ယေဇကျေလ ၃၇:၁-၂၈

  • အရိုး​ခြောက်​ပြည့်​နေ​တဲ့ ချိုင့်​ဝှမ်း​အကြောင်း စိတ်အာရုံ (၁-၁၄)

  • တုတ်​နှစ်​ချောင်း​ကို ဆက်​ပေး (၁၅-၂၈)

    • လူမျိုး​တစ်​မျိုး​တည်း၊ ဘု​ရင်​တစ်ပါး​တည်း (၂၂)

    • ထာ​ဝ​ရ ငြိမ်း​ချမ်း​ရေး​ပဋိ​ညာဉ် (၂၆)

၃၇  ကျွန်​တော့်​အပေါ် ယေဟောဝါ​ရဲ့​လက်​တော် သက်​ရောက်​လာ​တယ်။ ယေဟောဝါ​က ကျွန်တော့်​ကို စွမ်းအား​တော်​နဲ့​ခေါ်​သွား​ပြီး အရိုး​တွေ​ပြည့်​နေ​တဲ့ ချိုင့်​ဝှမ်း​လွင်​ပြင်​အလယ်မှာ ချ​လိုက်​တယ်။+ ၂  ပြီး​တော့ ကျွန်​တော့်​ကို  အရိုး​တွေ​ပတ်​လည်​မှာ လျှောက်​သွား​ခိုင်း​တယ်။ ချိုင့်​ဝှမ်း​လွင်​ပြင်​မှာ အမြောက်​အမြား​ရှိ​နေ​တဲ့ အရိုး​တွေ​ဟာ ခြောက်​သွေ့​နေ​တာ​ကို တွေ့​လိုက်​ရ​တယ်။+ ၃  ဘု​ရား​သခင်​က “လူ​သား၊ အဲဒီ​အရိုး​တွေ အသက်​ပြန်​ရှင်​နိုင်​မလား” လို့​မေး​တော့ “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ၊ ဒါ​ကို ကိုယ်​တော်​ပဲ သိ​ပါ​တယ်”+ လို့ ကျွန်​တော်​ဖြေလိုက်​တယ်။ ၄  အဲဒီ​အခါ ဘု​ရား​သခင် မိန့်မှာ​တာ​က “ဒီ​အရိုး​တွေ​နဲ့​ပတ်​သက်​ပြီး မင်း ပရော​ဖက်​ပြု​ပါ။ ‘ခြောက်​သွေ့​နေ​တဲ့​အရိုး​တို့၊ ယေဟောဝါ ပြော​တာ​ကို နား​ထောင်​ကြ။ ၅  “‘ဒီ​အရိုး​တွေ​ကို အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “မင်း​တို့​ထဲ ထွက်​သက်​ဝင်​သက်​ကို ငါ​သွင်း​ပေး​မှာ​ဖြစ်​လို့ မင်း​တို့ အသက်​ပြန်​ရှင်​လာ​လိမ့်​မယ်။+ ၆  မင်း​တို့​ကို အရွတ်​တွေ၊ အသား​တွေ​ဖြည့်​ပေး​ပြီး အရေ​ပြား​နဲ့ ဖုံး​ပေး​မယ်။ ထွက်​သက်​ဝင်​သက်​ကို​လည်း သွင်း​ပေး​မယ်။ အဲဒီ​အခါ မင်း​တို့ အသက်​ပြန်​ရှင်​လာ​ပြီး ငါ​ဟာ ယေဟောဝါ​ပဲ​ဆို​တာ သိ​ရ​ကြ​လိမ့်​မယ်။”’” ၇  ကျွန်​တော်​လည်း မိန့်မှာ​ထား​တဲ့​အတိုင်း ပရော​ဖက်​ပြု​တယ်။ ပရော​ဖက်​ပြု​ပြီး​တာ​နဲ့ တ​ချောက်​ချောက် မြည်​သံ​တွေ ထွက်​ပေါ်​လာ​ပြီး အရိုး​တစ်​ခု​နဲ့​တစ်​ခု ဆက်​သွား​တယ်။ ၈  အဲဒီ​နောက် အရိုး​ပေါ်​မှာ အရွတ်​တွေ၊ အသား​တွေ တက်​လာ​ပြီး အရေ​ပြား ဖုံး​သွား​တာ​ကို တွေ့​လိုက်​ရ​တယ်။ အသက်​တော့ မရှူ​သေး​ဘူး။ ၉  အဲဒီ​နောက် ဘု​ရား​သခင်​က “လူ​သား၊ လေ​ကို ပရော​ဖက်​ပြု​လိုက်​ပါ။ ‘အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “အို လေ​တို့၊* ကွပ်​မျက်​ခံ​ရ​တဲ့ ဒီ​လူ​တွေ အသက်​ပြန်​ရှင်​လာ​အောင် သူတို့​အပေါ် အရပ်​လေး​မျက်​နှာ​က​နေ တိုက်​ခတ်​ပါ”’ ဆို​ပြီး လေ​ကို ပရော​ဖက်​ပြု​လိုက်​ပါ” လို့ ကျွန်​တော့်​ကို မှာ​တယ်။ ၁၀  ကျွန်​တော်​လည်း မိန့်မှာ​တဲ့​အ​တိုင်း ပရော​ဖက်​ပြု​တယ်။ အဲဒီ​အခါ အသက်​စွမ်းအား ဝင်​လာ​တဲ့​အတွက် သူတို့ အသက်​ရှင်​လာ​ပြီး ထ​ရပ်​ကြ​တယ်။+ အလုံး​အရင်း​ကြီး ဖြစ်​လာ​တယ်။ ၁၁  အဲဒီ​အခါ ဘု​ရား​သခင်​က “လူ​သား၊ ဒီ​အရိုး​တွေ​ဟာ အစ္စရေး​တစ်​မျိုး​လုံး​ကို ဆိုလို​တယ်။+ သူတို့​က ‘ငါ​တို့​အရိုး​တွေ ခြောက်​သွေ့​နေ​ပြီ။ မျှော်​လင့်​ချက်​လည်း ပျက်​စီး​သွား​ပြီ။+ ငါ​တို့ လုံး​လုံး ပယ်​ရှင်း​ခံ​လိုက်​ရ​ပြီ’ လို့​ပြော​နေ​တယ်။ ၁၂  ဒါ​ကြောင့် သူတို့​ကို ပရော​ဖက်​ပြု​လိုက်​ပါ– ‘အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “ငါ့​လူ​တို့၊ မင်း​တို့​ရဲ့ သင်္ချိုင်း​တွေ​ကို ငါ​ဖွင့်​မယ်။+ မင်း​တို့​ကို သင်္ချိုင်း​ထဲ​က​နေ ခေါ်​ထုတ်​ပြီး အစ္စရေး​ပြည်​ဆီ ခေါ်​ဆောင်​သွား​မယ်။+ ၁၃  ငါ့​လူ​တို့၊ သင်္ချိုင်း​တွေ​ကို​ဖွင့်​ပြီး မင်း​တို့​ကို ငါ​ခေါ်​ထုတ်​လာ​တဲ့​အခါ ငါ​ဟာ ယေဟောဝါ​ပဲ​ဆို​တာ မင်း​တို့​သိ​ရ​လိမ့်​မယ်။”’+ ၁၄  ‘အသက်​စွမ်းအား​ကို မင်း​တို့​ထဲ ငါ​သွင်း​ပေး​မယ်။ အဲဒီ​အခါ မင်း​တို့ အသက်​ပြန်​ရှင်​လာ​မယ်။+ မင်း​တို့​ကို နေ​ရင်း​ပြည်​မှာ ငါ​နေ​ရာ​ချ​ပေး​မယ်။ ငါ​ယေဟောဝါ​ကိုယ်​တိုင် အဲဒီ​လို​ပြော​ပြီး အဲဒီ​အတိုင်း လုပ်​ဆောင်​ခဲ့​မှန်း