မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သစ်ပင်မှ ဟုတ်ပါလေစ

သစ်ပင်မှ ဟုတ်ပါလေစ

 သစ်ပင်မှ ဟုတ်ပါလေစ

ဩစတြေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ကြမ်းတမ်းခြောက်သွေ့သော ဒေသတစ်ခုတွင် ပုပျပ်လုံးဝန်းသည့် ဩစတြေးလျဘိုးအတ်ပင်များ [ဘော်တယ်ထရီး (ပုလင်းပင်) ဟုလည်းခေါ်] သည် ထူးဆန်းကာ အကျည်းတန်ပုံပေါက်နေပေမည်။ ခြောက်သွေ့သောရာသီတွင် အရွက်များကင်းမဲ့နေသည့် ဘိုးအတ်ပင်ကြီးများသည် သစ်ပင်နှင့်တူမည့်အစား ကောင်းကင်ယံနှင့်ထိလုမတက် ထိုးထွက်နေသည့် လက်တံများရှိ ထူးဆန်းသောသတ္တဝါတစ်ကောင်နှင့် ပို၍တူနေတော့သည်။ အဘော်ရီဂျင်ယုံတမ်းစကားတစ်ခုက ယင်းသစ်ပင်သည် ကျိန်စာသင့်၍ စောက်ထိုးဖြစ်သွားခြင်းဖြစ်သည်ဟုဆို၏။

ယင်းသစ်ပင်များ နုပျိုနေစဉ်တွင်မူ အတော်အတန် သေးသွယ်ကာ ကြည့်၍ကောင်းလှ၏။ သို့သော် ကြီးရင့်လာသည်နှင့်အမျှ မီးခိုးရောင်ပင်စည်သည် ပုအိုင့်အိုင့်ဖြစ်လာကာ ပင်စည်တွင် အဖုအထစ်များထွက်လာ၍ ကြမ်းတမ်းလာသည်။ ဘိုးအတ်ပင်များသည် “ရောဂါတစ်မျိုးခံစားနေရပုံ” ပေါက်သည်ဟု စူးစမ်းရှာဖွေသူ ဂျော့ရှ်ဂရေးက ၁၈၃၇ ခုနှစ်တွင် ရေးသားခဲ့သည်။ ဘိုးအတ်ပင်များသည် အခြားသောသစ်ပင်အများစုနှင့်မတူဘဲ အဘယ်ကြောင့် အလွန်ကွဲပြားခြားနားနေပြီး အဘော်ရီဂျင်တိုင်းရင်းသားများအပါအဝင် ဩစတြေးလျတောတွင်းနေလူတို့သည် အဘယ်ကြောင့် ယင်းအပင်များကို အမြတ်တနိုး တန်ဖိုးထားကြသနည်း။

ပုလေကောင်းလေ

ဘိုးအတ်ပင်များသည် အာဖရိက၊ မာဒါဂတ်စကာနှင့် ဩစတြေးလျအနောက်မြောက်ပိုင်းဒေသတွင် အလေ့ကျပေါက်သည်။ သို့သော် နိုင်ငံအများစုက ယင်းအပင်များကို ဘေအိုဘတ်ပင်များဟု ခေါ်ကြသော်လည်း ဩစတြေးလျနိုင်ငံသားများကမူ ဘိုးအတ်ဟူသောအမည်ကို အသုံးပြုခဲ့ကြသည်မှာ ကြာမြင့်ပေပြီ။ တောတွင်းနေလူတို့က တိုတုတ်သောအမည်များကို နှစ်သက်ကြသည်။ အကြောင်းမှာ ၎င်းတို့နေထိုင်ရာအရပ်တွင် ယင်ကောင်ပေါများသဖြင့် ပါးစပ်ကိုကြာကြာဖွင့်ထားလျှင် ယင်ကောင်များ မျိုချမိမည်စိုး၍ ရှည်လျားသောအမည်များကို မပြောလိုဟု ဒေသခံများက ရယ်စရာအနေနှင့် ပြောဆိုကြသည်။ သို့နှင့် သူတို့သည် ဘေအိုဘတ်ဟူသောအမည်ကို ဘိုးအတ်ဟူ၍ အတိုချုံ့ခေါ်လိုက်ကာ ယင်းအမည်သစ်သည် မကြာမီအတွင်း ဒေသသုံးဝေါဟာရတစ်ခု ဖြစ်လာခဲ့သည်။

