မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးအတွက် ညွှန်ကြားချက်များ

ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးအတွက် ညွှန်ကြားချက်များ

မာတိကာ

၁။ ခရစ်ယာန်​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး​ကို ခရစ်ယာန်​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် မှာ ဖော်ပြ​ထား​တဲ့​အတိုင်း အောက်ပါ ညွှန်ကြားချက်​များနဲ့​အညီ ကျင်းပ​သွားမှာ ဖြစ်တယ်။ ဒီ​သင်တန်း​မှာ စာရင်း​ပေးသွင်း​ဖို့ ကြေညာသူ အားလုံး​ကို ဖိတ်ခေါ်​သင့်တယ်။ အသင်းတော်​နဲ့ တက်တက်ကြွကြွ ပူးပေါင်း​နေကြ​တဲ့ တခြား​သူတွေလည်း ကျမ်းစာ​သွန်သင်ချက်​တွေကို လက်ခံတယ်၊ ခရစ်ယာန်မူ​တွေ​နဲ့​အညီ နေထိုင်တယ်​ဆိုရင် စာရင်း​ပေး​နိုင်တယ်။—be စ. ၂၈၂

နိဒါန်း

 ၂။ တစ်​မိနစ်။ အပတ်​တိုင်း အဖွင့်​သီချင်း​နဲ့ ဆုတောင်း​ပြီး​နောက် ဆက်​လိုက်​လာမယ့် အစီအစဉ်ကို မျှော်လင့်​နေ​စေဖို့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​ဟာ အသင်းတော်​အတွက် အကျိုးရှိ​မယ့် အချက်​တွေ​ကို အာရုံစိုက်​သင့်တယ်။

ကျမ်းစာ​ထဲ​က အဖိုးတန်​ဘဏ္ဍာများ

  ၃။ ဟောပြောချက်– ဆယ်မိနစ်။ အဓိက​အကြောင်းအရာနဲ့ အဓိက​အချက် နှစ်ချက်၊ သုံးချက်​လောက်​ကို အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင်​မှာ ပေး​ထား​တယ်။ ဒီ​ဟောပြောချက်ကို အကြီးအကဲ​တစ်ယောက် ဒါမှ​မဟုတ် အရည်အချင်း​ရှိတဲ့  အသင်းတော် အမှုထမ်း​တစ်ယောက်ကို တာဝန်​ပေး​ပါ​မယ်။ ပတ်စဉ် ကျမ်းစာ​ဖတ်ရှုခြင်း​မှာ ကျမ်းစောင်​အသစ်​တစ်စောင် စ​ဖတ်​တိုင်း အဲဒီ​ကျမ်းစောင်​ကို မိတ်ဆက်​ပေး​တဲ့ ဗီဒီယိုကို ဖွင့်ပြ​မှာ ဖြစ်တယ်။ ဟောပြော​သူဟာ ဗီဒီယို​ထဲ​က အချက်​တွေ​ကို အဓိက​အကြောင်းအရာနဲ့ ချိတ်ဆက်​နိုင်တယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း စာစောင်​မှာပါတဲ့ အချက်​အားလုံး​ကို တင်ဆက်​နိုင်အောင် သေချာ​ပြင်ဆင်​သင့်တယ်။ လေ့ကျင့်ခန်း စာစောင်​ပါ အကြောင်းအရာကို ပုံဖော်​ထား​တဲ့ ရုပ်ပုံတွေကို အချိန်​ရသလောက် ကောင်းကောင်း အသုံးပြု​သင့်တယ်။ အောက်လိုင်း​မှာပါတဲ့ အချက်​တွေ​ကို ပို​ပေါ်လွင်​စေဖို့ တခြား​အချက်အလက်​တွေ​ကိုလည်း ထည့်သွင်း​ဟောပြောနိုင်​တယ်။

 ၄။ ဘုရားရေးရာ​ရတနာ– ဆယ်မိနစ်။ နိဒါန်း၊ နိဂုံး​မပါတဲ့ အမေး​အဖြေ​ကဏ္ဍ​ ဖြစ်တယ်။ အကြီးအကဲ ဒါမှ​မဟုတ် အရည်အချင်း​ရှိတဲ့ အသင်းတော် အမှုထမ်း​တစ်ယောက် ကိုင်တွယ်​ရမှာ​ ဖြစ်တယ်။ ဟောပြောသူက မေးခွန်း​နှစ်ခုစလုံး မေးသင့်တယ်။ ပေး​ထား​တဲ့ ကျမ်းချက်​ကို ဖတ်​မဖတ် ကိုယ်တိုင် ဆုံးဖြတ်​နိုင်တယ်။ မှတ်ချက်​ပေး​သူတွေဟာ စက္ကန့် ၃၀ ဒါမှ​မဟုတ် ဒီထက်​နည်းတဲ့ မှတ်ချက်​တွေ ပေးသင့်တယ်။

  ၅။ ကျမ်းစာ​ဖတ်ရှုခြင်း– လေး​မိနစ်။ ဒီ​အပိုင်း​ကို ညီအစ်ကို​တစ်ယောက်ကို တာဝန်​ပေး​မှာ ဖြစ်တယ်။ တာဝန်ကျ​သူဟာ နိဒါန်း၊ နိဂုံး မပြော​ဘဲ တာဝန်ကျ​အကြောင်းအရာကို ဖတ်​သွား​သင့်တယ်။ ဖတ်ရှု​တဲ့​နေရာမှာ တိကျ​မှန်ကန်မှု၊ နားလည်​သဘောပေါက်မှု၊ ပြေပြစ်​မှု၊ သင့်တော်​တဲ့ အလေးပေး​မှု၊ အသံ​ပြောင်းလဲမှု၊ သင့်တော်​တဲ့​ ရပ်တန့်​မှု၊ ပင်ကို သဘာဝ​ကျ​မှု​တွေ ရှိစေဖို့ အစည်းအဝေး သဘာပတိ​က အာရုံစိုက် ကူညီပေး​သွားမှာ​ ဖြစ်တယ်။ ဖတ်ရှု​ရမယ့်​ အပိုင်း​တချို့က တို​ပြီး တချို့က ပို​ရှည်​တာ​ကြောင့် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး​ဟာ တာဝန်ချ​တဲ့​အခါ ကျောင်းသား​တွေ​ရဲ့ စွမ်းရည်​ကို ထည့်​စဉ်းစား​သင့်တယ်။