မင်း​တို့​သိ​ရ​လိမ့်​မယ်။’ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၁၅  အဲဒီ​နောက် ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၁၆  “လူ​သား၊ တုတ်​တစ်​ချောင်း​ယူ​ပြီး အဲဒီ​ပေါ်​မှာ ‘ယုဒ​နဲ့ အတူ​ရှိ​နေ​တဲ့ အစ္စရေးတွေ​အတွက်’+ ဆို​ပြီး​ရေး​ပါ။ တုတ်​နောက်​တစ်​ချောင်း ယူ​ပြီး အဲဒီ​ပေါ်​မှာ ‘ဧ​ဖရိမ်ရဲ့​တုတ်​ချောင်း​ဖြစ်​တဲ့ ယော​သပ်​နဲ့​အ​တူ​ရှိ​နေ​တဲ့​အစ္စရေး တစ်​မျိုး​လုံး​အ​တွက်’+ ဆို​ပြီး ရေး​ပါ။ ၁၇  ပြီး​တော့ အဲဒီ​တုတ်​နှစ်​ချောင်း​ကို တစ်​ချောင်း​တည်း ဖြစ်​သွား​အောင် ပူး​ကိုင်​ထား​လိုက်​ပါ။+ ၁၈  ‘ဒါ ဘာ​ကို​ဆိုလို​တယ်​ဆို​တာ မပြော​ပြတော့​ဘူး​လား’ လို့ လူ​တွေ မေး​လာ​တဲ့​အခါ၊ ၁၉  မင်း​ပြန်​ပြော​လိုက်​ပါ။ ‘အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “ဧ​ဖရိမ်​လက်​ထဲ​က ယော​သပ်​ရဲ့​တုတ်​ချောင်း​ကို ငါ​ယူ​မယ်။ အဲဒီ​တုတ်​ချောင်း​ဟာ ဧ​ဖရိမ်​နဲ့​အတူ​ရှိ​နေ​တဲ့ အစ္စရေး​အနွယ်​တွေ​ကို​လည်း ကိုယ်​စား​ပြု​တယ်။ ငါ​က သူတို့​ကို ယုဒ​ရဲ့​တုတ်​ချောင်း​နဲ့ ဆက်​ပေး​ပြီး တုတ်​တစ်​ချောင်း​တည်း ဖြစ်​စေ​မယ်။+ သူတို့​ဟာ ငါ့​လက်​ထဲ​မှာ တုတ်​တစ်​ချောင်း​တည်း ဖြစ်​ရ​လိမ့်​မယ်။”’ ၂၀  မင်း​ရေး​ထား​တဲ့ တုတ်​ချောင်း​တွေ​ကို သူတို့​မြင်​အောင် ကိုင်​ထား​ပါ။ ၂၁  “ပြီး​တော့ သူတို့​ကို ပြော​လိုက်​ပါ။ ‘အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “အစ္စရေး​လူ​တွေ​ကို သူတို့​ရောက်​သွား​တဲ့ လူမျိုး​ခြား​တွေ​ဆီ​က​နေ ပြန်​ခေါ်​လာ​မယ်။ အရပ်ရပ်​က​နေ ပြန်​စု​စည်း​ပြီး နေ​ရင်း​ပြည်​ဆီ ခေါ်​လာ​မယ်။+ ၂၂  ငါ​က သူတို့​ကို တိုင်း​ပြည်​မှာ​ရော အစ္စရေး​ တောင်​တန်း​တွေ​ပေါ်​မှာ​ပါ လူမျိုး​တစ်​မျိုး​တည်း ဖြစ်​စေ​မယ်။+ သူတို့​ကို​ အုပ်​ချုပ်​မယ့် ဘု​ရင်​လည်း တစ်ပါး​တည်း ရှိ​လိမ့်​မယ်။+ သူတို့​ဟာ လူမျိုး​နှစ်​မျိုး၊ နိုင်​ငံ​နှစ်​နိုင်​ငံ​အဖြစ် ကွဲ​ပြား​နေ​တော့​မှာ မဟုတ်​ဘူး။+ ၂၃  သူတို့​က ရွံ​မုန်း​စ​ရာ​ရုပ်​တု​တွေ၊* ရွံ​စ​ရာ​အကျင့်​တွေ၊ အပြစ်​တွေ​နဲ့ ကိုယ့်​ကိုယ်​ကိုယ် ညစ်​ညူး​စေ​တော့​မှာ မဟုတ်​ဘူး။+ အပြစ်​ကျူး​လွန်​ပြီး သစ္စာ​မဲ့​ခဲ့​တဲ့​အဖြစ်​က​နေ သူတို့​ကို ငါ​ကယ်​တင်​ပြီး သန့်​စင်​ပေး​မယ်။ သူတို့​ဟာ ငါ့​လူ​တွေ​ဖြစ်​လာ​မယ်။ ငါ​က​လည်း သူတို့​ရဲ့​ဘု​ရား​သခင် ဖြစ်​လာ​မယ်။+ ၂၄  “‘“ငါ့​ကျွန်​ဒါဝိဒ်​ဟာ သူတို့​ရဲ့​ဘုရင် ဖြစ်​လာ​မယ်။+ သူတို့​ဆီ​မှာ သိုးထိန်း​တစ်​ယောက်​တည်း ရှိ​လိမ့်​မယ်။+ သူတို့​က ငါ့​တ​ရား​စီ​ရင်​ချက်​တွေ​အတိုင်း လိုက်​လျှောက်​ပြီး ငါ့​ဥ​ပဒေ​တွေ​ကို ဂရု​တ​စိုက် လိုက်​နာ​လိမ့်​မယ်။+ ၂၅  ငါ့​ကျွန်​ယာကုပ်​ကို ငါ​ပေး​ခဲ့​တဲ့​ပြည်၊ ဘိုး​ဘေး​တွေ နေ​ထိုင်​ခဲ့​တဲ့ ပြည်​မှာ သူတို့​နေ​ထိုင်​ရ​လိမ့်​မယ်။+ သူတို့​ရော သား​မြေး​မြစ်​တွေ​ပါ+ အဲဒီ​မှာ ထာ​ဝ​စဉ် နေ​ထိုင်​ရ​လိမ့်​မယ်။+ ငါ့​ကျွန်​ဒါဝိဒ်​ဟာ သူတို့​ရဲ့​ခေါင်း​ဆောင် ထာ​ဝ​စဉ်​ဖြစ်​လိမ့်​မယ်။+ ၂၆  “‘“ငါ​က သူတို့​နဲ့ ငြိမ်း​ချမ်း​ရေး​ပဋိ​ညာဉ် ဖွဲ့​မယ်။+ ဒါ​ဟာ ထာ​ဝ​ရ​ပဋိ​ညာဉ် ဖြစ်​လိမ့်​မယ်။ သူတို့​ကို ငါ​ထူ​ထောင်​ပေး​ပြီး တိုး​များ​စေ​မယ်။+ ငါ့​ရဲ့ သန့်​ရှင်း​ရာ​ဌာန​တော်​ကို သူတို့​ဆီ​မှာ ထာ​ဝ​စဉ် တည်​ရှိ​စေ​မယ်။ ၂၇  ငါ့​တဲ​တော်​က သူတို့​နဲ့​အတူ ရှိ​နေ​လိမ့်​မယ်။ ငါ​ဟာ သူတို့​ရဲ့​ဘု​ရား​သခင် ဖြစ်​လာ​မယ်။ သူတို့​လည်း ငါ့​လူ​တွေ ဖြစ်​လာ​မယ်။+ ၂၈  သန့်​ရှင်း​ရာ​ဌာန​တော်​က အစ္စရေးတွေ​ဆီ​မှာ ထာ​ဝ​စဉ် တည်​ရှိ​နေ​တဲ့​အခါ ငါ​ယေဟောဝါ​ဟာ သူတို့​ကို သန့်​ရှင်း​တဲ့​လူမျိုး​အဖြစ် သီး​ခြား​ခွဲ​ထား​တဲ့​အရှင်​ပဲ​ဆို​တာ လူမျိုး​တွေ သိ​ရ​လိမ့်​မယ်။”’”+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ထွက်​သက်​ဝင်​သက်၊ အသက်​စွမ်းအား။”
မူ​ရင်း​ဟီ​ဘ​ရူး​မှာ “နောက်​ချေး” ဆို​တဲ့​စကား​လုံး​နဲ့ ဆက်​စပ်။