၂ ရာဇဝင်ချုပ် ၃၃:၁-၂၅

  • ယုဒဘုရင် မနာရှေ (၁-၉)

  • မကောင်းမှုအတွက် မနာရှေ နောင်တရ (၁၀-၁၇)

  • မနာရှေ သေဆုံး (၁၈-၂၀)

  • ယုဒဘုရင် အာမုန် (၂၁-၂၅)

၃၃  မနာရှေ+ နန်းတက်ချိန်မှာအသက် ၁၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၅၅ နှစ်စိုးစံတယ်။+ ၂  မနာရှေမင်းဟာ ယေဟောဝါရှေ့မှာ မကောင်းတာ လုပ်တယ်။ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ မောင်းထုတ်ခဲ့တဲ့  လူမျိုးတွေရဲ့  ရွံရှာဖွယ် အကျင့်ဓလေ့တွေအတိုင်း လိုက်လုပ်တယ်။+ ၃  ခမည်းတော်ဟေဇကိ ဖြိုဖျက်ခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို ပြန်တည်ဆောက်တယ်။+ ဗာလဘုရားအတွက် ယဇ်ပလ္လင်တွေ တည်ပြီး ကိုးကွယ်ရာသစ်တိုင်တွေ* လုပ်တယ်။ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်တွေကို ဦးချဝတ်ပြုတယ်။+ ၄  “ဂျေရုဆလင်မြို့မှာ ငါ့နာမည် ထာဝစဉ်တည်စေမယ်” လို့ ယေဟောဝါ ပြောခဲ့တဲ့နေရာ၊+ ယေဟောဝါရဲ့ အိမ်တော်မှာလည်း ယဇ်ပလ္လင်တွေ တည်တယ်။+ ၅  မနာရှေက ယေဟောဝါရဲ့အိမ်တော် ရင်ပြင်နှစ်ခုမှာ ကောင်းကင်ပေါ်က နေ၊ လ၊ ကြယ်တွေအတွက် ယဇ်ပလ္လင်တွေ တည်တယ်။+ ၆  ဟိန်နုံသားရဲ့ချိုင့်ဝှမ်းမှာ+ ကိုယ့်သားတွေကို မီးရှို့ပူဇော်တယ်။+ မှော်အတတ်၊+ နတ်ဆိုးအတတ်၊ ပယောဂအတတ်တွေကို လိုက်စားတယ်။ နတ်ကတော်တွေ၊ ဗေဒင်ဆရာတွေကိုလည်း ခန့်ထားတယ်။+ ယေဟောဝါရှေ့မှာ မကောင်းတာတွေ အများကြီးလုပ်ပြီး အမျက်ထွက်စေတယ်။ ၇  မနာရှေက ရုပ်တုတစ်ခု ထွင်းထုပြီး စစ်မှန်တဲ့ဘုရားသခင့် အိမ်တော်ထဲမှာ ထားတယ်။+ ဘုရားသခင်က အဲဒီအိမ်တော်နဲ့ပတ်သက်ပြီး ဒါဝိဒ်နဲ့ သားရှောလမုန်ကို “အစ္စရေးအနွယ်အားလုံးထဲကနေ ငါရွေးချယ်ထားတဲ့ ဂျေရုဆလင်မြို့မှာ၊ ဒီအိမ်တော်မှာ ငါ့နာမည်ကို အမြဲတည်စေမယ်။+ ၈  အစ္စရေးတွေက မောရှေကတစ်ဆင့် ငါမိန့်မှာခဲ့တဲ့ ပညတ်တရားတွေ၊ စည်းမျဉ်းတွေ၊ တရားစီချက်တွေအတိုင်း ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဘိုးဘေးတွေကို ငါပေးတဲ့ပြည်ကနေ သူတို့ကို ငါထွက်ခွာစေမှာ မဟုတ်ဘူး” လို့ကတိပေးခဲ့တယ်။ ၉  ဒါပေမဲ့ မနာရှေက ယုဒပြည်သားတွေနဲ့ ဂျေရုဆလင်မြို့သားတွေ လမ်းလွဲသွားအောင်၊ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ ချေမှုန်းခဲ့တဲ့ လူမျိုးတွေထက် ဆိုးဆိုးရွားရွား ပြုမူအောင် ဦးဆောင်လမ်းပြတယ်။+ ၁၀  ယေဟောဝါက မနာရှေနဲ့ သူ့လူတွေကို အမြဲသတိပေးပေမဲ့ သူတို့ ဂရုမစိုက်ကြဘူး။+ ၁၁  ဒါကြောင့် ယေဟောဝါက အဆီးရီးယားဘုရင်ရဲ့ တပ်မှူးတွေ လွှတ်ပြီး တိုက်ခိုက်စေတယ်။ မနာရှေကို ချိတ်တွေနဲ့ ဖမ်း၊* ကြေးနီခြေကျဉ်းတွေ ခတ်ပြီး ဗာဗုလုန်မြို့ဆီ ခေါ်သွားကြတယ်။ ၁၂  မနာရှေက ဒုက္ခရောက်နေချိန်မှာ ယေဟောဝါဘုရားရဲ့ မျက်နှာသာရဖို့ အသနားခံပြီး ဘိုးဘေးတို့ရဲ့  ဘုရားသခင်ရှေ့မှာ  အကြီးအကျယ်  စိတ်နှိမ့်ချလိုက်တယ်။ ၁၃  ဘုရားသခင်ဆီ သူ အမြဲဆုတောင်းတယ်။ ဘုရားသခင်က သူအသနားခံတဲ့အခါ ကရုဏာသက်သွားတယ်၊ မျက်နှာသာရဖို့ တောင်းပန်တာကို နားထောင်ပြီး