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ

 ၆။ ဆယ့်ငါး​မိနစ်။ တက်ရောက်သူ​အားလုံး အမှုဆောင်​လုပ်ငန်း​အတွက် လေ့ကျင့်​နိုင်အောင်၊ ဟောပြော သွန်သင်ခြင်း​စွမ်းရည် တိုးတက်​အောင် ဒီ​အပိုင်း​ကို စီစဉ်​ထား​တာ​ ဖြစ်တယ်။ သွန်သင်ခြင်း ကိရိယာ​ထဲ​က စာပေ တစ်ခု၊ ဗီဒီယို တစ်ခု​ကို မိတ်ဆက်​ဖို့ တိတိကျကျ မညွှန်ကြား​ထား​ဘူးဆို​ရင် မိတ်ဆက်၊ မဆက်ဆို​တာ ကြေညာသူ​တွေ ကိုယ်တိုင် ဆုံးဖြတ်​နိုင်တယ်။ အမှုဆောင်​လုပ်ငန်း​အတွက် အကူအညီ​ ဖြစ်စေ​ဖို့ လေ့ကျင့်ခန်း​စာစောင်​မှာ ဖော်ပြ​ထား​တဲ့ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ​တွေ​မှာ “သွန်သင်ခြင်း​ကိရိယာ​ကနေ ဒီ​ကျမ်းချက်​ကို ရှာပါ” ဆို​တဲ့​ အပိုင်း​ကို ထည့်​ထား​ပါ​တယ်။ ကျောင်းသား​တွေ​ဟာ မိမိတို့ရဲ့​ တင်ဆက်မှု​မှာ အဲဒီ​အပိုင်း​ကို သုံး​မလား၊ မသုံး​ဘူးလား​ဆိုတာ ဆုံးဖြတ်​နိုင်တယ်။ တစ်​ယောက်​စီ​ရဲ့ တင်ဆက်မှု​အတွက် သတ်မှတ်​ထား​တဲ့ အချိန်ကို လေ့ကျင့်ခန်း စာစောင်​မှာ ဖော်ပြ​ထား​ပါ​တယ်။ တစ်ခါ​တလေ ထပ်ဆင့်​ညွှန်ကြားချက်​တွေ ပေး​ထား​နိုင်တယ်။ ကျောင်းသား​တွေ​ဟာ ပေး​ထား​တဲ့​အချိန် ပြည့်​အောင်​ ဆိုတဲ့ ရည်ရွယ်ချက်​နဲ့ တခြား​အချက်အလက်​တွေ​ကို ထပ်​ဖြည့်​စရာ မလိုပါဘူး။ သေချာ​ပြင်​ထား​တဲ့ သရုပ်ပြ တချို့ဟာ တစ်​မိနစ်၊ ဒါမှ​မဟုတ် ဒီထက်​စောပြီး ပြီး​နိုင်​ပါ​တယ်။ လိုအပ်​တဲ့​အခါ ကျောင်းသား​တာဝန်​ကို အကြီးအကဲ​တွေ​လည်း ရနိုင်တယ်။ တစ်ခါ​တလေ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ ဗီဒီယို​အစား ဆွေးနွေး​ရမယ့် ဗီဒီယို​တစ်ခု ရှိမယ်။ ဒီ​အပိုင်း​ကို အကြီးအကဲ ဒါမှ​မဟုတ် အသင်းတော် အမှုထမ်း ကိုင်တွယ်​နိုင်တယ်။

 ၇။ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ ဗီဒီယိုများ– စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ ဗီဒီယိုတွေကို ပုံမှန် ဖွင့်ပြ၊ ဆွေးနွေး​သွားပါမယ်။ ဦးဆုံး​တွေ့ဆုံ​ချိန်​နဲ့ ပြန်လည်ပတ်မှု ဗီဒီယိုတွေ ဖြစ်တယ်။ ဒီ​အပိုင်း​ကို အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း သဘာပတိ​အဖြစ် တာဝန်ကျ​သူက ကိုင်တွယ်​သွားမယ်။

 ၈။ ဦးဆုံး​တွေ့ဆုံ​ချိန်– ဒီ​တာဝန်​ကို ညီအစ်ကို ဒါမှ​မဟုတ် ညီအစ်မ​တစ်ယောက် လုပ်ဆောင်​နိုင်တယ်။ အကူ​ဟာ ညီအစ်ကို​အချင်းချင်း၊ ညီအစ်မ​အချင်းချင်း​ပဲ ဖြစ်​သင့်တယ်။ ဒါမှ​မဟုတ် မိသားစုဝင် ဖြစ်​ရပါမယ်။ တာဝန်ကျ​သူနဲ့ အကူ​ဟာ ထိုင်​နေ၊ ဒါမှ​မဟုတ် မတ်တတ်ရပ်​နေရင်း တင်ဆက်​နိုင်​ပါ​တယ်။ တာဝန်ကျ​သူက ဒေသ​နဲ့​သင့်လျော်​တဲ့ နှုတ်​ခွန်း​ဆက်​စကား​ကို ရွေးချယ်​ပါ​မယ်။ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် မှာ ဖော်ပြ​ထား​တဲ့ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာကို ဆွေးနွေးခန်း​ရဲ့ အခြေခံ​အဖြစ် အသုံးပြု​သင့်တယ်။