ဘိုးအတ်ပင်များကို ကြွက်သေပင်များဟုလည်းခေါ်သည်။ ယင်းသို့ အဘယ်ကြောင့် မလျော်မကန် ခေါ်ဆိုရသနည်း။ ယင်းသစ်ပင်မှ တွဲလျားကျနေသော အစေ့တောင့်များသည် အဝေးမှကြည့်လျှင် ကြွက်သေများ အမြီးမှစောက်ထိုး တွဲလျားကျနေသည်နှင့်တူ၏။ ထို့အပြင် ပန်းပွင့်များ ထိခိုက်မိ၍ နာသွားသောအခါ မကြာမီအတွင်း အချဉ်ပေါက်ကာ အော်ဂလီဆန်ဖွယ် အသားပုပ်နံ့ထွက်လာသည်။ သို့သော် ထိခိုက်မှုမရှိလျှင် ပန်းပွင့်များသည် အဖြူရောင်အပွင့်ကြီးများဖြစ်ပြီး မွှေးကြိုင်သည်။

ထူးကဲစွာပုံစံပြုထား

ဘိုးအတ်ပင်များသည် အနောက်သြစတြေးလျ၏ ဝေးလံသော ကင်ဘာလီဒေသနှင့် မြောက်ပိုင်းဒေသတို့တွင် အများအပြား ပေါက်ရောက်သည်။ ထိုဒေသများတွင် တိုတောင်း၍ မိုးများသောရာသီဥတုမှ ခြောက်သွေ့သောရာသီဥတုအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။

ဘိုးအတ်ပင်များသည် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြောင်း လူသိများသည်။ ၎င်းတို့သည် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှည်လေ့ရှိသည်။ “အပင်ဟာ မီးလောင်ပြီး အခေါင်းပေါက်ဖြစ်သွားရင်တောင် ဒါမှမဟုတ် သင်းသတ်လိုက်မယ်ဆိုရင်တောင် အများ အားဖြင့် ဆက်ရှင်သန်လေ့ရှိတယ်၊ အနာတရဖြစ်သွားတာကို ပြန်ပြုပြင်ပေးပြီးနောက်လည်း ဆက်ကြီးထွားတယ်” ဟုအပင်ဇီဝကမ္မဗေဒပညာရှင် ဒီ. အေ. ဟာန်ကဆို၏။ * သူက ဆက်၍ဆိုသည်မှာ “တစ်ပင်လုံးဖျက်ဆီးမခံရဘူးဆိုရင် ပုံမှန်နီးပါး ဆက်ကြီးထွားနိုင်တဲ့အတွက် ဒီအပင်က အရမ်းအသက်ပြင်းတယ်။” ယင်းအပင်သည် ဆက်လက်ရှင်သန်ရန် မည်မျှကြံ့ကြံ့ခံနိုင်သနည်းဟူမူ ဘိုးအတ်အပင်တစ်ပင်ကို ကုန်သေတ္တာထဲထည့်၍ ပင်လယ်ကူးသင်္ဘောဖြင့်တင်ပို့ရန် စောင့်ဆိုင်းနေစဉ် ကုန်သေတ္တာ၏သစ်သားကြမ်းပြင် ဟနေသောနေရာများမှ အမြစ်များထိုးထွက်လာကာ အောက်ရှိမြေကြီးထဲ တိုးဝင်သွားလေသည်။