ဂျေရုဆလင်မြို့မှာ ပြန်နန်းထိုင်စေတယ်။+ အဲဒီအခါ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားပဲဆိုတာ မနာရှေ သိသွားတယ်။+ ၁၄  အဲဒီနောက် မနာရှေက ဒါဝိဒ်မြို့အတွက်+ အပြင်မြို့ရိုးကို ချိုင့်ဝှမ်းထဲမှာရှိတဲ့ ဂိဟုန်စမ်းရေရဲ့+ အနောက်ဘက်မှာ တည်ဆောက်တယ်။ မြို့ရိုးက ငါးတံခါးအထိ ရှည်ပြီး+ အတော်မြင့်မားတယ်၊ ငါးတံခါးကနေ ပြန်လှည့်ပြီး သြဖေလအရပ်ကို+ ရောက်တယ်။ ယုဒပြည်မှာရှိတဲ့ ခံတပ်မြို့တိုင်းမှာ တပ်မှူးတွေကို  ခန့်ထားတယ်။ ၁၅  ပြီးတော့ ယေဟောဝါရဲ့ အိမ်တော်ထဲမှာရှိတဲ့ ရုပ်တုနဲ့ တိုင်းတစ်ပါးဘုရားတွေကို ဖယ်ရှားတယ်။+ ဂျေရုဆလင်မြို့မှာ၊ ယေဟောဝါရဲ့ အိမ်တော်တည်ရာ တောင်ပေါ်မှာ သူတည်ခဲ့တဲ့ ယဇ်ပလ္လင်တွေကိုလည်း ဖယ်ရှားတယ်။+ အဲဒါတွေကို မြို့ပြင် ထုတ်ပစ်လိုက်တယ်။ ၁၆  ဒါ့အပြင် မနာရှေက ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ကို ပြန်ပြုပြင်ပြီး+ မိတ်သဟာယ ပူဇော်သက္ကာတွေ၊+ ကျေးဇူးတင်ချီးမွမ်းရာ ပူဇော်သက္ကာတွေကို+ ပူဇော်တယ်။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ဝတ်ပြုဖို့ ယုဒလူတွေကို တိုက်တွန်းတယ်။ ၁၇  လူတွေကတော့ အထွတ်အမြတ်နေရာတွေမှာ ပူဇော်သက္ကာတွေ ပူဇော်နေကြတုန်းပဲ။ ဒါပေမဲ့ ယေဟောဝါဘုရားဆီ ပူဇော်နေကြတာ။ ၁၈  မနာရှေရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ သူ့ဆုတောင်းချက်တွေ၊ အစ္စရေးတို့ရဲ့ဘုရား  ယေဟောဝါနာမည်ကို သုံးပြီး သူ့ကိုပြောခဲ့တဲ့စိတ်အာရုံမြင်သူတွေရဲ့ စကားတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။ ၁၉  သူ့ဆုတောင်းချက်တွေ၊+ သူအသနားခံတဲ့အတိုင်း ဘုရားလုပ်ပေးခဲ့ပုံတွေ၊ သူ စိတ်မနှိမ့်ချခင်က လုပ်ခဲ့တဲ့အပြစ်တွေ၊ သစ္စာမဲ့တာတွေနဲ့+ အထွတ်အမြတ်နေရာတွေ၊ ကိုးကွယ်ရာသစ်တိုင်တွေ၊*+ ရုပ်တုတွေ တည်ခဲ့တဲ့နေရာတွေကို စိတ်အာရုံမြင်ရတဲ့ သူ့လူတွေရဲ့ကျမ်းစောင်မှာ ရေးထားတယ်။ ၂၀  နောက်ပိုင်းမှာ  မနာရှေ  ကွယ်လွန်သွားတဲ့အတွက်  နန်းတော်နားမှာ သင်္ဂြိုဟ်လိုက်တယ်။ သားတော်အာမုန်က ထီးနန်းဆက်ခံတယ်။+ ၂၁  အာမုန်+ နန်းတက်ချိန်မှာအသက် ၂၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၂ နှစ်စိုးစံတယ်။+ ၂၂  သူက ခမည်းတော်မနာရှေလိုပဲ  ယေဟောဝါရှေ့မှာ  မကောင်းတာတွေ  ဆက်လုပ်တယ်။+ ခမည်းတော်မနာရှေ ထွင်းထုခဲ့တဲ့ ရုပ်တုတွေကို  ဦးချဝတ်ပြုပြီး ပူဇော်သက္ကာတွေ  ဆက်သတယ်။+ ၂၃  ခမည်းတော်မနာရှေက ယေဟောဝါရှေ့မှာ စိတ်နှိမ့်ချလိုက်ပေမဲ့+  အာမုန်ကတော့ စိတ်မနှိမ့်ချတဲ့အပြင်+ အပြစ်တွေ  အကြီးအကျယ်  ဆက်လုပ်တယ်။ ၂၄  နောက်ပိုင်းမှာ မင်းမှုထမ်းတွေက လျှို့ဝှက်ကြံစည်ပြီး+ အာမုန်ကို နန်းတော်မှာပဲ လုပ်ကြံလိုက်တယ်။ ၂၅  ဒါပေမဲ့   ပြည်သူပြည်သားတွေက အာမုန်ကို လုပ်ကြံသူတွေကို သတ်ပြီးနောက်+ သားတော်ယောရှိကို+ မင်းမြှောက်ကြတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“တွင်းထဲကနေ ဖမ်း” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။