၂ ရာဇဝင်ချုပ် ၅:၁-၁၄

  • ဗိမာန်တော်အပ်နှံပွဲအတွက် ပြင်ဆင် (၁-၁၄)

    • သေတ္တာတော်ကို ဗိမာန်တော်ထဲသွင်း (၂-၁၀)

 ဒီလိုနဲ့ ရှောလမုန်က ယေဟောဝါရဲ့ အိမ်တော်အတွက် သူလုပ်ရမယ့်  အလုပ်အားလုံးကို  လက်စသတ်လိုက်တယ်။+ ပြီးတော့ ခမည်းတော်ဒါဝိဒ် ဆက်ကပ်ထားတဲ့* ပစ္စည်းတွေကို ယူလာတယ်။+  ရွှေငွေ၊  အသုံးအဆောင် ပစ္စည်းအားလုံးကို စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ဘဏ္ဍာတိုက်မှာ ထည့်ထားလိုက်တယ်။+ ၂  အဲဒီနောက် ရှောလမုန်က ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ဇိအုန်လို့ခေါ်တဲ့ ဒါဝိဒ်မြို့ကနေ  သယ်လာဖို့+  အစ္စရေးအကြီးအကဲတွေ၊  မျိုးနွယ်စုခေါင်းဆောင်တွေ၊ ဆွေမျိုးစု ခေါင်းဆောင်တွေကို စုရုံးလိုက်တဲ့အတွက် ဂျေရုဆလင်မြို့ကို သူတို့ရောက်လာကြတယ်။+ ၃  ခုနစ်လပိုင်း၊ ပွဲတော်* ကျင်းပချိန်မှာ အစ္စရေးအားလုံး မင်းကြီးဆီ စုဝေးလာကြတယ်။+ ၄  အစ္စရေးအကြီးအကဲအားလုံး ရောက်လာတဲ့အခါ လေဝိအမျိုးသားတွေက သေတ္တာတော်ကို သယ်ကြတယ်။+ ၅  သေတ္တာတော်၊ တွေ့ဆုံရာတဲတော်၊+ တဲတော်ထဲက သန့်ရှင်းတဲ့ အသုံးအဆောင်အားလုံးကို ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေ သယ်လာကြတယ်။ ၆  ရှောလမုန်မင်းကြီးနဲ့ ဆင့်ခေါ်ခံရတဲ့ အစ္စရေးတစ်မျိုးလုံးဟာ သေတ္တာတော်ရှေ့မှာ စုရုံးပြီး မရေတွက်နိုင်အောင်များတဲ့ သိုးနွားတွေကို ပူဇော်ကြတယ်။+ ၇  အဲဒီနောက် ပုရောဟိတ်တွေက ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို သယ်လာပြီး အိမ်တော်ရဲ့ အတွင်းခန်းဖြစ်တဲ့ အသန့်ရှင်းဆုံးအခန်းထဲက ခေရုဗိမ်တွေရဲ့ အတောင်အောက်မှာ နေရာတကျ ထားလိုက်တယ်။+ ၈  ခေရုဗိမ်တွေက သေတ္တာတော်ရှိတဲ့ နေရာပေါ် အတောင်တွေ ဖြန့်ထားတဲ့အတွက် သေတ္တာတော်ကိုရော ထမ်းပိုးတွေကိုပါ+ အုပ်မိုးနေတယ်။ ၉  ထမ်းပိုးတွေ  ရှည်လွန်းတော့ ထမ်းပိုးအဖျားပိုင်းကို အတွင်းခန်းရဲ့အရှေ့ သန့်ရှင်းရာအခန်းကနေ မြင်နေရတယ်။ အပြင်ကနေတော့ မမြင်ရဘူး။ ထမ်းပိုးတွေ အခုထိ အဲဒီမှာ ရှိနေတုန်းပဲ။ ၁၀  သေတ္တာတော်ထဲမှာ ကျောက်ပြားနှစ်ချပ်ပဲ ရှိတယ်။+ အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်လာပြီး ယေဟောဝါနဲ့ ပဋိညာဉ်ဖွဲ့တုန်းက ဟောရပ်အရပ်မှာ သေတ္တာတော်ထဲ မောရှေထည့်ခဲ့တဲ့ ကျောက်ပြားတွေ ဖြစ်တယ်။+ ၁၁  (ဘယ်အုပ်စုပဲဖြစ်နေပါစေ+ ပုရောဟိတ်အားလုံးက ကိုယ်ကိုသန့်ရှင်းပြီးမှ+ ရောက်လာကြတယ်။) သန့်ရှင်းရာအခန်းကနေ ပုရောဟိတ်တွေ ထွက်လာတဲ့အခါ၊ ၁၂  အာသပ်၊+ ဟေမန်၊+ ယေဒုသုန်နဲ့+ သူတို့သားမြေးတွေ၊ ညီအစ်ကိုတွေပါဝင်တဲ့ လေဝိအနွယ်ဝင် သီချင်းသည်အားလုံးက+ ပိတ်ချောထည် ဝတ်ဆင်ပြီး ပူဇော်ရာပလ္လင်အရှေ့ဘက်မှာ ရပ်နေကြတယ်။ လင်းကွင်းတွေ၊ ကြိုးတပ်တူရိယာတွေ၊ စောင်းတွေ ကိုင်ထားတယ်။ သူတို့နဲ့အတူ ပုရောဟိတ် ၁၂၀ ကလည်း ခရာတွေ မှုတ်နေကြတယ်။+ ၁၃  ခရာမှုတ်သူတွေ၊ သီချင်းဆိုသူတွေက ယေဟောဝါကို ချီးမွမ်းကြတယ်။ ခရာ၊ လင်းကွင်းနဲ့ တခြားတူရိယာ တီးမှုတ်သံတွေ၊ “ကိုယ်တော်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်”+ ဆိုပြီး ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းသံတွေ သံပြိုင်ထွက်လာတဲ့အခါ ယေဟောဝါရဲ့ အိမ်တော်ဟာ  မိုးတိမ်နဲ့  ပြည့်သွားတယ်။+ ၁၄  မိုးတိမ်ကြောင့် ပုရောဟိတ်တွေ အဲဒီမှာ ဆက်ပြီးအမှုဆောင်လို့ မရတော့ဘူး။ ယေဟောဝါရဲ့ အိမ်တော်မှာ ဘုရားသခင်ရဲ့ ဘုန်းအသရေ ပြည့်နေတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သန့်ရှင်းမြင့်မြတ်စေတဲ့။”
တဲနေပွဲ။