ကျောက်ခဲပေါသော စမ်းချောင်းများအနား၊ ကျောက်ဆောင်ကမ်းပါးများ သို့မဟုတ် သဲထူသောလွင်ပြင်များတွင် ပေါက်ရောက်နေသည့် ဘိုးအတ်ပင်များသည် အနီးအနားရှိ သစ်ပင်များထက် ပို၍မြင့်မားစွာ ကြီးထွားတတ်၏။ ကင်ဘာလီကုန်းပြင်မြင့်တွင် ဘိုးအတ်ပင်တချို့သည် ပေ ၈၀ သို့မဟုတ် ထိုထက်မက မြင့်မားပြီး လုံးပတ်မှာလည်း အမြင့်ပေနီးပါးမျှရှိသည်။

ဘိုးအတ်ပင်၏အရွယ်အစား ကြီးမားရသည့်အကြောင်းရင်းမှာ ရေကြောင့်ဖြစ်၏။ ဘိုးအတ်ပင်၏အသားသည် ရေမြှုပ်ကဲ့သို့ ပျော့၍ အမျှင်များကာ ရေပမာဏများစွာ သိုလှောင်ထားနိုင်စွမ်းရှိသည်။ မိုးရာသီတွင် ရေများကို စုပ်ယူထားပြီးသည်နှင့် ပင်စည်မှာ ဖောင်းကားလာသည်။ ခြောက်သွေ့ရာသီရောက်သောအခါ အပင်မှာ နဂိုအရွယ်အစားသို့ တဖြည်းဖြည်း ပြန်ရောက်သွား၏။

ကြမ်းတမ်းသောဆောင်းရာသီလများတွင် ရွက်ကြွေပင်များသည် အရွက်များကြွေခြင်းဖြင့် ဆက်၍ရှင်သန်ကြသည်။ ဘိုးအတ်ပင်အတွက်မူ ရှည်လျားသော ခြောက်သွေ့ရာသီတွင်သာ အရွက်များကြွေ၏။ ခြောက်သွေ့ရာသီ ကုန်ဆုံးသွားသောအခါ ပန်းများပွင့်လာပြီး ရွက်သစ်များ ရုတ်တရက် ထွက်လာသည်။ ရွက်ဟောင်းကြွေ၍ ရွက်သစ်များဝေကာ ပြန်လည်ရှင်သန်လာခြင်းက စိုစွတ်သောရာသီ ရောက်လုနီးပြီဖြစ်ကြောင်း သိသာစေသည်။ တစ်ခါတစ်ရံ ဘိုးအတ်ပင်ကို ဒေသခံများက ပြက္ခဒိန်ပင်ဟု ခေါ်ဆိုကြသည်။

ပန်းများသည် ညဘက်တွင်သာပွင့်ပြီး နာရီပိုင်းအတွင်း ညှိုးနွမ်းသွားသည်။ အစေ့တောင့်များသည် ကြီးမားသော အခွံမာသီးများအဖြစ် ရင့်မှည့်လာပြီး မြေပေါ်သို့ ပြုတ်ကျ၍ နှစ်ခြမ်းကွဲသွားကာ အတွင်းမှအစေ့များ ပြန့်ကျဲသွား၏။

အသက်ပင်

ကင်ဘာလီကုန်းပြင်မြင့်တွင် နေထိုင်ကြသော အဘော်ရီဂျင်တိုင်းရင်းသားများသည် ဘိုးအတ်အစေ့များ၊ အရွက်များ၊ သစ်စေးများနှင့် အမြစ်များကို အရေးပါသောအစားအစာအဖြစ် ကြာမြင့်စွာကတည်းက တန်ဖိုးထားလာကြပြီ။ သစ်စေ့များ ခြောက်သွေ့မသွားမီ ၎င်းတို့၏ နူးညံ့ပျော့အိသော အဖြူရောင်အသားမှာ စားကောင်းလှသည်။ မိုးခေါင်ရေရှားသည့် အချိန်အခါများတွင် အဘော်ရီဂျင်တိုင်းရင်းသားများသည် အမျှင်ထူသော သစ်သားနှင့် အစိုဓာတ်များသော အမြစ်များကို ကိုက်ဝါးကြသည်။ အလွန်စွတ်စိုသောရာသီတွင်မူ ဒေသခံတိုင်းရင်းသားများသည် တစ်ခါတစ်ရံ သစ်ခေါင်းများနှင့် သစ်ကိုင်းများ၏အရင်းတွင် ရေဝပ်နေသည်ကို တွေ့ရှိခဲ့ကြသည်။