 ၉။ ပြန်လည်ပတ်မှု– ဒီ​တာဝန်​ကို ညီအစ်ကို ဒါမှ​မဟုတ် ညီအစ်မ​တစ်ယောက် လုပ်ဆောင်​နိုင်တယ်။ အကူ​ဟာ ညီအစ်ကို​အချင်းချင်း၊ ညီအစ်မ​အချင်းချင်း​ပဲ ဖြစ်​သင့်တယ်။ (km ၅/၉၇ စ. ၂) တာဝန်ကျ​သူနဲ့ အကူ​ဟာ ထိုင်​နေ၊ ဒါမှ​မဟုတ် မတ်တတ်ရပ်​နေရင်း တင်ဆက်​နိုင်​ပါ​တယ်။ ဦးဆုံး​တွေ့ဆုံ​ချိန်မှာ စိတ်ဝင်စား​ကြောင်း ပြ​ခဲ့​သူ​ဆီ ပြန်​သွားတဲ့အခါ ပြော​ရမယ့်​အကြောင်းကို သရုပ်ပြ​ရပါမယ်။ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် မှာ ဖော်ပြ​ထား​တဲ့ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာကို ဆွေးနွေးခန်း​ရဲ့ အခြေခံ​အဖြစ် အသုံးပြု​သင့်ပါတယ်။

 ၁၀။ ကျမ်းစာ​သင်အံမှု– ဒီ​တာဝန်​ကို ညီအစ်ကို ဒါမှ​မဟုတ် ညီအစ်မ​တစ်ယောက် လုပ်ဆောင်​နိုင်တယ်။ အကူ​ဟာ ညီအစ်ကို​အချင်းချင်း၊ ညီအစ်မ​အချင်းချင်း​ပဲ ဖြစ်​သင့်တယ်။ (km ၅/၉၇ စ. ၂) တာဝန်ကျ​သူနဲ့ အကူ​ဟာ ထိုင်​နေ၊ ဒါမှ​မဟုတ် မတ်တတ်ရပ်​နေရင်း တင်ဆက်​နိုင်တယ်။ ဒီ​အပိုင်း​မှာ ပုံမှန်​သင်​နေကျ ကျမ်းစာ​သင်အံမှုရဲ့ တစ်ပိုင်း​တစ်စ​ကို သရုပ်ပြ​သင့်ပါတယ်။ တာဝန်ကျ​သူဟာ နိဒါန်း  ဒါမှ​မဟုတ် နိဂုံး​နဲ့​ပတ်သက်​တဲ့ သင်ခန်းစာ နံပါတ်​ကို လုပ်ဆောင်​နေတာ မဟုတ်​ရင် ဒီ​အပိုင်း​မှာ နိဒါန်း၊ နိဂုံး မလိုအပ်ဘူး။ ဖော်ပြ​ထား​တဲ့ အကြောင်းအရာ​အားလုံး​ကို အသံ​ကျယ်ကျယ်​ ဖတ်​ဖို့ မလိုဘူး။ ဖတ်ချင်​တဲ့​ ဆန္ဒ​ ရှိရင်​တော့ ဖတ်​နိုင်တယ်။ ထိရောက်​တဲ့ သွန်သင်ခြင်း​စွမ်းရည်​ကို အလေးပေး ဖော်ပြ​သင့်ပါတယ်။

 ၁၁။ ဟောပြောချက်– ဒီ​တာဝန်​ကို ညီအစ်ကို​တစ်ယောက်​က လုပ်ဆောင်​ရမှာ ဖြစ်​ပြီး ဟောပြောချက်​ပေး​တဲ့​ပုံစံ​နဲ့ တင်ဆက်​ရမယ်။

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

 ၁၂။ သီချင်း​ဆိုပြီး​တဲ့​အခါ ပရိသတ်​တွေ ကျမ်းစာ​ကို လက်တွေ့​ကျင့်သုံး​နိုင်အောင် ကူညီ​ပေးဖို့ စီစဉ်​ထား​တဲ့ အပိုင်း တစ်ပိုင်း၊ နှစ်​ပိုင်း ပါဝင်​မယ့် ၁၅ မိနစ်​ကြာ​တဲ့ ဒီ​ကဏ္ဍ​ကို ဆက်​ကျင်းပ​မှာ​ ဖြစ်တယ်။ သတ်သတ်မှတ်မှတ် ညွှန်ကြား​ထား​တာ မရှိရင် ဒီ​အပိုင်း​တွေ​ကို အကြီးအကဲ ဒါမှ​မဟုတ် အသင်းတော်​ အမှုထမ်းတွေကို တာဝန်​ပေး​နိုင်တယ်။ ဒေသ​လိုအပ်ရာ​များ အပိုင်း​ကို​တော့ အကြီးအကဲ​ပဲ ကိုင်တွယ်​သင့်တယ်။

