ယေရမိ ၃၂:၁-၄၄

  • ယေရမိ လယ်တစ်ကွက်ဝယ် (၁-၁၅)

  • ယေရမိရဲ့ ဆုတောင်းချက် (၁၆-၂၅)

  • ယေဟောဝါရဲ့ ဖြေကြားချက် (၂၆-၄၄)

၃၂  နေဗုခဒ်နေဇာနန်းစံ ၁၈ နှစ်၊ ယုဒဘုရင် ဇေဒကိနန်းစံ ၁၀ နှစ်မှာ ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။+ ၂  အဲဒီအချိန်မှာ ဂျေရုဆလင်ကို ဗာဗုလုန်တပ်တွေ ဝိုင်းထားတယ်။ ပရောဖက်ယေရမိကတော့ ယုဒဘုရင်ရဲ့ နန်းတော်ထဲက အစောင့်ရင်ပြင်မှာ+ အချုပ်ကျနေရတယ်။ ၃  ယုဒဘုရင်ဇေဒကိက ယေရမိကို “‘ယေဟောဝါ ပြောတယ်– “ဒီမြို့ကို ဗာဗုလုန်ဘုရင်လက်ထဲ ငါအပ်မယ်။ မြို့ကို သူသိမ်းပိုက်လိမ့်မယ်။+ ၄  ယုဒဘုရင်ဇေဒကိက ခါလဒဲလူတွေလက်ကနေ လွတ်မှာ မဟုတ်ဘူး။ ဗာဗုလုန်ဘုရင်လက်ထဲ ကျိန်းသေ ရောက်သွားလိမ့်မယ်။ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး စကားပြောရလိမ့်မယ်” ဆိုပြီး မင်း ဘာလို့ ပရောဖက်ပြုရတာလဲ။’+ ၅  ‘သူက ဇေဒကိကို ဗာဗုလုန်ကို ခေါ်သွားလိမ့်မယ်။ ဇေဒကိဟာ ငါဒဏ်ပေးမယ့်အချိန်အထိ အဲဒီမှာ ဆက်နေရလိမ့်မယ်။ ခါလဒဲလူတွေကို တိုက်ရင်လည်း မင်းတို့ အောင်မြင်မှာ မဟုတ်ဘူး။+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ’ ဆိုပြီး မင်း ဘာလို့ ပရောဖက်ပြုရတာလဲ” လို့ပြောပြီး ယေရမိကို ချုပ်ထားလိုက်တာ။+ ၆  ယေရမိ ပြောတယ်– “ယေဟောဝါဘုရားက၊ ၇  ‘မင်းရဲ့ဘထွေး ရှလုံရဲ့သား ဟာနမေလ ရောက်လာပြီး “မင်းဟာ ပြန်ဝယ်ယူခွင့်ရှိသူဆိုတော့+ အာနသုတ်မြို့မှာရှိတဲ့ ငါ့ရဲ့လယ်ကို ဝယ်လိုက်ပါ”+ လို့ပြောလိမ့်မယ်’ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။” ၈  ယေဟောဝါ ပြောတဲ့အတိုင်း ဘထွေးရဲ့သား ဟာနမေလက ကျွန်တော်ရှိတဲ့ အစောင့်ရင်ပြင်ကို ရောက်လာပြီး “ဗင်ယာမိန်နယ်မြေ၊ အာနသုတ်မြို့မှာရှိတဲ့ ငါ့ရဲ့လယ်ကို ဝယ်လိုက်ပါလား။ မင်းဟာ ပိုင်ဆိုင်ခွင့်ရှိသူ၊ ပြန်ဝယ်ယူခွင့်ရှိသူဆိုတော့ မင်းပဲ ဝယ်လိုက်ပါ” လို့ပြောတယ်။ ယေဟောဝါ ပြောတဲ့အတိုင်း ဖြစ်လာမှန်း ကျွန်တော် သိလိုက်တယ်။ ၉  ဒါကြောင့် ကျွန်တော်က အာနသုတ်မြို့မှာရှိတဲ့ လယ်ကို ဘထွေးရဲ့သား ဟာနမေလဆီကနေ ဝယ်ပြီး ခုနစ်ရှယ်ကယ်နဲ့* ငွေစဆယ်စ ချိန်ပေးလိုက်တယ်။+ ၁၀  သက်သေတွေရှေ့မှာ+ စာချုပ်ချုပ်၊+ တံဆိပ်ခတ်ပြီး ပိတ်လိုက်တယ်။ ငွေကိုလည်း ချိန်ခွင်နဲ့ ချိန်ပေးတယ်။ ၁၁  အဲဒီနောက် ပညတ်ချက်အတိုင်း၊ တရားဥပဒေ တောင်းဆိုချက်အတိုင်း တံဆိပ်ခတ်ထားတဲ့ အရောင်းအဝယ်စာချုပ်နဲ့ တံဆိပ်မခတ်ထားတဲ့ စာချုပ်ကို ကျွန်တော် ယူတယ်။ ၁၂  ပြီးတော့ ဘထွေးရဲ့သား