၂ ရာဇဝင်ချုပ် ၂၁:၁-၂၀

  • ယုဒဘုရင် ယဟောရံ (၁-၁၁)

  • ဧလိယဆီက စာတစ်စောင် (၁၂-၁၅)

  • ယဟောရံ ဇာတ်သိမ်းမလှ (၁၆-၂၀)

၂၁  အဲဒီနောက်  ယောရှဖတ် ကွယ်လွန်သွားတဲ့အတွက် သူ့ကို  ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ  သင်္ဂြိုဟ်ကြတယ်။  သားတော် ယဟောရံက ထီးနန်းဆက်ခံတယ်။+ ၂  အစ္စရေးဘုရင် ယောရှဖတ်ရဲ့သားတော် ယဟောရံမှာ အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိလို့ခေါ်တဲ့ ညီတော်တွေရှိတယ်။ ၃  ယောရှဖတ်က သားတော်တွေကို ရွှေငွေတွေ၊ အဖိုးတန်ပစ္စည်းတွေ၊ ယုဒခံတပ်မြို့တွေ ပေးသနားတယ်။+ သားဦး ယဟောရံကိုတော့  ထီးနန်းလွှဲအပ်တယ်။+ ၄  ယဟောရံက ခမည်းတော်ရဲ့နိုင်ငံမှာ အာဏာရလာတဲ့အခါ ညီတော်အားလုံးနဲ့ အစ္စရေးမှူးမတ်တချို့ကို ကွပ်မျက်ပြီး အာဏာတည်မြဲအောင် လုပ်တယ်။+ ၅  သူနန်းထိုင်ချိန်မှာ အသက် ၃၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၈ နှစ် စိုးစံတယ်။+ ၆  ယဟောရံက အာဟပ်ရဲ့သမီးတော်ကို မိဖုရားမြှောက်ထားတဲ့အတွက်+ အာဟပ်အမျိုးတွေလိုပဲ အစ္စရေးဘုရင်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်တယ်။+ ယေဟောဝါရှေ့မှာ  မကောင်းတာကို   ဆက်လုပ်တယ်။ ၇  ဒါပေမဲ့ ယေဟောဝါက ဒါဝိဒ်နဲ့သားမြေးတွေရဲ့ မီးခွက်ကို အမြဲထွန်းလင်းစေမယ်လို့ ကတိပေးထားတဲ့အတွက်+ ဒါဝိဒ်နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကိုထောက်ပြီး+ ဒါဝိဒ်အမျိုးကို  မပျက်စီးစေချင်ဘူး။ ၈  ယဟောရံလက်ထက်မှာ ဧဒုံပြည်က ယုဒနိုင်ငံကို ပုန်ကန်ပြီး+ ဘုရင်တစ်ပါး တင်မြှောက်ကြတယ်။+ ၉  ဒါကြောင့် ယဟောရံက ဗိုလ်ချုပ်တွေကိုခေါ်ပြီး မြင်းရထားတွေနဲ့ စစ်ချီသွားတယ်။ သူနဲ့ မြင်းရထားတပ်မှူးတွေကို လာဝိုင်းတဲ့ ဧဒုံလူတွေကို ညအချိန်မှာ တိုက်ခိုက်အနိုင်ယူလိုက်တယ်။ ၁၀  ဒါပေမဲ့ ဧဒုံပြည်က ယုဒနိုင်ငံကို ဒီနေ့အထိ ပုန်ကန်နေတုန်းပဲ။ အဲဒီအချိန်မှာ လိဗနမြို့ကလည်း+ ပုန်ကန်တယ်။ အကြောင်းကတော့ ယဟောရံက ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို စွန့်ခွာသွားလို့ပဲ။+ ၁၁  ယဟောရံက ယုဒတောင်တန်းတွေမှာ အထွတ်အမြတ်နေရာတွေ+ တည်တဲ့အတွက် ဂျေရုဆလင်မြို့သားတွေက