၁၈၅၆ ခုနှစ်တွင် ကင်ဘာလီကုန်းပြင်မြင့်သို့ ရောက်ရှိသွားသည် ဩဂတ်စတပ်စ် ဂရက်ဂရီ၏ စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များသည် စကာဗီရောဂါ (ဗီတာမင်စီ ချို့တဲ့သောရောဂါ) ခံစားခဲ့ရသောအခါ “အရသာရှိသည့်ယို” ထိုးရန် ဘိုးအတ်သစ်သီးဆန်များကို ပြုတ်ခဲ့ကြသည်။ အဖွဲ့သားများသည် ဗီတာမင်စီပြည့်ဝနေသော နူးညံ့ပျော့အိသည့် သစ်သီးအသားကိုစားပြီး မကြာမီအတွင်း ကျန်းမာရေးပြန်ကောင်းလာကြသည်။

ဇာတ်ကြောင်းလှန်သည့် သစ်ပင်များ

အတိတ်အချိန်က အဘော်ရီဂျင်တိုင်းရင်းသားများနှင့် ဥရောပတိုက်သားများသည် ဘိုးအတ်ပင်များပေါ်တွင် စာရေးသားခဲ့ကြ၏။ ၁၈၂၀ ပြည့်နှစ်တွင် မားမိတ် (Mermaid) အမည်ရှိ စူးစမ်းလေ့လာရေးသင်္ဘောတစ်စီးကို ပြုပြင်ရန်အတွက် ကင်ဘာလေကမ်းရိုးတန်းပေါ် ဆွဲတင်ခဲ့ကြသည်။ ယင်းနေရာသို့ မိမိတို့ရောက်ရှိခဲ့ကြောင်း အထောက်အထားတချို့ ထားရစ်ပါဟူသော ဗြိတိသျှရေတပ်မတော်ဆိုင်ရာ ဦးစီးဌာန၏အမိန့်အရ မာလိန်မှူးဖြစ်သူ ဖိလစ်ပါကာကင်းသည် ဘိုးအတ်ပင်ကြီးတစ်ပင်၏ ပင်စည်ပေါ်တွင် “အိပ်ခ်ျအမ်စီ မားမိတ် ၁၈၂၀” ဟူ၍ရေးထိုးခဲ့၏။

ထိုစဉ်က မားမိတ်သစ်ပင်ဟုခေါ်သော ယင်းဘိုးအတ်ပင်၏လုံးပတ်မှာ ၂၉ ပေရှိခဲ့သည်။ ယနေ့ ယင်းအပင်၏လုံးပတ် မှာ ပေ ၄၀ ကျော်ရှိနေပေပြီ။ သို့သော် ယခုအခါ ယင်းပင်စည်ပေါ်မှ ရေးထွင်းထားရာများသည် လူတို့အတွက် အစောပိုင်းစူးစမ်းရှာဖွေသူတို့အား သတိရနေစေသည့်အရာ ဟုတ်မဟုတ်ကိုမူ အတိအကျမသိရပေ။ သက်တမ်းရင့်ဘိုးအတ်ပင်တချို့ပေါ်၌ နက်နက်ရေးထွင်းထားသည့် စာသားများကို ယနေ့ထိတိုင် တွေ့ မြင်နိုင်ဆဲဖြစ်ရာ နေရာအနှံ့မှရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားများသည် ယင်းစာသားများကို တွေ့ မြင်ခဲ့ရကြပြီ။

