ယေဇကျေလ ၂၂:၁-၃၁

  • သွေး​ပြစ်​သင့်​တဲ့ ဂျေရု​ဆ​လင်​မြို့ (၁-၁၆)

  • အစ္စရေးတွေ အသုံး​မဝင်​တဲ့ ချော်​နဲ့​တူ  (၁၇-၂၂)

  • အစ္စရေးတွေ၊ ခေါင်း​ဆောင်​တွေ​ကို ပြစ်​တင်​ရှုတ်ချ (၂၃-၃၁)

၂၂  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၂  “လူ​သား၊ သွေး​ပြစ်​သင့်​နေ​တဲ့​မြို့​ကို သူ​ခံ​ရ​မယ့် တ​ရား​စီ​ရင်​ချက်​အကြောင်း ကြေ​ညာ​ဖို့၊+ သူ့​ရဲ့ ရွံ​စ​ရာ​အကျင့်​တွေ​ကို အသိ​ပေး​ဖို့ အသင့်​ဖြစ်​ပြီလား။+ ၃  မင်း ပြော​လိုက်​ပါ– ‘အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “အို ဂျေရု​ဆ​လင်​မြို့၊ မင်း​ဆီ​မှာ သွေး​ထွက်​သံ​ယို​မှု​တွေ တွေ့​ရ​တယ်။+ မင်း​က ရွံ​ရှာ​ဖွယ်​ရုပ်​တု​တွေ​နဲ့* ကိုယ့်​ကိုယ်​ကိုယ် ညစ်​ညူး​စေ​တယ်။+ မင်း ပြစ်​ဒဏ်​ခံ​ရ​မယ့်​အချိန် ရောက်​လာ​ပြီ။+ ၄  မင်း​ဟာ လူ​သတ်​မှု​တွေ​ကြောင့် အပြစ်​သင့်​နေ​ပြီ။+ ရွံ​မုန်း​ဖွယ်​ရုပ်​တု​တွေ​ကြောင့် မသန့်​မရှင်း ဖြစ်​နေ​ပြီ။+ မင်း​ရဲ့​ နေ့​ရက်တွေ အမြန်​ကုန်​ဆုံး​အောင် မင်း​လုပ်​နေ​တယ်။ မင်း​ရဲ့​ နှစ်​တွေ ကုန်​ဆုံး​တော့​မယ်။ ဒါ​ကြောင့် မင်း​ကို လူမျိုး​ခြား​တွေ ကဲ့​ရဲ့​ရှုတ်​ချ​စ​ရာ၊ တိုင်း​နိုင်​ငံ​တွေ လှောင်​ပြောင်​စရာ​ ဖြစ်​အောင် ငါ​လုပ်​မယ်။+ ၅  ရပ်​နီး​ရပ်​ဝေး​က တိုင်း​နိုင်​ငံ​တွေ​ဟာ နာ​မည်​ဆိုး​ရှိ​တဲ့၊ ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​နေ​တဲ့ မင်း​ကို လှောင်​ပြောင်​လိမ့်​မယ်။+ ၆  အစ္စရေး​ခေါင်း​ဆောင်​တွေ အာ​ဏာ​သုံး​ပြီး လူ​သတ်​နေ​တယ်။+ ၇  လူ​တွေ ကိုယ့်​မိ​ဘ​ကို မထီ​လေး​စား ဆက်ဆံ​တယ်။+ တိုင်း​တစ်ပါး​သား​ကို ဖြတ်​စား​လျှပ်​စား လုပ်​တယ်။ မိ​ဘ​မဲ့၊ မု​ဆိုး​မကို အနိုင်​ကျင့်​တယ်။””+ ၈  “‘ငါ့​ရဲ့ သန့်​ရှင်း​ရာ​အရပ်တွေ​ကို မင်း မထီ​လေး​စား​လုပ်​တယ်။ ဥ​ပုသ်​နေ့​တွေ​ကို ညစ်​ညူး​စေ​တယ်။+ ၉  သူ​တစ်ပါး​ကို သေကြောင်း​ကြံ​ဖို့ အသရေ​ဖျက်​တဲ့​သူ​တွေ မင်း​အလယ်​မှာ ရှိ​နေ​တယ်။+ သူတို့​က တောင်​တန်း​တွေ​ပေါ်​မှာ​ပူ​ဇော်​တဲ့ ယဇ်​ကောင်​တွေ​ကို စား​တယ်။ ညစ်​ညမ်း​တဲ့​အကျင့်​တွေ ကျင့်​နေ​တယ်။+ ၁၀  မင်း​အလယ်​မှာ သူတို့​က အဖေရဲ့​အိပ်​ရာ​ကို ရှုတ်​ချ​တယ်။+ ရာ​သီ​လာလို့ မသန့်​မရှင်း​ဖြစ်​နေ​တဲ့​မိန်း​မနဲ့ အတူ​အိပ်​တယ်။+ ၁၁  မင်း​ဆီ​မှာ တစ်​ယောက်​က အိမ်​နီး​ချင်း​ရဲ့​မိန်း​မနဲ့ ဖောက်​ပြန်​တယ်။+ နောက်​တစ်​ယောက်​က ညစ်​ညမ်း​တဲ့​အကျင့် ကျင့်​ပြီး ချွေး​မ​ကို ညစ်​ညူး​စေ​တယ်။+ နောက်​တစ်​ယောက်​က အဖေတူ​အမေကွဲ နှ​မကို စော်​ကား​တယ်။+ ၁၂  သူတို့​က လာဘ်​စား​ပြီး လူ​သတ်​ကြ​တယ်။+ မင်း​က ငွေ​တိုး​စား​တယ်။+ အမြတ်​ကြီး​စား​တယ်။ အိမ်​နီး​ချင်း​ဆီ​က​နေ ငွေ​ညှစ်​တယ်။+ မင်း ငါ့​ကို လုံး​ဝ​မေ့​သွား​ပြီ’ လို့ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တယ်။ ၁၃  “‘မင်း​အလယ်​မှာ မသမာ​နည်း​နဲ့ စီး​ပွား​ရှာ​နေ​တာ​တွေ၊ သွေး​ထွက်​သံ​ယို​မှု​တွေ​ကို ရွံ​လွန်း​လို့ ငါ​လက်​ခုပ်​တီး​မယ်။ ၁၄  ငါ​အရေး​ယူ​တဲ့​နေ့​မှာ မင်း သတ္တိ​ရှိ​ပါ​ဦး​မလား။ မင်း​လက်​တွေ ခိုင်​ပါ​ဦး​မလား။+ ငါ​ယေဟောဝါ​ကိုယ်​တိုင် ပြော​ပြီး ပြော​တဲ့​အတိုင်း လုပ်​ဆောင်​မယ်။ ၁၅  မင်း​ကို လူမျိုး​ခြား​တွေ​အလယ်​မှာ ငါ​ကွဲ​လွင့်​စေ​မယ်။ တိုင်း​ပြည်​တွေ​အလယ်​မှာ တ​ကွဲ​တ​ပြား ဖြစ်​စေ​မယ်။+ မင်း​ရဲ့ မသန့်​ရှင်း​မှု​ကို အဆုံး​သတ်​လိုက်​မယ်။+ ၁၆  လူမျိုး​ခြား​တွေ​ရှေ့​မှာ မင်း အရှက်​ခွဲ​ခံ​ရ​လိမ့်​မယ်။ ငါ​ဟာ ယေဟောဝါ​ပဲ​ဆို​တာ မင်း သိ​ရ​လိမ့်​မယ်။’”+ ၁၇  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၁၈  “လူ​သား၊ အစ္စရေးတွေ​ဟာ ငါ့​အတွက် အသုံး​မဝင်​တဲ့ ချော်​လို​ပဲ။* မီး​ဖို​ထဲ​က ကြေး​နီ၊ ခဲ​မဖြူ၊ သံ​နဲ့ ခဲ​တွေ​ပဲ။ ငွေ​ကို​စစ်​တဲ့​အခါ ထွက်​လာ​တဲ့ ချော်တွေ​ပဲ။+ ၁၉  “ဒါ​ကြောင့် အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– ‘မင်း​တို့​အားလုံး​ဟာ အသုံး​မဝင်​တဲ့​ချော်​နဲ့ တူ​တဲ့​အတွက်+ ဂျေရု​ဆ​လင်​မြို့​ထဲ​မှာ ငါ​စု​သိမ်း​မယ်။ ၂၀  ငွေ၊ ကြေး​နီ၊ သံ၊ ခဲ၊ ခဲ​မဖြူ​တွေ​ကို မီး​ဖို​မှာ စု​ပြီး မီး​မှုတ်၊ အရည်​ကျို​တတ်​ကြ​တယ်။ ငါ​လည်း မင်း​တို့​ကို စိတ်​ဆိုး​မာန်​ဆိုး စု​မယ်၊ ဒေါသ​မီး​မှုတ်​ပြီး အရည်​ကျို​ပစ်​မယ်။+ ၂၁  မင်း​တို့​ကို စု​ပြီး ဒေါသ​မီး​ကို မှုတ်​မယ်။+ မြို့​ထဲ​မှာ မင်း​တို့ အရည်​ပျော်​သွား​လိမ့်​မယ်။+ ၂၂  ငွေ​ဟာ မီး​ဖို​ထဲ​မှာ အရည်​ပျော်​သွား​သလို မင်း​တို့​လည်း မြို့​ထဲ​မှာ အရည်​ပျော်​သွား​လိမ့်​မယ်။ ငါ​ယေဟောဝါ​ကိုယ်​တိုင် မင်း​တို့​အပေါ် ဒေါသ​သွန်း​လောင်း​တယ်​ဆို​တာ မင်း​တို့ သိ​ရ​လိမ့်​မယ်။’” ၂၃  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၂၄  “လူ​သား၊ သူ့​ကို ပြော​လိုက်​ပါ– ‘အမျက်​တော်​ နေ့​မှာ မင်း​ဟာ သန့်​စင်​မခံ​ရ​မယ့်​ပြည်၊ မိုး​ရေ​မရ​မယ့်​ပြည်​ပဲ။ ၂၅  မင်း​ရဲ့ ပရော​ဖက်​တွေ​ဟာ သား​ကောင်​ကို ကိုက်​ဆွဲ​ပြီး ဟိန်း​ဟောက်​နေ​တဲ့ ခြင်္သေ့တွေ​လို​ပဲ။+ မင်း​အလယ်​မှာ သူတို့ ပူး​ပေါင်း​ကြံ​စည်​ပြီး+ လူ​တွေ​ကို ဝါး​မျို​နေ​တယ်။ စည်း​စိမ်​ဥစ္စာတွေ၊ တန်​ဖိုး​ရှိ​တာ​တွေ​ကို သိမ်း​ယူ​တယ်။ မိန်း​မအများ​ကြီး​ကို မု​ဆိုး​မဘဝ ရောက်​စေ​တယ်။ ၂၆  မင်း​ရဲ့ ပု​ရော​ဟိတ်​တွေ​ဟာ ငါ့​ပညတ်​ချက်​ကို ချိုး​ဖောက်​ပြီး+ သန့်​ရှင်း​ရာ​အရပ်တွေ​ကို ညစ်​ညူး​စေ​တယ်။+ သန့်​ရှင်း​မြင့်မြတ်​တာ​နဲ့ သာ​မန်​အရာ​ကို ကွဲ​ကွဲ​ပြား​ပြား​ဖြစ်​အောင် မလုပ်​ပေး​ဘူး။+ မသန့်​ရှင်း​တဲ့​အရာ​နဲ့ သန့်​ရှင်း​တဲ့​အရာ​ကို ခွဲ​ခြား​သိ​အောင် မသင်​ပေး​ဘူး။+ ဥ​ပုသ်​နေ့​တွေ​ကို မစောင့်​ထိန်း​ကြ​ဘူး။ ငါ့​ကို ကဲ့ရဲ့​ရှုတ်​ချ​စ​ရာ ဖြစ်​စေ​တယ်။ ၂၇  မင်း​အလယ်​မှာ မင်း​ညီ​မင်း​သား​တွေ​ဟာ သား​ကောင်​ကို ကိုက်​ဆွဲ​တဲ့ ဝံ​ပု​လွေ​နဲ့​တူ​တယ်။ သူတို့​က မသမာ​နည်း​နဲ့ စီး​ပွား​ရှာ​ဖို့ လူ​သတ်​တယ်။+ ၂၈  ကွဲ​အက်​တဲ့​နံ​ရံ​ကို ထုံး​ဖြူ​သုတ်​ပြီး ဖုံး​သလို​မျိုး ပရော​ဖက်​တွေ​ဟာ သူတို့​အကျင့်​ဆိုး​တွေ​ကို ဖုံး​ထား​ကြ​တယ်။ မဟုတ်​မမှန်​တဲ့ စိတ်​အာ​ရုံ​တွေ မြင်​ပြီး မှော်​ပညာ​နဲ့ ဟော​ကြ​တယ်။+ ယေဟောဝါ မမိန့်မှာ​ဘဲ​နဲ့ “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တာ​က” ဆို​ပြီး​ပြော​တတ်​ကြ​တယ်။ ၂၉  ပြည်​သား​တွေ​ဟာ လိမ်​လည်​လှည့်​စား​တယ်။ လု​ယက်​တယ်။+ ဆင်း​ရဲ​ချို့​ငဲ့​သူ​တွေ​ကို အနိုင်​ကျင့်​တယ်။ တိုင်း​တစ်ပါး​သား​တွေ​ကို ဖြတ်​စား​လျှပ်​စား လုပ်​တယ်။ မတော်​မတ​ရား လုပ်​တယ်။’ ၃၀  “‘တိုင်း​ပြည် ဖျက်​ဆီး​မခံ​ရ​အောင် ကျောက်​မြို့​ရိုး​ကို ပြု​ပြင်​မယ့်​သူ၊ တိုင်း​ပြည်​ကို​ကာ​ကွယ်​ဖို့ မြို့​ရိုး​ပြို​ပျက်​တဲ့​နေ​ရာ​မှာ ရပ်​နေ​မယ့်​သူ​ကို သူတို့​ထဲ​မှာ ငါ​ရှာ​ပေမဲ့+ တစ်​ယောက်​မှ မတွေ့​ဘူး။ ၃၁  ဒါ​ကြောင့် ငါ့​ဒေါသ​ကို​ သူ​တို့​အပေါ် သွန်း​လောင်း​မယ်။ ဒေါသ​မီး​နဲ့ ဖျက်​ဆီး​မယ်။ သူတို့​လမ်း​စဉ်ရဲ့ အကျိုး​ဆက်​ကို ပြန်​ခံ​စေ​မယ်။’ ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”

အောက်ခြေမှတ်ချက်များ

မူ​ရင်း​ဟီ​ဘ​ရူး​မှာ “နောက်​ချေး” ဆို​တဲ့​စကား​လုံး​နဲ့ ဆက်​စပ်။
ရွှေ​ငွေ​အရည်​ကျို​တဲ့​အခါ ထွက်​လာ​တဲ့ အမှိုက်​သရိုက်။