၂ ဘုရင်များ ၂၄:၁-၂၀
၂၄ ယောယကိမ်မင်း လက်ထက်မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက+ ယုဒပြည်ကို လာတိုက်တယ်။ ယောယကိမ်က သုံးနှစ် လက်အောက်ခံပြီး နောက်ပိုင်းမှာ တော်လှန်ပုန်ကန်တယ်။
၂ ယေဟောဝါက ယောယကိမ်ကို နှောင့်ယှက်ဖို့ ခါလဒဲ၊+ ဆီးရီးယား၊ မောဘနဲ့ အမ္မုန်လူမျိုး တိုက်ခိုက်လုယက်တဲ့ အဖွဲ့တွေကို စေလွှတ်တယ်။ ကျွန်ဖြစ်သူ ပရောဖက်တွေကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း+ ယုဒပြည်ကို တိုက်ခိုက်ဖျက်ဆီးဖို့ အဲဒီအဖွဲ့တွေကို အကြိမ်ကြိမ် စေလွှတ်တယ်။
၃ မနာရှေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကြောင့်+ ယုဒပြည်မှာရှိတဲ့လူတွေကို ရှေ့တော်ကနေ ဖယ်ရှားပစ်ချင်လို့+ ဒါတွေကြုံရအောင် ယေဟောဝါ စီရင်ခဲ့တာပဲ။
၄ အပြစ်မဲ့သူတွေကို သတ်ပြီး ဂျေရုဆလင်မြို့မှာ သွေးချောင်းစီးအောင်+ လုပ်ခဲ့လို့လည်း ပါတယ်။ သူ့ကို ယေဟောဝါ ခွင့်မလွှတ်ဘူး။+
၅ ယောယကိမ်ရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။+
၆ နောက်ပိုင်းမှာ ယောယကိမ် ကွယ်လွန်သွားတဲ့အတွက်+ သားတော်ယေခေါနိက ထီးနန်းဆက်ခံတယ်။
၇ ဗာဗုလုန်ဘုရင်က အီဂျစ်ချောင်းကနေ+ ယူဖရေးတီးမြစ်အထိ+ အီဂျစ်ရဲ့ ပိုင်နက်တစ်ခုလုံးကို သိမ်းပိုက်လိုက်တဲ့အတွက် အီဂျစ်ဘုရင်က စစ်ချီမထွက်တော့ဘူး။+
၈ ယေခေါနိ+ နန်းတက်ချိန်မှာအသက် ၁၈ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ သုံးလစိုးစံတယ်။+ မယ်တော်က ဂျေရုဆလင်မြို့သား ဧလနာသန်ရဲ့သမီး နဟုတ်တလို့ ခေါ်တယ်။
၉ ယေခေါနိမင်းက ခမည်းတော်လိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။
၁၀ အဲဒီအတောအတွင်းမှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ မင်းမှုထမ်းတွေက ဂျေရုဆလင်မြို့ကို ချီတက်ပြီး ဝိုင်းထားတယ်။+
၁၁ အဲဒီလိုဝိုင်းထားချိန်မှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုယ်တိုင် ရောက်လာတယ်။
၁၂ ယုဒဘုရင် ယေခေါနိက မယ်တော်၊ မင်းမှုထမ်းတွေ၊ မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေနဲ့အတူ+ ဗာဗုလုန်ဘုရင်ဆီ+ ထွက်လာပြီး အညံ့ခံတယ်။ ဗာဗုလုန်ဘုရင်က နန်းစံရှစ်နှစ်မှာ ယေခေါနိကို သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+
၁၃ ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်မှာရှိတဲ့ ဘဏ္ဍာအားလုံးကို သိမ်းသွားတယ်။+ ယေဟောဝါရဲ့ ဗိမာန်တော်မှာသုံးဖို့ အစ္စရေးဘုရင် ရှောလမုန်လုပ်ခဲ့တဲ့ ရွှေထည်အသုံးအဆောင်တွေကို အပိုင်းပိုင်းဖြတ်ပြီး သယ်သွားတယ်။+ ယေဟောဝါ ကြိုပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။
၁၄ ဗာဗုလုန်ဘုရင်က ဂျေရုဆလင်မြို့သားတွေ၊ မင်းညီမင်းသားတွေ၊+ ခွန်အားကြီးစစ်သည်တွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေ*+ စုစုပေါင်းလူ ၁၀,၀၀၀ ကို ဖမ်းခေါ်သွားတယ်။ ဆင်းရဲမွဲတေနေသူတွေကိုတော့ ချန်ခဲ့တယ်။+
၁၅ ယေခေါနိကို+ ဗာဗုလုန်ဆီ ဖမ်းခေါ်သွားတယ်။+ မယ်တော်နဲ့ မိဖုရားတွေ၊ နန်းတွင်းအရာရှိတွေ၊ တိုင်းပြည်ရဲ့ အထင်ကရပုဂ္ဂိုလ်တွေကိုလည်း ဂျေရုဆလင်မြို့ကနေ ဖမ်းခေါ်သွားတယ်။
၁၆ စစ်သည် ၇,၀၀၀၊ လက်မှုပညာသည်နဲ့ ပန်းပဲဆရာ* ၁,၀၀၀ ကို ပြည်နှင်ခံအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့အားလုံးဟာ ခွန်အားကြီးပြီး စစ်ရေးကျွမ်းကျင်သူတွေပဲ။
၁၇ ဗာဗုလုန်ဘုရင်က ယေခေါနိရဲ့ ဘထွေးတော် မသနိကို+ ဇေဒကိလို့ နာမည်ပြောင်းပြီး မင်းမြှောက်လိုက်တယ်။+
၁၈ ဇေဒကိက နန်းတက်ချိန်မှာ အသက် ၂၁ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၁ နှစ်စိုးစံတယ်။ မယ်တော်က လိဗနမြို့သား ယေရမိရဲ့သမီး ဟာမုတာလ လို့ခေါ်တယ်။+
၁၉ ဇေဒကိက ယောယကိမ်လိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။+
၂၀ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်ဟာ ယေဟောဝါရဲ့ အမျက်တော်ကြောင့် ဒါတွေကြုံတွေ့ရတာပဲ။ နောက်ဆုံး ရှေ့တော်ကနေ ဖယ်ရှားခံခဲ့ရတယ်။+ ဇေဒကိလည်း ဗာဗုလုန်ဘုရင်ကို ပုန်ကန်တယ်။+