ဥရောပတိုက်သားများသည် ကင်ဘာလီကုန်းပြင်မြင့်သို့ လာရောက်အခြေချသောအခါ ဘိုးအတ်ပင်ကြီးများသည် လမ်းညွှန်မှတ်တိုင်များ၊ တွေ့ဆုံရာနေရာများနှင့် အကျွမ်းမဝင်သောဒေသတစ်ခုတွင် စခန်းချရာနေရာများ ဖြစ်လာလေသည်။ နယ်တကာလှည့်လည်၍ ကျွဲနွားထိန်းကျောင်းသူတို့သည် မိမိတို့၏တိရစ္ဆာန်များကို အိုရီရန်တဲလ်ဟိုတယ်၊ ကလပ်ဘ်ဟိုတယ် သို့မဟုတ် ရွိုင်ရယ်လ်ဟိုတယ်အစရှိသော စိတ်ဝင်စားဖွယ်အမည်များ ရေးထိုးထားသည့် ဘိုးအတ်ပင်များအောက်တွင် အနားယူအိပ်စက်စေခဲ့ကြ၏။

ရန်လိုတတ်သော အဘော်ရီဂျင်တိုင်းရင်းသားများသည် ပြောင်းရွှေ့လာသူ ဂျာမန်လူမျိုး ဩဂတ်စ် လူးကားနပ်စ်၏လှေကို ၁၈၈၆ ခုနှစ်တွင် ခိုးယူသွားသောအခါ ၎င်း၏နယ်လှည့်ဖော်များသည် မိုင် ၆၀ ခရီးရှိသော ဝင်ဒမ်မြို့အထိ ခြေကျင်လျှောက်ခဲ့ကြရသည်။ ၎င်းတို့သွားရာခရီးလမ်းကြောင်းတွင် မိကျောင်းအလွန်ပေါများသော မြစ်ချောင်းများရှိ၏။ “ပစ်စပရင်းစ်အနီး လက်မှတ်တိုတစ်ခု ရေးထွင်းထားသော ဘိုးအတ်ပင်ကြီးတစ်ပင်အောက်တွင် လက်သမားသုံးကိရိယာတချို့ ဝှက်ထား” သည်ကို လူးကားနပ်စ်နှင့် ၎င်း၏နယ်လှည့်အဖော်များက အစောပိုင်းစူးစမ်းရှာဖွေသူတစ်ဦး၏ မှတ်တမ်းစာအုပ်မှ သိရှိခဲ့ရသည်ဟု လူးကားနပ်စ်က နောက်ပိုင်း၌ ရေးသားခဲ့၏။ အဆိုပါသစ်ပင်နှင့် ဝှက်ထားသောကိရိယာများကို ၎င်းတို့ တွေ့ရှိသွားကြသည်မှာ အံ့ဩစရာပင်။ ထို့နောက် သူတို့သည် “ဘိုးအတ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲပြီး” ငါးရက်တည်းဖြင့် ကနူးလှေတစ်စင်း တည်ဆောက်လိုက်ကြသည်။ ယင်းလှေဖြင့် ကောင်းစွာခရီးဆက်နိုင်ခဲ့ရာ အဖွဲ့သားအားလုံး အိမ်သို့ ချောချောမောမော ရောက်ရှိသွားကြ၏။

အကျော်ကြားဆုံး ဘိုးအတ်ပင်နှစ်ပင်မှာ အနီးအနားရှိ မြို့နှစ်မြို့ကို အစွဲပြု၍ မှည့်ခေါ်ထားသော ဒါဗီဘိုးအတ်ပင်နှင့် ဝင်ဒမ်ဘိုးအတ်ပင်များဖြစ်ကြ၏။ အခေါင်းပေါက်ဖြစ်နေသော အဆိုပါဘိုးအတ်ပင်ကြီးများတွင် လူအတော်များများ သက်သောင့်သက်သာ နေထိုင်၍ရခဲ့သည့်အပြင် ၁၉ ရာစု၌ ယင်းသစ်ပင်များကို အကျဉ်းထောင်များအဖြစ်လည်း အသုံးပြုခဲ့ကြောင်း လူများစွာက ယူဆကြသည်။ သို့သော် ယင်းအဆိုကို ခေတ်သစ်သမိုင်းပညာရှင်တချို့က စောဒကတက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါသစ်ပင်များသည် အထူးစွဲမှတ်ဖွယ်ကောင်းပြီး ကမ္ဘာလှည့်ခရီးသွားများကလည်း နှစ်သက်သဘောကျကြသည်။

