၂ ရာဇဝင်ချုပ် ၁၅:၁-၁၉
-
အာသ ပြုပြင်ပြောင်းလဲမှု လုပ် (၁-၁၉)
၁၅ သြဒက်ရဲ့သား အာဇရိအပေါ် ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လာတယ်။
၂ ဒါနဲ့ သူက အာသနဲ့ တွေ့ဖို့ ထွက်လာပြီး “မင်းကြီး၊ နားထောင်ပါ။ ယုဒအမျိုးသား၊ ဗင်ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေဟောဝါဘုရားဘက်မှာ ခင်ဗျားတို့ ရှိနေသရွေ့ ဘုရားကလည်း ခင်ဗျားတို့ဘက်မှာ ရှိနေမယ်။+ ဘုရားကို ရှာဖွေမယ်ဆိုရင် အတွေ့ခံမယ်။+ ဘုရားကို စွန့်ခွာမယ်ဆိုရင်တော့ ဘုရားကလည်း ခင်ဗျားတို့ကို စွန့်ခွာမယ်။+
၃ အစ္စရေးပြည်မှာ စစ်မှန်တဲ့ဘုရားသခင် မရှိတာ၊ သွန်သင်ပေးမယ့် ပုရောဟိတ် မရှိတာ၊ ပညတ်တရား မရှိတာ အတော်ကြာခဲ့ပြီ။+
၄ ဒါပေမဲ့ သူတို့ဒုက္ခရောက်တဲ့အခါ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်လှည့်လာပြီး ဘုရားကို ရှာဖွေတဲ့အတွက် ဘုရားလည်း အတွေ့ခံခဲ့တယ်။+
၅ အဲဒီတုန်းက အစ္စရေးနယ်မြေ အသီးသီးမှာ မငြိမ်မသက်ဖြစ်နေလို့ ဘယ်သူမှ အေးအေးဆေးဆေး ခရီးမသွားရဲဘူး။
၆ ဘုရားသခင်က ဘေးဒုက္ခအမျိုးမျိုး ကြုံစေပြီး မငြိမ်မသက် ဖြစ်စေတဲ့အတွက် တစ်နွယ်နဲ့တစ်နွယ်၊ တစ်မြို့နဲ့တစ်မြို့ တိုက်ခိုက်ချေမှုန်းကြတယ်။+
၇ ခင်ဗျားတို့ကတော့ သတ္တိရှိကြပါ။ စိတ်မပျက်ပါနဲ့။+ ခင်ဗျားတို့ရဲ့ လုပ်ရပ်အတွက် အကျိုးခံစားရမှာပါ” လို့ပြောတယ်။
၈ အာသက အာဇရိရဲ့စကားနဲ့ ပရောဖက်သြဒက်ရဲ့ ပရောဖက်ပြုချက်ကို ကြားတဲ့အခါ အားတက်လာတယ်။ ပြီးတော့ ယုဒနဲ့ ဗင်ယာမိန်နယ်မြေတွေ၊ သူသိမ်းယူခဲ့တဲ့ ဧဖရိမ်တောင်တန်းဒေသက မြို့တွေမှာရှိတဲ့ ရွံရှာဖွယ်ရုပ်တုတွေကို ဖယ်ရှားတယ်။+ ယေဟောဝါရဲ့ အိမ်တော် မုခ်ဦးရှေ့က ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ကိုလည်း ပြုပြင်တယ်။+
၉ အဲဒီနောက် ယုဒအမျိုးသားတွေနဲ့ ဗင်ယာမိန်အမျိုးသားတွေကိုရော ဧဖရိမ်နယ်မြေ၊ မနာရှေနယ်မြေ၊ ရှိမောင်နယ်မြေမှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေကိုပါ+ စုရုံးလိုက်တယ်။ အာသမင်းနဲ့အတူ ယေဟောဝါဘုရား ရှိနေမှန်း သိသွားတဲ့အခါ တိုင်းတစ်ပါးသား အမြောက်အမြားလည်း အစ္စရေးပြည်ကနေ ထွက်လာပြီး သူနဲ့ လာပူးပေါင်းကြတယ်။
၁၀ အာသနန်းစံ ၁၅ နှစ်မြောက်၊ ၃ လပိုင်းမှာ သူတို့အားလုံး ဂျေရုဆလင်မြို့မှာ စုဝေးကြတယ်။
၁၁ သူတို့ယူလာတဲ့ တိုက်ရာပါဥစ္စာတွေထဲက နွား ၇၀၀ နဲ့ သိုး ၇,၀၀၀ ကို အဲဒီနေ့မှာ ယေဟောဝါဆီ ပူဇော်ကြတယ်။
၁၂ ဒါ့အပြင် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ရှာဖွေမယ်လို့ ကတိသစ္စာပြုကြတယ်။+
၁၃ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို မရှာဖွေတဲ့ လူကြီးလူငယ်၊ ယောက်ျားမိန်းမ ဘယ်သူမဆို ကွပ်မျက်ခံရမှာ ဖြစ်တယ်။+
၁၄ သူတို့က ယေဟောဝါဆီ အသံကျယ်ကျယ်နဲ့ သစ္စာဆိုပြီးနောက် ခရာတွေ၊ တံပိုးတွေ မှုတ်ပြီး ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြတယ်။
၁၅ အဲဒီလို သစ္စာဆိုရတဲ့အတွက် ယုဒလူတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ သူတို့က စိတ်နှလုံးအကြွင်းမဲ့ သစ္စာဆိုပြီး ဘုရားသခင်ကို အားတက်သရော ရှာဖွေကြတဲ့အတွက် ဘုရားကလည်း အတွေ့ခံတယ်။+ ယေဟောဝါက အရပ်ရပ်မှာ ဆက်ပြီး ငြိမ်သက်အေးချမ်းစေတယ်။+
၁၆ အာသက အဘွားမာခါကိုတောင်+ မယ်တော်ကြီးရာထူးကနေ ဖယ်ရှားတယ်။ မာခါက ညစ်ညမ်းတဲ့ ရုပ်တုတစ်ခုလုပ်ပြီး ကိုးကွယ်ရာသစ်တိုင်ကို* ကိုးကွယ်လို့ပဲ။+ အဲဒီညစ်ညမ်းတဲ့ ရုပ်တုကိုလည်း ဖြိုဖျက်ခြေမွှပြီး ကိဒြိုန်ချိုင့်ဝှမ်းမှာ မီးရှို့လိုက်တယ်။+
၁၇ အထွတ်အမြတ်နေရာတွေကတော့ အစ္စရေးပြည်မှာရှိနေတုန်းပဲ။+ အာသက ဘုရားသခင်ကို တစ်သက်လုံး စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုခဲ့တယ်။+
၁၈ သူနဲ့ ခမည်းတော် ဆက်ကပ်ထားတဲ့* ရွှေထည်ငွေထည်နဲ့ အသုံးအဆောင် အမျိုးမျိုးကို ဘုရားသခင့်အိမ်တော်ထဲ သွင်းထားတယ်။+
၁၉ အာသနန်းစံ ၃၅ နှစ်အထိ စစ်မှုမရှိဘူး။+