ဘုရားသခင်အပေါ် သစ္စာဖောက်ကုန်တယ်။* ယုဒလူတွေလည်း လမ်းလွဲကုန်တယ်။ ၁၂  နောက်ပိုင်းမှာ ပရောဖက်ဧလိယက+ ယဟောရံဆီ စာတစ်စောင် ရေးပို့တယ်။ စာထဲမှာ “ဘိုးဘေးဒါဝိဒ်ရဲ့ဘုရား ယေဟောဝါပြောတာက ‘မင်းက ယုဒဘုရင်အာသနဲ့+ ခမည်းတော်ယောရှဖတ်ရဲ့+ လမ်းစဉ်အတိုင်း မလိုက်ဘူး။ ၁၃  အစ္စရေးဘုရင်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်ပြီး+ အာဟပ်အမျိုးလုပ်သလိုပဲ+ ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတွေ ငါ့အပေါ် သစ္စာဖောက်အောင်  လုပ်တယ်။*+ မင်းဖခင်ရဲ့  အိမ်သားတွေ၊  မင်းထက်ကောင်းတဲ့ ညီအရင်းတွေကိုတောင် သတ်ပစ်ခဲ့တယ်။+ ၁၄  ဒါကြောင့် ငါယေဟောဝါက  မင်းရဲ့သားမယားတွေ၊ ပြည်သူပြည်သားတွေနဲ့  မင်းပိုင်ဆိုင်သမျှကို အကြီးအကျယ် ဒဏ်ခတ်မယ်။ ၁၅  မင်းက ရောဂါအမျိုးမျိုး ခံစားရလိမ့်မယ်။ တစ်နေ့တခြား ရောဂါပိုဆိုးလာပြီး အူတွေ ထွက်ကျတဲ့အထိ ဖြစ်လိမ့်မယ်’” လို့ရေးထားတယ်။ ၁၆  အဲဒီနောက် အီသီယိုးပီးယားပြည်နားက အာရပ်လူတွေ၊+ ဖိလိတိလူတွေဆီမှာ+ ယဟောရံကို တိုက်ခိုက်ချင်စိတ် ပေါ်လာအောင် ယေဟောဝါ လှုံ့ဆော်လိုက်တယ်။+ ၁၇  ဒါကြောင့် သူတို့က ယုဒပြည်ကို ကျူးကျော်လာပြီး နန်းတော်မှာ တွေ့သမျှ ပစ္စည်းဥစ္စာတွေကို သိမ်းယူသွားတယ်။+ ယဟောရံရဲ့ သားမယားတွေကိုလည်း ဖမ်းခေါ်သွားတယ်။ သားထွေး ယောခတ်တစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။+ ၁၈  အဲဒီနောက် ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် ယဟောရံရဲ့အူမှာ ကုလို့မရတဲ့ရောဂါ စွဲသွားတယ်။+ ၁၉  နှစ်နှစ်စေ့တဲ့အခါ ရောဂါပိုဆိုးလာပြီး အူတွေ ထွက်ကျလာတယ်။ ဝေဒနာအလူးအလဲခံစားရင်း သူသေဆုံးသွားတယ်။ လူတွေက ဘိုးဘေးတွေရဲ့စျာပနမှာ မီးရှို့အခမ်းအနား* လုပ်ပေးပေမဲ့ သူ့အတွက်တော့ မလုပ်ပေးကြဘူး။+ ၂၀  ယဟောရံက အသက် ၃၂ နှစ်မှာ နန်းထိုင်ပြီး ဂျေရုဆလင်မြို့မှာ ၈ နှစ် စိုးစံတယ်။ သူသေတော့ ဘယ်သူမှ ဝမ်းမနည်းကြဘူး။ သူ့ကို ဒါဝိဒ်မြို့မှာ သင်္ဂြိုဟ်ပေမဲ့+ ဘုရင့်သင်္ချိုင်းမှာတော့ မသင်္ဂြိုဟ်ကြဘူး။+

အောက်ခြေမှတ်ချက်များ

မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။
အမွှေးနံ့သာတွေ မီးရှို့တာဖြစ်။