၂ ရာဇဝင်ချုပ် ၃:၁-၁၇
၃ ရှောလမုန်က ဂျေရုဆလင်မြို့၊ မောရိတောင်ပေါ်မှာ+ ယေဟောဝါရဲ့ အိမ်တော်ကို စတင်တည်ဆောက်တယ်။+ အဲဒီနေရာဟာ ခမည်းတော်ဒါဝိဒ်ကို ယေဟောဝါ ထင်ရှားပြခဲ့တဲ့နေရာ၊+ ယေဗုသိလူမျိုး သြရနန်ရဲ့ကောက်နယ်တလင်းမှာ+ ဒါဝိဒ်ပြင်ဆင်ခဲ့တဲ့နေရာပဲ။
၂ ရှောလမုန် နန်းစံလေးနှစ်မြောက်၊ ဒုတိယလ၊ နှစ်ရက်နေ့မှာ စတင်တည်ဆောက်တယ်။
၃ စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို တည်ဆောက်ဖို့ ရှောလမုန်ချခဲ့တဲ့ အုတ်မြစ်ဟာ ရှေးအတိုင်းအတာအရ* အလျားအတောင် ၆၀၊ အနံအတောင် ၂၀ ရှိတယ်။+
၄ အိမ်တော် မျက်နှာစာမှာရှိတဲ့ မုခ်ဦးရဲ့အလျားက အိမ်တော်ရဲ့အနံနဲ့ အတူတူပဲ၊ အလျား အတောင် ၂၀ ရှိတယ်။ အမြင့် အတောင် ၂၀ ရှိတယ်။* မုခ်ဦးအတွင်းပိုင်းကို ရွှေစင်နဲ့ ရွှေချတယ်။+
၅ ပင်မအခန်းကို ဂျူနီပါ ထင်းရှူးသားနဲ့ ကာပြီး ရွှေစင်နဲ့ရွှေချတယ်။+ စွန်ပလွံပင်ပုံတွေ၊+ ကြိုးတွေနဲ့ အလှဆင်တယ်။+
၆ ဒါ့အပြင် အိမ်တော်ကို လှပတဲ့ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်တယ်။+ ပါရဝိမ်ပြည်ကထွက်တဲ့ ရွှေနဲ့+ မွမ်းမံတယ်။
၇ အိမ်တော်နဲ့ ထုပ်တန်းတွေ၊ တံခါးခုံတွေ၊ နံရံတွေ၊ တံခါးတွေကို ရွှေချတယ်။+ နံရံတွေပေါ်မှာ ခေရုဗိမ်ရုပ်တွေ ထွင်းထုတယ်။+
၈ ရှောလမုန်က အသန့်ရှင်းဆုံးအခန်းကိုလည်း လုပ်တယ်။+ အခန်းရဲ့အလျားဟာ အိမ်တော်ရဲ့အနံနဲ့ အတူတူပဲ။ အလျား အတောင် ၂၀၊ အနံ အတောင် ၂၀ ရှိတယ်။ အခန်းကို ရွှေစင်တဲလင့်* ၆၀၀ နဲ့ ရွှေချတယ်။+
၉ ရွှေသံချောင်းတွေရဲ့ အလေးချိန်က ရှယ်ကယ်* ၅၀ ရှိတယ်။ အိမ်မိုးအထက်ခန်းတွေကိုလည်း ရွှေချတယ်။
၁၀ အဲဒီနောက် အသန့်ရှင်းဆုံးအခန်းမှာ ထားဖို့ ခေရုဗိမ်နှစ်ရုပ် ထုလုပ်ပြီး ရွှေချတယ်။+
၁၁ ခေရုဗိမ်တွေရဲ့ တောင်ပံက+ နှစ်စုံပေါင်းရင် အတောင် ၂၀ ရှည်တယ်။ ပထမခေရုဗိမ်ရဲ့ တောင်ပံတစ်ဖက်က ၅ တောင်ရှည်ပြီး အိမ်တော်နံရံနဲ့ ထိနေတယ်။ နောက်တောင်ပံတစ်ဖက်လည်း ၅ တောင်ရှည်ပြီး ဒုတိယခေရုဗိမ်ရဲ့ တောင်ပံနဲ့ ထိနေတယ်။
၁၂ ဒုတိယခေရုဗိမ်ရဲ့ တောင်ပံတစ်ဖက်က ၅ တောင်ရှည်ပြီး အိမ်တော်နံရံနဲ့ ထိနေတယ်။ နောက်တောင်ပံတစ်ဖက်လည်း ၅ တောင်ရှည်ပြီး ပထမခေရုဗိမ်ရဲ့တောင်ပံနဲ့ ထိနေတယ်။
၁၃ အဲဒီခေရုဗိမ်တွေရဲ့ ဖြန့်ထားတဲ့တောင်ပံတွေက အတောင် ၂၀ ရှိတယ်။ သူတို့က အတွင်းဘက်ကို* မျက်နှာမူပြီး ရပ်နေတယ်။
၁၄ ဒါ့အပြင် အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ကန့်လန့်ကာ+ ရက်လုပ်တယ်။ အဲဒီကန့်လန့်ကာပေါ်မှာ ခေရုဗိမ်ပုံတွေ ပေါ်အောင် ရက်လုပ်တယ်။+
၁၅ အဲဒီနောက် အိမ်တော်ရှေ့မှာ ၃၅ တောင်မြင့်တဲ့ တိုင်နှစ်တိုင်+ လုပ်တယ်။ တိုင်တစ်တိုင်စီရဲ့ ထိပ်ဖူးက ၅ တောင်မြင့်တယ်။+
၁၆ ဒါ့အပြင် ကြိုးတွေကို ဘယက်ပုံလုပ်ပြီး ထိပ်ဖူးမှာ တပ်တယ်။ သလဲသီး ၁၀၀ ကိုလည်းလုပ်ပြီး အဲဒီကြိုးတွေမှာ ချိတ်ဆွဲလိုက်တယ်။
၁၇ ပြီးတော့ အဲဒီတိုင်တွေကို ဗိမာန်တော်ရှေ့ ညာဘက်မှာ တစ်တိုင်၊ ဘယ်ဘက်မှာ တစ်တိုင် စိုက်ထူလိုက်တယ်။ ညာဘက်တိုင်ကို ယာခိန်၊* ဘယ်ဘက်တိုင်ကို ဗောဇ* လို့နာမည်ပေးတယ်။
အောက်ခြေမှတ်ချက်များ
^ စံသတ်မှတ်ချက်အရ တစ်တောင်က ၄၄.၅ စမ (၁၇.၅ လက်မ) နဲ့ညီ။ “ရှေးအတိုင်းအတာ” ဆိုတာ တစ်တောင်မှာ ၅၁.၈ စမ (၂၀.၄ လက်မ) ရှိတယ်လို့ တချို့ယူဆကြ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ ရှေးလက်ရေးစာမူတချို့မှာ “၁၂၀” လို့ ဖော်ပြပေမဲ့ တခြားလက်ရေးစာမူနဲ့ ဘာသာပြန်ကျမ်းတချို့မှာ “အတောင် ၂၀” လို့ ဖော်ပြထား။
^ တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ သန့်ရှင်းရာအခန်းဘက်ကို။
^ အဓိပ္ပာယ်၊ “[ယေဟောဝါ] အခိုင်အမာတည်စေသား။”
^ “အစွမ်းခွန်အားနဲ့” လို့ ဆိုလိုနိုင်။

