစ္စတွေမှာ မတရားဆက်ဆံခံရသလို ရဲတွေရဲ့ မတရားဆက်ဆံတာလည်းခံရတယ်။

နေရာတိုင်းမှာ မတရားမှုတွေကို ကျွန်တော်တွေ့ခဲ့တယ်။ ရဲတွေ၊ စစ်သားတွေရဲ့ အရိုက်ခံရတာ၊ ကားပေါ်ကနေ ဆွဲချခံရတာ၊ သေနတ်နဲ့အချိန်ခံရတာ၊ စစ်ဆေးမေးမြန်း၊ ရှာဖွေခံရတာလည်း ခဏခဏပဲ။ မတရားခံနေရတယ်လို့ ခံစားရတယ်။ ‘ဒါကိုသည်းခံရမလား၊ ပြန်တိုက်ခိုက်ရမလား’ ဆိုတဲ့အတွေးဝင်လာတယ်။

၁၉၇၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးစွန်းတဲ့တနင်္ဂနွေ ချီတက်ပွဲမှာ ကျွန်တော်ပါခဲ့တယ်။ အဲဒီတုန်းက ဗြိတိသျှစစ်သားတွေဟာ လူ ၁၄ ယောက်ကိုပစ်သတ်ခဲ့တယ်။ အစာငတ်ခံဆန္ဒပြရင်း ၁၉၈၁ ခုနှစ်မှာ သေဆုံးသွားကြတဲ့ အကျဉ်းသားတွေကို ဂုဏ်ပြုတဲ့ ချီတက်ပွဲမှာလည်း ကျွန်တော်ပါခဲ့တယ်။ ဖြစ်နိုင်တဲ့နေရာတိုင်းမှာ ပိတ်ပင်ထားတဲ့ အလံကိုလွှင့်ထူပြီး ဗြိတိသျှဆန့်ကျင်ရေး စာတွေရေးသားခဲ့တယ်။ နေ့တိုင်းလိုလို ကက်သလစ်တွေက မတရားဆက်ဆံခံရ၊ အသတ်ခံရတဲ့အတွက် ဆန္ဒပြရမယ်လို့ ခံစားခဲ့ရတယ်။ စီတန်းလှည့်လည်ပွဲတွေ၊ ချီတက်ပွဲတွေက နောက်ဆုံးမှာ ပြင်းထန်တဲ့ ဆူပူအုံကြွမှုတွေ ဖြစ်သွားလေ့ရှိတယ်။

 တက္ကသိုလ်တက်နေတုန်းမှာလည်း ကျောင်းသားတွေရဲ့ သဘာဝဝန်းကျင်နဲ့ပတ်သက်တဲ့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်။ လန်ဒန်ကို ပြောင်းသွားတဲ့အခါမှာလည်း ဆင်းရဲသားတွေကို ဖိနှိပ်ပြီး အထက်တန်းလွှာတွေကိုသာ အကျိုးပြုတဲ့ အစိုးရပေါ်လစီတွေကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်။ လစာလျှော့ချလို့ သပိတ်မှောက်တဲ့ထဲမှာ ကျွန်တော် ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ အခွန်ဥပဒေကို မကျေနပ်လို့ ဆန္ဒပြတဲ့ထဲမှာလည်း ပါခဲ့ပြီး အဲဒီဆန္ဒပြမှုကြောင့် လန်ဒန်မြို့ရဲ့ အထင်ကရနေရာတစ်ခု တော်တော်လေး ပျက်စီးသွားတယ်။

ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်စိတ်ပျက်လာတယ်။ ဆန္ဒပြတာက ရည်ရွယ်ချက်တွေ အထမြောက်စေမယ့်အစား မုန်းတီးမှုကို လှုံ့ဆော်ပေးလေ့ရှိတယ်။

အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က ယေဟောဝါသက်သေတွေနဲ့ မိတ်ဆက်ပေးတယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခတွေကို တွေ့မြင်တယ်၊ လူတွေဖြစ်ပေါ်စေတဲ့ ဆိုးကျိုးအားလုံးကို ပြန်ကုစားပေးမယ်ဆိုတာ သူတို့ကျွန်တော့်ကို သမ္မာကျမ်းစာကနေ ပြခဲ့တယ်။ (ဟေရှာယ ၆၅:၁၇; ဗျာဒိတ် ၂၁:၃၊ ၄) ရည်ရွယ်ချက်ကောင်းရှိတဲ့ လူသားတွေတောင် တရားမျှတမှုနဲ့ သာတူညီမျှမှုရှိအောင် မလုပ်ဆောင်ပေးနိုင်ဘူး။ ဒီနေ့ခေတ် ပြဿနာတွေရဲ့ နောက်ကွယ်က မမြင်ရတဲ့ အင်အားစုတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ဟာ ဘုရားသခင့် လမ်းညွှန်ချက်ကို လိုအပ်တဲ့အပြင် ကိုယ်တော်ရဲ့ တန်ခိုးတော်ကိုလည်း လိုအပ်တယ်။—ယေရမိ ၁၀:၂၃; ဧဖက် ၆:၁၂

မတရားမှုတွေကို ဆန္ဒပြတာက နစ်မြုပ်နေတဲ့ သင်္ဘောပေါ်က ထိုင်ခုံတွေကို ပြုပြင်နေတာနဲ့ တူတယ်လို့ အခု ကျွန်တော်ခံစားလာရတယ်။ ကမ္ဘာတစ်ခုလုံးမှာ မတရားမှုတွေ မရှိတော့မယ့်အချိန်၊ လူသားအားလုံး သာတူညီမျှဖြစ်လာမယ့်အချိန် ရောက်လာတော့မယ်ဆိုတာ သိရတာက တကယ့်ကို စိတ်သက်သာမှု ဖြစ်စေပါတယ်။

ဘုရားသခင်က “တရားကို နှစ်သက်” တယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ (ဆာလံ ၃၇:၂၈) ဒါကြောင့် ဘုရားသခင်က လူသားအစိုးရတွေ မဆောင်ကြဉ်းပေးနိုင်တဲ့ တရားမျှတမှုကို ဆောင်ကြဉ်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (ဒံယေလ ၂:၄၄-၄၅) ဒီအကြောင်းတွေကို ထပ်သိချင်ပါသလား။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ ဒါမှမဟုတ် www.jw.org/mya. ကို ဝင်ကြည့်ပါ။

ရည်ရွယ်ချက်ကောင်းရှိတဲ့ လူသားတွေတောင် တရားမျှတမှုနဲ့ သာတူညီမျှမှုရှိအောင် မလုပ်ဆောင်ပေးနိုင်