  ၁၃။ အသင်းတော် ကျမ်းစာ​လေ့လာမှု– မိနစ်​သုံး​ဆယ်။ ဒီ​တာဝန်​ကို အရည်အချင်း​ရှိတဲ့ အကြီးအကဲ​တစ်ဦး​ကို တာဝန်​ပေး​ပါ​တယ်။ (အကြီးအကဲ​ နည်းတဲ့ အသင်းတော်​တွေ​မှာ လိုအပ်​တယ်​ဆိုရင် အရည်အချင်း​ ပြည့်မီ​တဲ့ အသင်းတော် အမှုထမ်းတွေကို တာဝန်​ပေး​နိုင်တယ်။) အသင်းတော် ကျမ်းစာ​လေ့လာမှု အပိုင်း​ကို ကိုင်တွယ်​ဖို့ ဘယ်သူတွေ အရည်အချင်း​ ပြည့်မီ​သလဲ​ဆိုတာ အကြီးအကဲ​အဖွဲ့က ဆုံးဖြတ်​သင့်တယ်။ ကိုင်တွယ်​ခွင့် ရရှိ​ထား​သူတွေဟာ ထိရောက်​တဲ့​နည်းနဲ့ ဦးဆောင်​နိုင်​ရပါမယ်။ အချိန်မီ ပြီး​အောင် တင်ဆက်​နိုင်​သူ၊ ကျမ်းချက်​တွေ​ကို အလေးပေး တင်ဆက်​တတ်​သူ၊ အကြောင်းအရာရဲ့ လက်တွေ့ကျ တန်ဖိုး​ကို တက်ရောက်သူ​အားလုံး သဘောပေါက်​အောင် ကူညီပေး​နိုင်​သူ ဖြစ်​ရပါမယ်။ ကင်းမျှော်စင် သင်တန်း ကိုင်တွယ်​ပုံ​နဲ့ ပတ်သက်​တဲ့ ညွှန်ကြားချက်​တွေ​ကို ပြန်​သုံးသပ်​မယ်​ဆိုရင် အကူအညီ ဖြစ်ပါ​လိမ့်မယ်။ တာဝန်ကျ​တဲ့ အကြောင်းအရာကို နှံ့နှံ့စပ်စပ် သုံးသပ်​ပြီး​ရင် လေ့လာမှု​ကို အချိန်ဆွဲ​ထား​ဖို့ မလိုပါဘူး။ ဖြစ်​နိုင်​ရင် သင်တန်း​ကိုင်​သူနဲ့ စာပိုဒ်​ဖတ်​သူတွေကို အပတ်စဉ် ပြောင်းလဲ​သင့်တယ်။ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​က ကျမ်းစာ​လေ့လာမှု​ကို အချိန်​လျှော့​ဖို့ ပြော​လာ​ရင် အချိန် ဘယ်လို​ လျှော့​မလဲ​ဆိုတာ သင်တန်း​ကိုင်​သူက ဆုံးဖြတ်​ရပါမယ်။ တချို့​စာပိုဒ်​တွေ​ကို မဖတ်ဖို့ ဆုံးဖြတ်​နိုင်​ပါ​တယ်။

နိဂုံး​ချုပ်​မှတ်ချက်

  ၁၄။ သုံး​မိနစ်။ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​ဟာ အစည်းအဝေး​မှာ ကြား​ခဲ့​ရတဲ့ အကျိုး​ရှိတဲ့ အချက်​တချို့​ကို ပြန်​သုံးသပ်​မှာ ဖြစ်တယ်။ လာမယ့်​အပတ်​မှာ လေ့လာ​မယ့် အကြောင်းအရာတွေကိုလည်း ကြို​သုံးသပ်​မှာ ဖြစ်တယ်။ နောက်​အစည်းအဝေး​မှာ ဆွေးနွေး​မယ့် အကြောင်းအရာကို ပြော​နိုင်တယ်။ အချိန်​ရ​ရင် လာမယ့်​အပတ်​မှာ တာဝန်ကျ​မယ့်​သူတွေရဲ့ နာမည်​တွေ​ကို ဖတ်ပြ​နိုင်တယ်။ သတ်သတ်မှတ်မှတ် ညွှန်ကြား​ထား​တာ မရှိရင် နိဂုံး​ချုပ်​မှတ်ချက်​မှာ အသင်းတော် ကြေညာ​ချက်​တွေ၊ စာ​တွေ​ကို ဖတ်ပြ​သင့်တယ်။ လယ်ကွင်း​စုဆုံမှု အစီအစဉ်၊ သန့်ရှင်းရေး အစီအစဉ်​လို​မျိုး ပုံမှန်​ လုပ်​နေတာတွေကို မကြေညာ​ဘဲ ကြော်ငြာ​သင်ပုန်း​မှာ ကပ်​ထား​ပေး​သင့်တယ်။ တကယ်လို့ နိဂုံး​ချုပ်​မှတ်ချက်​အတွက် ပေး​ထား​တဲ့​ အချိန်အတွင်း​မှာ ကြေညာ​ချက်​တွေ၊ စာ​တွေ ဖတ်​ဖို့​အတွက် အချိန်​မလောက်​ရင် သဘာပတိ​က ခရစ်ယာန်​အသက်တာ​လမ်းစဉ် အပိုင်း​တွေ​ကို အတို​ချုံ့​ပေးဖို့ တာဝန်ကျ​ ညီအစ်ကို​တွေ​ကို တောင်းဆို​သင့်တယ်။ ( အပိုဒ် ၁၃ နဲ့  ၁၇ ကို​ကြည့်​ပါ။) အစည်းအဝေး​ကို သီချင်းဆို၊ ဆုတောင်းခြင်း​နဲ့ နိဂုံး​ချုပ်​မှာ​ ဖြစ်တယ်။