ဟာနမေလရှေ့၊ စာချုပ်မှာ လက်မှတ်ထိုးတဲ့ သက်သေတွေရှေ့၊ အစောင့်ရင်ပြင်မှာ+ ထိုင်နေတဲ့ ဂျူးတွေရှေ့မှာ အဲဒီစာချုပ်ကို မာရှိယရဲ့မြေး၊ နေရိယရဲ့သား+ ဗာရုတ်ကို+ ပေးလိုက်တယ်။ ၁၃  သူတို့ရှေ့မှာ ဗာရုတ်ကို ကျွန်တော် ပြောတယ်– ၁၄  “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘တံဆိပ်ခတ်ထားတဲ့ ဒီစာချုပ်ကိုရော တံဆိပ်မခတ်ထားတဲ့ စာချုပ်ကိုပါ ယူပြီး မြေအိုးထဲ ထည့်ထားပါ။ ဒါမှ နှစ်ပေါင်းများစွာ မပျက်စီးဘဲ ရှိနေလိမ့်မယ်။ ၁၅  ဘာလို့လဲဆိုတော့ ဒီပြည်မှာ အိမ်တွေ၊ လယ်တွေ၊ စပျစ်ခြံတွေကို ရောင်းဝယ်ကြဦးမှာ’ ဆိုပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။”+ ၁၆  နေရိယရဲ့သား ဗာရုတ်ကိုအရောင်းအဝယ်စာချုပ် ပေးပြီးတဲ့နောက် ယေဟောဝါဆီ ကျွန်တော် ဆုတောင်းတယ်– ၁၇  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်က ကောင်းကင်နဲ့ မြေကြီးကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ဖန်ဆင်းခဲ့တယ်။+ ကိုယ်တော် မတတ်နိုင်တာ ဘာတစ်ခုမှ မရှိပါဘူး။ ၁၈  ကိုယ်တော်ဟာ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြပေမဲ့ ဖခင်ရဲ့အပြစ်အတွက် သားတွေဆီ ပြန်ဆပ်ပေးတဲ့အရှင်ပါ။+ စစ်မှန်တဲ့ဘုရားသခင်၊ ကြီးမြတ်ပြီး တန်ခိုးကြီးတဲ့အရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့နာမည်ကို ပိုင်ဆိုင်တဲ့သူပါ။ ၁၉  ဉာဏ်ကြီးရှင်၊ တန်ခိုးကြီးလုပ်ရပ်တွေ+ လုပ်ဆောင်တဲ့အရှင်၊ လူတွေရဲ့လမ်းစဉ်အားလုံးကို ကြည့်ရှုပြီး+ တစ်ယောက်စီကို သူ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေအတိုင်း ပြန်ဆပ်ပေးတဲ့အရှင်ပါ။+ ၂၀  ကိုယ်တော်ဟာ အီဂျစ်ပြည်မှာ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီအကြောင်းကို လူတွေ အခုထိ သိနေတုန်းပဲ။ အစ္စရေးပြည်မှာ၊ လူတွေအလယ်မှာ အခုလို နာမတော် ထင်ရှားစေခဲ့ပြီ။+ ၂၁  ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ၊ ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေ လုပ်ဆောင်ပြီး အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့ လက်ရုံးနဲ့ လူမျိုးတော်အစ္စရေးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တယ်။+ ၂၂  “အချိန်တန်တော့ ကိုယ်တော်က ဘိုးဘေးတွေကိုပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်၊+ နို့နဲ့ပျားရည်စီးတဲ့ ဒီပြည်ကို သူတို့ကို ပေးခဲ့တယ်။+ ၂၃  သူတို့ ဝင်ရောက်လာပြီး ဒီပြည်ကို အပိုင်ရခဲ့တယ်။ ဒါပေမဲ့ အမိန့်တော်ကို သူတို့ မနာခံခဲ့ဘူး။ ပညတ်အတိုင်း မလိုက်လျှောက်ခဲ့ဘူး။ လုပ်ပါလို့ မိန့်မှာထားတဲ့အရာအားလုံးကို မလုပ်ဆောင်ခဲ့ဘူး။ ဒါကြောင့် ဒီဘေးဆိုးတွေကို ကိုယ်တော် ကျရောက်စေခဲ့တာပါ။+ ၂၄  လူတွေက မြို့ကိုသိမ်းပိုက်ဖို့ ထိုးစစ်ကုန်းရိုးတွေ တည်ဆောက်နေတယ်။+ ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးကြောင့်+ ဒီမြို့ဟာ တိုက်ခိုက်နေတဲ့ ခါလဒဲလူတွေလက်ထဲ ရောက်သွားလိမ့်မယ်။ ကိုယ်တော်ပြောခဲ့သမျှ ဖြစ်နေပြီ။ ကိုယ်တော် မြင်တဲ့အတိုင်းပါပဲ။ ၂၅  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ဒီမြို့ဟာ ခါလဒဲလူတွေလက်ထဲ ရောက်သွားမှာ ဖြစ်လျက်နဲ့ ‘သက်သေတွေရှေ့မှာ ငွေပေးပြီး လယ်ကိုဝယ်ပါ’ လို့ ကိုယ်တော် ပြောနေပါလား။” ၂၆  အဲဒီအခါ ယေဟောဝါက ယေရမိကို မှာတယ်– ၂၇  “ငါဟာ လူသားအားလုံးရဲ့ ဘုရားသခင် ယေဟောဝါပဲ။ ငါမတတ်နိုင်တာ ရှိလို့လား။ ၂၈  ဒါကြောင့် ငါယေဟောဝါ ပြောမယ်– ‘ဒီမြို့ကို ခါလဒဲလူတွေလက်ထဲ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။ မြို့ကို သူသိမ်းပိုက်လိမ့်မယ်။+ ၂၉  တိုက်ခိုက်နေတဲ့ ခါလဒဲလူတွေ ဝင်လာပြီး မြို့ကို မီးရှို့လိမ့်မယ်။+ အိမ်မိုးပေါ်မှာ ဗာလဆီ ယဇ်ပူဇော်ရုံမက တခြားဘုရားတွေဆီ သွန်းလောင်းရာအလှူတွေ ပူဇော်ပြီး ငါ့ကိုစိတ်ဆိုးအောင် လုပ်ခဲ့ကြတဲ့ လူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့လိမ့်မယ်။’+ ၃၀  “‘အစ္စရေးနဲ့ ယုဒလူတွေဟာ ငယ်ငယ်ကတည်းက ငါ့ရှေ့မှာ မကောင်းတာကိုပဲ လုပ်နေတယ်။+ အစ္စရေးတွေက ကိုယ့်လက်နဲ့လုပ်တဲ့အရာတွေနဲ့ ငါစိတ်ဆိုးအောင် အမြဲလုပ်ခဲ့ကြတယ်’ လို့ ယေဟောဝါပြောတယ်။ ၃၁  ‘ဒီမြို့ဟာ တည်ဆောက်တဲ့နေ့ကစပြီး ဒီနေ့အထိ ငါစိတ်ဆိုးအောင်၊ ဒေါသထွက်အောင် လုပ်တယ်။+ ဒါကြောင့် ဒီမြို့ကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်။+ ၃၂  အစ္စရေးနဲ့ ယုဒလူတွေလုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီမြို့ကို ငါဖယ်ရှားမယ်။ ဘုရင်တွေ၊+ မင်းညီမင်းသားတွေ၊+ ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊+ ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေက ငါ့ကို အမျက်ထွက်စေခဲ့တယ်။ ၃၃  ငါ့ကိုမျက်နှာပြုမယ့်အစား ကျောခိုင်းထားကြတယ်။+ သူတို့ကို သင်ပေးဖို့ ငါအကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ တစ်ယောက်မှ နားမထောင်ဘူး။ ဆုံးမစကားကို လက်မခံဘူး။+ ၃၄  ငါ့နာမည်ခံယူထားတဲ့ အိမ်တော် ညစ်ညူးအောင် ရွံရှာဖွယ်ရုပ်တုတွေကို အဲဒီမှာ ထားကြတယ်။+ ၃၅  အဲဒီအပြင် ဟိန်နုံသားရဲ့ချိုင့်ဝှမ်းမှာ+ ဗာလအတွက် အထွတ်အမြတ်နေရာတွေ တည်ဆောက်ပြီး သားသမီးတွေကို မောလုတ်ဘုရားဆီ+ မီးရှို့ပူဇော်ကြတယ်။ အဲဒီလိုလုပ်ဖို့ ငါမမိန့်မှာခဲ့ဘူး။+ ယုဒလူတွေအပေါ် အပြစ်ရောက်စေမယ့် ဒီလိုရွံမုန်းဖွယ်ရာတွေ လုပ်ခိုင်းဖို့ ငါ စဉ်းတောင် မစဉ်းစားဖူးဘူး။’ ၃၆  “ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကြောင့် ဗာဗုလုန်ဘုရင်လက်ထဲ ကျရောက်သွားမယ်လို့ မင်းတို့ပြောနေတဲ့ ဒီမြို့နဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ၃၇  ‘ငါက သူတို့ကို အမျက်ဒေါသ၊ ပြင်းထန်တဲ့ဒေါသနဲ့ တကွဲတပြားဖြစ်စေခဲ့ပေမဲ့ အဲဒီပြည်တွေကနေ ပြန်စုသိမ်းမယ်။+ ဒီနေရာကို ပြန်ခေါ်လာပြီး ဘေးကင်းလုံခြုံစွာ နေထိုင်စေမယ်။+ ၃၈  သူတို့က ငါ့လူတွေဖြစ်လာပြီး ငါကလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်လာမယ်။+ ၃၉  ငါ့ကို အမြဲကြောက်ရွံ့စေဖို့ သူတို့ကို စိတ်နှလုံးတစ်မျိုးတည်း၊+ လမ်းစဉ်တစ်မျိုးတည်း ငါပေးမယ်။ ဒါမှ သူတို့ရော သူတို့သားသမီးတွေပါ ကောင်းစားနိုင်မယ်။+ ၄၀  ငါက သူတို့နဲ့ ထာဝရပဋိညာဉ်ကို ဖွဲ့မယ်။+ သူတို့အတွက် ကောင်းမှုမပြုဘဲ မနေဘူး။+ ငါ့ဆီကနေ လမ်းလွဲမသွားအောင် ငါ့ကိုကြောက်ရွံ့တဲ့သဘောကို သူတို့စိတ်ထဲ ထည့်ပေးမယ်။+ ၄၁  သူတို့အတွက် ကောင်းမှုပြုရတာကို ငါအားရ ရွှင်လန်းမယ်။+ ငါက ကိုယ်စွမ်းရှိသမျှ၊ စိတ်စွမ်းရှိသမျှနဲ့ သူတို့ကို ဒီပြည်မှာ အခိုင်အမာ စိုက်ပျိုးမယ်။”+ ၄၂  “ယေဟောဝါ ပြောတာက– ‘ငါက ဒီလူတွေအပေါ် ဘေးဆိုးတွေ ကျရောက်စေခဲ့သလို ကတိပေးထားတဲ့အတိုင်း ကောင်းတဲ့အရာတွေကိုလည်း သက်ရောက်စေမယ်။+ ၄၃  “လူသူတိရစ္ဆာန်မရှိတဲ့ လွင်တီးခေါင် ဖြစ်နေပြီ။ ခါလဒဲလူတွေလက်ထဲ ရောက်သွားပြီ” လို့ မင်းတို့ပြောနေတဲ့ ဒီပြည်မှာ လယ်တွေကို ပြန်ရောင်းဝယ်ကြလိမ့်မယ်။’+ ၄၄  “‘သုံ့ပန်းတွေကို ငါပြန်ခေါ်လာမယ်။+ ဒါကြောင့် ဗင်ယာမိန်နယ်မြေမှာ၊+ ဂျေရုဆလင်ဝန်းကျင်မှာ၊ ယုဒရဲ့မြို့တွေမှာ၊+ တောင်တန်းဒေသက မြို့တွေမှာ၊ မြေနိမ့်ဒေသက မြို့တွေမှာ၊+ တောင်အရပ်က မြို့တွေမှာ လယ်တွေ ရောင်းဝယ်ကြလိမ့်မယ်။ သက်သေတွေရှေ့မှာ အရောင်းအဝယ်စာချုပ်တွေ ချုပ်ပြီး တံဆိပ်ခတ်နှိပ်ကြလိမ့်မယ်။’ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။”

အောက်ခြေမှတ်ချက်များ

တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။