ဘိုးအတ်ပန်းချီ

တစ်ချိန်က လူတို့သည် ဘိုးအတ်ပင်စည်များပေါ်တွင် ရုပ်ပုံများနှင့် စာများ ရေးထွင်းခဲ့ကြ၏။ သို့သော် ယနေ့ခေတ်တွင်မူ ဩစတြေးလျကျေးလက်နေ ပန်းချီဆရာများသည် သစ်ပင်များပေါ် မရေးထွင်းကြတော့ဘဲ အရှည်တစ်ဆယ်လက်မနှင့် အချင်းခြောက်လက်မရှိနိုင်သည့် ကြက်ဥပုံ ဘိုးအတ်ခွံမာသီးများကို ကျွမ်းကျင်စွာ အသုံးပြုကြသည်။

သစ်ပင်တစ်ပင်မှ သင့်တော်သောခွံမာသီးတစ်လုံးကို ခူးလိုက်ပြီးနောက် ဒေသခံပန်းချီဆရာသည် အိတ်ဆောင်ဓားတစ်လက်ဖြင့် အညိုရောင်အခွံပေါ်တွင် ရုပ်ပုံများကို အနုစိတ်ရေးထွင်း၏။ အများအားဖြင့် ဒေသတွင်းတိရစ္ဆာန်ပုံများ၊ အဘော်ရီဂျင်တို့ အမဲလိုက်နေပုံများ၊ လူမျက်နှာနှင့် ကိုယ်ခန္ဓာပုံများကို ရေးဆွဲကြသည်။ အထူးကောင်းမွန်သောလက်ရာများကို လူတချို့က ဝါသနာတစ်ခုအနေနှင့် ဝယ်ယူစုဆောင်းကြသည်။ အခြားဝယ်ယူသူများတွင် ကမ္ဘာလှည့်ခရီးသွားများနှင့် ဒေသအတွင်းရှိ လက်လီဆိုင်များ ပါဝင်သည်။

ကမ္ဘာပေါ်တွင် ဘိုးအတ်ပင်သည် စွဲမှတ်ဖွယ်အကောင်းဆုံးအပင် ဖြစ်ချင်မှဖြစ်ပေမည်။ သို့သော် ဤအကြမ်းခံသောအပင်သည် သူ့နည်းသူ့ဟန်ဖြင့် တစ်မူထူးခြားကာ လွင်တီးခေါင်ဒေသအတွက် အဖိုးမဖြတ်နိုင်သော၊ ဖန်ဆင်းရှင်အား ဂုဏ်တင်၍ ကိုယ်တော်၌ ဟာသဉာဏ်ရှိကြောင်း ဖော်ပြသောအပင် ဖြစ်ပေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 သစ်ပင်ကို သင်းသတ်ခြင်းဟူသည် ပင်စည်၏ အောက်ခြေပတ်လည်အခေါက်ကို ခွာထုတ်လိုက်ခြင်းဖြစ်သည်။ ယင်းက ပင်ရည်စီးဆင်းမှုကို ပြတ်တောက်သွားစေရာ သစ်ပင်အများစုကို သေစေသည်။

[စာမျက်နှာ ၁၃ ပါပုံ]

ပန်းများသည် ညဘက်တွင်ပွင့်ပြီး နာရီပိုင်းအတွင်း ညှိုးနွမ်းသွား

[စာမျက်နှာ ၁၄ ပါပုံ]

လည်ပင်း၌အတွန့်ရှိ ပုတ်သင်ညိုပုံ ရေးထွင်းထားသော ဘိုးအတ်သီး