ဖတ်ရှုခြင်း​နဲ့ သွန်သင်ခြင်း​မှာ ကြိုးစား​ပါ

 ၁၅။ တာဝန်ကျ​သူတိုင်းဟာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး​လာတဲ့အခါ ပုံနှိပ်​စာပေ​နဲ့​ဖြစ်စေ၊ အီလက်ထရောနစ် စာပေ​နဲ့​ဖြစ်စေ သွန်သင်ခြင်း စာစောင်​ကို ယူလာ​ရပါမယ်။ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​ဟာ ချီးမွမ်း​ခြင်း၊ အကြံပေး​ခြင်း​အတွက် သွန်သင်ခြင်း စာစောင်​ကို အခြေခံ​အဖြစ် အသုံးပြု​သင့်တယ်။ ကျောင်းသား​တာဝန်ကျ​သူတိုင်းဟာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် မှာပါတဲ့ တာဝန်​ရဲ့​နောက်က ကွင်း​ထဲမှာ ဖော်ပြ​ထား​တဲ့ သင်ခန်းစာ​နံပါတ်​ကို လုပ်ဆောင်​သင့်တယ်။ သွန်သင်ခြင်း စာစောင်​မှာပါတဲ့ “သင့် တိုးတက်မှု မှတ်တမ်း” အပိုင်း​ဟာ သဘာပတိ အမှတ်အသား လုပ်ဖို့ မဟုတ်ဘဲ တာဝန်ကျ​သူ အသုံးပြု​ဖို့ ဖြစ်ပါ​တယ်။

ချီးမွမ်း​ခြင်း​နဲ့ သွန်သင်ချက်

  ၁၆။ ကျောင်းသား​တာဝန်​တစ်ခု​ပြီး​တိုင်း အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​က သွန်သင်ခြင်း စာစောင်​ကို အခြေခံ​ပြီး ချီးမွမ်း​စကား​နဲ့ အကြံပေး​စကား ပြော​ဖို့ တစ်​မိနစ်လောက် အချိန်​ရမှာ​ ဖြစ်တယ်။ သဘာပတိ​က တာဝန်ကျ​သူကို မိတ်ဆက်​ပေး​ချိန်မှာ သင်ခန်းစာ​နံပါတ်​ကို ကြေညာ​မှာ မဟုတ်ဘူး။ ဒါပေမဲ့ တာဝန်​ပြီးသွား​တဲ့​အခါ သင့်တော်​တဲ့ ချီးမွမ်း​စကား ပြော​ပြီး​တဲ့​နောက် သဘာပတိ​က သူ​ကြိုးစား​လုပ်ဆောင်​နေတဲ့ အချက်​ကို ကြေညာ​ပြီး ဘာကြောင့် ကောင်းကောင်း လုပ်ဆောင်ခဲ့တဲ့​အကြောင်း ပြော​နိုင်တယ်။ ဒါမှ​မဟုတ် အချက်​တစ်ခု​ကို ဘာကြောင့် ပို​ပြီး အာရုံစိုက်​သင့်​ကြောင်း ရှင်းပြ​နိုင်တယ်။ တာဝန်ကျ​သူ၊ ဒါမှ​မဟုတ် ပရိသတ်​ အတွက် အကျိုး​ရှိမယ်လို့ သဘာပတိ ခံစား​ရတဲ့ တခြား အချက်​တွေ​ကိုလည်း ပြော​နိုင်တယ်။ ကျောင်းသား​တစ်ယောက်စီ​ရဲ့ လိုအပ်ချက်​အရ သွန်သင်ခြင်း စာစောင် ဒါမှ​မဟုတ် ဓမ္မ​အမှု​ကျောင်း စာအုပ်​ပေါ် အခြေခံ​တဲ့ အပြုသဘောဆောင်​တဲ့ ထပ်ဆင့်​သွန်သင်ချက်​ကို အစည်းအဝေး​ပြီး​တဲ့​နောက် ဒါမှ​မဟုတ် တခြား​အချိန်​မှာ သီးသန့် ပြော​နိုင်​ပါ​တယ်။—အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​နဲ့ အရန်​သွန်သင်သူ​တို့​ရဲ့ အခန်းကဏ္ဍ​အကြောင်း ထပ်ဆင့်​ညွှန်ကြားချက်​တွေ​ကို  အပိုဒ် ၁၇၊  ၂၂ နဲ့  ၂၄ မှာ​ကြည့်​ပါ။

အချိန်

     ၁၇။ ဘယ်​အပိုင်း​ကမှ အချိန်​မကျော်​သင့်​သလို အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိရဲ့ မှတ်ချက်​တွေ​လည်း အချိန်​မကျော်​သင့်​ဘူး။ တာဝန်​တစ်ခုစီ​ရဲ့ အချိန်ကို “. . . နဲ့ အောက်” လို့ မဖော်​ပြ​ထား​ပေမဲ့ အချိန်ပြည့်​အောင်​ဆိုပြီး အကြောင်းအရာတွေကို ရှည်ရှည်​ဝေးဝေး ထည့်​ပြော​နေစရာ မလိုပါဘူး။ အချိန်စေ့​သွားပြီ​ဆိုရင် လိမ္မာ​ပါးနပ်​စွာ ရပ်​ခိုင်း​သင့်ပါတယ်။ အစည်းအဝေးရဲ့ တခြား​အပိုင်း​တွေ အချိန်​ကျော်​တယ်​ဆိုရင် အရန်​သွန်သင်သူ​က သီးသန့်​သွန်သင်ချက် ပေး​သင့်တယ်။ ( အပိုဒ် ၂၄ ကို​ကြည့်​ပါ။) သီချင်းတွေ​နဲ့ ဆုတောင်းချက်​တွေ အပါအဝင် အစည်းအဝေး အစီအစဉ်​တစ်ခုလုံး​ဟာ ၁ နာရီ​နဲ့ ၄၅ မိနစ် ကြာ​သင့်တယ်။

တိုက်နယ်​ကြီးကြပ်မှူး လည်ပတ်မှု

 ၁၈။ အသင်းတော်ကို တိုက်နယ်​ကြီးကြပ်မှူး လည်ပတ်​နေတဲ့​အခါ အောက်ပါ​ခြွင်းချက်​တွေ​က​လွဲလို့ အစီအစဉ်ကို အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး လေ့ကျင့်ခန်း​စာစောင် မှာ ဖော်ပြ​ထား​တဲ့​အတိုင်း ကျင်းပ​သင့်တယ်– ခရစ်ယာန်​အသက်တာ​လမ်းစဉ် ကဏ္ဍ​ရဲ့ အသင်းတော် ကျမ်းစာ​လေ့လာမှု အပိုင်း​ကို တိုက်နယ်​ကြီးကြပ်မှူး ဟောပြောမယ့် မိနစ် ၃၀ လုပ်ငန်းတော်​ ဟောပြောချက်​နဲ့ အစားထိုး​ပါ​မယ်။ လုပ်ငန်းတော်​ ဟောပြောချက် မတိုင်ခင် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ​က ကျင်းပ​ပြီးစီး​သွားတဲ့ အစီအစဉ်ကို ပြန်လည်​သုံးသပ်​တာ၊ နောက်​အပတ်ရဲ့ အစီအစဉ်ကို ကြိုတင်​အသိပေး​တာ၊ လိုအပ်​တဲ့ ကြေညာ​ချက်​တွေ ကြေညာ​တာ၊ ဖတ်​ရမယ့်​ စာ​တွေ​ကို ဖတ်ပြ​တာ​တွေ လုပ်ဆောင်​ပြီး​နောက် တိုက်နယ်​ကြီးကြပ်မှူး​ကို မိတ်ဆက်​ပေး​မှာ ဖြစ်တယ်။ လုပ်ငန်းတော် ဟောပြောချက်​ ပြီး​တဲ့​အခါ တိုက်နယ်​ကြီးကြပ်မှူး​က သူ​ရွေး​ထား​တဲ့​ သီချင်း​နဲ့ အစည်းအဝေး​ကို နိဂုံး​ချုပ်​မှာ ဖြစ်တယ်။ နိဂုံး​ချုပ်​ ဆုတောင်း​ဖို့ နောက်​ညီအစ်ကို​တစ်ဦး​ကို သူ ဖိတ်ခေါ်​နိုင်တယ်။ တိုက်နယ်​လည်ပတ်မှု​အတွင်း အရန်​သင်တန်း ရှိ​မှာ​ မဟုတ်ဘူး။ အုပ်စု​တစ်ခု​ဟာ အိမ်ရှင်​ အသင်းတော်ကို တိုက်နယ်​လည်ပတ်ချိန်မှာ မိမိတို့​ ကျင်းပ​နေကျ အစည်းအဝေးတွေကို ဆက်​ကျင်းပ​နိုင်​ပါ​တယ်။ တိုက်နယ်​ကြီးကြပ်မှူး​ရဲ့ လုပ်ငန်းတော် ဟောပြောချက်မှာ​တော့ အိမ်ရှင်​အသင်းတော်​နဲ့ ပူးပေါင်း​မှာ​ဖြစ်တယ်။

တိုက်နယ်​အစည်းအဝေး အပတ်၊ ခရိုင်​အစည်းအဝေး အပတ်

 ၁၉။ တိုက်နယ်​အစည်းအဝေး၊ ခရိုင်​အစည်းအဝေး အပတ်​အတွင်းမှာ အသင်းတော် အစည်းအဝေးတွေ ကျင်းပ​မှာ​ မဟုတ်ဘူး။ အဲဒီ​အပတ်​အတွင်းမှာ လေ့လာ​မယ့် အကြောင်းအရာတွေကို ကိုယ်ပိုင် ဒါမှ​မဟုတ် မိသားစု​လိုက် သုံးသပ်​သင့်တယ်။

အောက်မေ့ရာပွဲ အပတ်

 ၂၀။ အောက်မေ့ရာပွဲ​က ကြား​ရက်မှာ ကျ​တယ်​ဆိုရင် ခရစ်ယာန်​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ရှိ​မှာ မဟုတ်ဘူး။ ဒါပေမဲ့ လယ်ကွင်း​စုဆုံမှု​တော့ လုပ်သင့်တယ်။

အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး

 ၂၁။ အကြီးအကဲ​အဖွဲ့က ရွေးချယ်​တဲ့ အကြီးအကဲ​တစ်ဦး​ဟာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး​အဖြစ် ထမ်းဆောင်​မှာ​ ဖြစ်တယ်။ သူဟာ ဒီ​အစည်းအဝေး​ကို စနစ်တကျ စီစဉ်​ဖွဲ့စည်း​ပြီး ဒီ​ညွှန်ကြားချက်​တွေ​အတိုင်း သေသေချာချာ ကိုင်တွယ်​ဖို့ တာဝန်​ ရှိတယ်။ သူဟာ အရန်​သွန်သင်သူ​နဲ့ ဆက်သွယ်မှု​ကောင်း ရှိ​သင့်တယ်။ ကြီးကြပ်မှူး​ဟာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင် ရတာ​နဲ့ ကျောင်းသား​တာဝန်​တွေ​ကို ချပေး​မှာ​ ဖြစ်တယ်။ ( အပိုဒ် ၅-၁၁ ကို​ကြည့်​ပါ။) ကျောင်းသား​တာဝန် ခန့်အပ်ချက် တစ်ခုစီ​ကို ခရစ်ယာန်​အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း တာဝန်​ခန့်အပ်​ချက် (S-89) ပုံစံ​ကို သုံးပြီး တာဝန်ကျ​တဲ့​ နေ့စွဲ မတိုင်ခင် အနည်းဆုံး​ သုံး​ပတ် ကြို​ပေး​သင့်တယ်။

အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး သဘာပတိ

  ၂၂။ အကြီးအကဲ​တစ်ဦး​ဟာ တစ်ပတ်စီ​ရဲ့ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး အစအဆုံး​အတွက် သဘာပတိ​အဖြစ် လုပ်ဆောင်ပါ​မယ်။ (အကြီးအကဲ​ နည်းတဲ့ အသင်းတော်​တွေ​ဟာ လိုအပ်​မယ်​ဆိုရင် အရည်အချင်း​ ပြည့်မီ​တဲ့ အသင်းတော် အမှုထမ်းတွေကို တာဝန်​ပေး​နိုင်​ပါ​တယ်။) သူဟာ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ ဗီဒီယို ဆွေးနွေးခန်း​အတွက် နိဒါန်း၊ နိဂုံး မှတ်ချက်တွေကို ပြင်ဆင်​ထား​ရပါမယ်။ အစည်းအဝေး​အပိုင်း အားလုံး​ကို မိတ်ဆက်​ပေး​ရမယ့်​အပြင် အကြီးအကဲ အရေအတွက်​ပေါ် မူတည်ပြီး အစည်းအဝေးရဲ့ အပိုင်း​တချို့​ကို ကိုင်တွယ်​ဖို့ တာဝန်​ယူရ​နိုင်တယ်။ အပိုင်း တစ်ခု​နဲ့​တစ်ခု​ကြား မှတ်ချက်​တွေ​ဟာ အတိုချုပ်​သာ ဖြစ်​သင့်တယ်။ ဒီ​ကဏ္ဍ​ ကို တာဝန်​ယူဖို့ ဘယ်​အကြီးအကဲ​တွေ​က အရည်အချင်း ပြည့်မီ​တယ်​ဆိုတာ အကြီးအကဲ​အဖွဲ့က ဆုံးဖြတ်​မှာ​ ဖြစ်တယ်။ အရည်အချင်း​ရှိတဲ့ အကြီးအကဲ​တွေ​ဟာ သဘာပတိ​အဖြစ် အခါ​အား​လျော်​စွာ ထမ်းဆောင်​ပါ​မယ်။ ဒေသ​အခြေအနေ​ပေါ် မူတည်ပြီး အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး​ဟာ အရည်အချင်း​ရှိတဲ့ တခြား​အကြီးအကဲ​တွေ​ထက် သဘာပတိ​အဖြစ် မကြာမကြာ​ ပို​ပြီး အသုံးပြု​ခံရ​ဖွယ် ရှိတယ်။ အသင်းတော် ကျမ်းစာ​လေ့လာမှု​ကို ကိုင်တွယ်​ဖို့ အရည်အချင်း​ ပြည့်မီ​တဲ့ အကြီးအကဲ​တစ်ဦး​ဟာ အစည်းအဝေး သဘာပတိ​အဖြစ် လုပ်ဆောင်ဖို့​လည်း အရည်အချင်း ပြည့်မီ​တယ်။ သဘာပတိ​အဖြစ် လုပ်ဆောင်တဲ့ အကြီးအကဲ​ဟာ တာဝန်ကျ​သူတွေကို မေတ္တာနဲ့ ချီးမွမ်း​ပြီး အကျိုးပြုတဲ့ သွန်သင်ချက်​ပေးဖို့ လိုအပ်​တယ်​ဆိုတာ ကျေးဇူးပြု​၍ မှတ်သားပါ။ သဘာပတိ​ဟာ အစည်းအဝေး အချိန်​အတိအကျ ပြီးဆုံး​ဖို့​အတွက်​လည်း တာဝန်​ရှိပါတယ်။ ( အပိုဒ် ၁၄ နဲ့  ၁၇ ကို​ကြည့်​ပါ။) အကယ်၍ သဘာပတိ​က ဆန္ဒ​ရှိပြီး နေရာလည်း ရှိတယ်ဆိုရင် စင်မြင့်​ပေါ်မှာ သဘာပတိ​အတွက် မိုက်တိုင်​တစ်ခု ထား​ပေး​နိုင်တယ်။ ဒီလို​နည်းနဲ့ သဘာပတိ​က နောက်​အပိုင်း​ကို မိတ်ဆက်​နေစဉ်​မှာ တာဝန်ကျ​ညီအစ်ကို​က အသင့် နေရာယူ​နိုင်တယ်။ သဘာပတိ​ဟာ ကျမ်းစာ​ဖတ်ရှုခြင်း​နဲ့ အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ အပိုင်း​အတွင်း စင်မြင့်​ပေါ်မှာ စားပွဲ​တစ်လုံး​နဲ့ ထိုင်​ချင်​ရင် ထိုင်​နိုင်​ပါ​တယ်။ ဒီလိုလုပ်​တာ​က အချိန်ကုန် သက်သာ​စေတယ်။

အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး

 ၂၃။ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး ဒါမှ​မဟုတ် သူ့ရဲ့​ လက်ထောက်​ အကြီးအကဲ​ဟာ ကျောင်းသား​တာဝန် ခန့်အပ်​ချက်​တွေ​က​လွဲလို့ အစည်းအဝေး​အပိုင်း အားလုံး​ကို တာဝန်​ပေး​မှာ ဖြစ်တယ်။ တစ်ပတ်စီ​အတွက် အကြီးအကဲ​အဖွဲ့က သဘောတူ​ထား​တဲ့​သူတွေကို အစည်းအဝေး သဘာပတိ​အဖြစ် တာဝန်​ခန့်အပ်​တာ​လည်း ပါဝင်​တယ်။ အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး​ဟာ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူး​နဲ့ ပူးပေါင်း​ပြီး အစည်းအဝေး​တစ်ခုလုံး​အတွက် တာဝန်​ခန့်အပ်​ချက်​ဇယား​ကို ကြော်ငြာ​သင်ပုန်း​မှာ ကပ်​ထား​ဖို့ သေသေချာချာ လုပ်ဆောင်​သင့်ပါတယ်။

အရန် သွန်သင်သူ

   ၂၄။ ဖြစ်​နိုင်​တဲ့​အခါတိုင်း​မှာ ဒီ​ကဏ္ဍ​ကို တာဝန်​ယူဖို့ အတွေ့အကြုံ​ရှိတဲ့ အကြီးအကဲ​တစ်ဦး​ကို တာဝန်​ပေး​တာ ကောင်း​ပါ​တယ်။ အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး အပိုင်း​တွေ၊ လူထု​ဟောပြောချက်​နဲ့ ကင်းမျှော်စင် သင်တန်း ဒါမှ​မဟုတ် အသင်းတော် ကျမ်းစာ​လေ့လာမှု ကိုင်တွယ်​တဲ့၊ စာပိုဒ်​ဖတ်​တဲ့ အကြီးအကဲ​တွေ​နဲ့ အသင်းတော် အမှုထမ်းတွေကို သူတို့​ ကိုင်တွယ်​တဲ့​ တာဝန်​မှာ လိုအပ်ချက်​ရှိရင် သီးသန့်​ သွန်သင်ချက် ပေး​ရမှာက အရန်​သွန်သင်သူ​ရဲ့​ တာဝန် ဖြစ်တယ်။ ( အပိုဒ် ၁၇ ကို​ကြည့်​ပါ။) တကယ်လို့ အသင်းတော်မှာ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​စွမ်းရည်​ ရှိတဲ့ အကြီးအကဲ​တွေ များ​တယ်​ဆိုရင် အရည်အချင်း​ရှိတဲ့ အကြီးအကဲ​တစ်ဦးစီ​က အရန်​သွန်သင်သူ​အဖြစ် တစ်နှစ်​ကို တစ်​ယောက် တစ်​လှည့်​စီ ထမ်းဆောင်​နိုင်​ပါ​တယ်။ တာဝန်​ခန့်အပ်​ချက် တစ်ခု​ပြီး​တိုင်း အရန်​သွန်သင်သူ​က သွန်သင်ချက် ပေး​စရာ မလိုဘူး။

အရန်​သင်တန်း​များ

 ၂၅။ ကျောင်းသား​အရေအတွက်​ပေါ် မူတည်ပြီး အသင်းတော်ဟာ အရန်​သင်တန်း​တွေ ကျင်းပ​ကောင်း ကျင်းပ​မှာ​ ဖြစ်တယ်။ အရန်​သင်တန်း​တစ်ခုစီ​အတွက် အရည်အချင်း​ရှိတဲ့ သွန်သင်သူ​တစ်ဦးစီ ရှိ​သင့်တယ်။ သွန်သင်​သူဟာ အကြီးအကဲ​ ဖြစ်​ရင် ပို​ကောင်း​ပါ​တယ်။ လိုအပ်​ရင် အရည်အချင်း​ ပြည့်မီ​တဲ့ အသင်းတော် အမှုထမ်း​တစ်ဦး​ကိုလည်း တာဝန်​ပေး​နိုင်တယ်။ ဒီ​တာဝန် ထမ်းဆောင်​နိုင်​သူကို အကြီးအကဲ​အဖွဲ့က ဆုံးဖြတ်​သင့်တယ်။ ဒီ​တာဝန်​ကို အလှည့်ကျ ထမ်းဆောင်​မလား​ဆိုတာ​ကိုလည်း ဆုံးဖြတ်​ရပါမယ်။ သွန်သင်​သူဟာ  အပိုဒ် ၁၆ မှာ ဖော်ပြ​ထား​တဲ့ လုပ်ထုံး​လုပ်​နည်း​အတိုင်း လုပ်ဆောင်​သင့်ပါတယ်။ တကယ်လို့ အရန်​သင်တန်း​တွေ ကျင်းပ​တယ်​ဆိုရင် ကျမ်းစာ​ထဲ​က အဖိုးတန်​ဘဏ္ဍာများ၊ ဘုရားရေးရာ​ရတနာ အပိုင်း​ပြီး​တဲ့​နောက် ကျောင်းသား​တွေ​ကို အရန်​သင်တန်း​ခန်း​ထဲ သွား​ခိုင်း​သင့်တယ်။ အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ ကဏ္ဍ ပြီး​တဲ့​နောက်​မှာ ပြန်ပေါင်း​သင့်ပါတယ်။ ဗီဒီယို​တစ်ခု​ကို ဆွေးနွေး​တဲ့​အခါ အရန်​သင်တန်း​ခန်း​မှာ ရှိသူတွေဟာ ဖြစ်​နိုင်​ရင် အဲဒီ​နေရာ​ကနေ​ပဲ ဆွေးနွေးမှု​ကို ကြည့်ရှု နားထောင်​သင့်ပါတယ်။ ဒါမှ​မဟုတ် သင်တန်း​ကိုင်​သူက အီလက်ထရောနစ် ပစ္စည်း​နဲ့ ဗီဒီယို​ဖွင့်ပြ​ပြီး ဆွေးနွေး​သင့်ပါတယ်။

ဗီဒီယိုများ

 ၂၆။ ဒီ​အစည်းအဝေး​နဲ့ သက်ဆိုင်​တဲ့ ဗီဒီယိုတွေကို အသုံးပြုပါမယ်။ ကြား​ရက် အစည်းအဝေး​အတွက် ဗီဒီယိုတွေကို JW Library® မှာ ရနိုင်​မှာ​ ဖြစ်​ပြီး ကိရိယာ​အမျိုးမျိုးနဲ့ ဝင်ကြည့်​နိုင်​ပါ​တယ်။ တစ်ခါ​တလေ​မှာ စကားစမြည် ပြောဆို​နိုင်​ပုံ နမူနာ ဗီဒီယိုတွေကို အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း အစည်းအဝေး​မှာ ပြပြီး​နောက် လယ်ကွင်း​စုဆုံမှု​တွေ​မှာ ပြ​နိုင်​ပါ​တယ်။