ဆာလံ ၇၉:၁-၁၃

  • လူမျိုးခြားတွေ ကျူးကျော်လာချိန်မှာ လူမျိုးတော်ရဲ့ ဆုတောင်းချက်

    • ‘ကျွန်တော်တို့ဟာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်နေပြီ’ ()

    • ‘နာမတော်ကို ထောက်ပြီး ကယ်မပေးပါ’ ()

    • ‘အိမ်နီးချင်းတွေ ခုနစ်ဆ ပြန်ဆပ်ပေးပါ’ (၁၂)

အာသပ်စပ်ဆိုတဲ့သီချင်း။+ ၇၉  အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ အမွေမြေကို လူမျိုးခြားတွေ ကျူးကျော်နေပြီ။+ သန့်ရှင်းတဲ့ ဗိမာန်တော်ကို ညစ်ညူးစေပြီ။+ ဂျေရုဆလင်မြို့ကို အပျက်အယွင်းပုံကြီး ဖြစ်စေပြီ။+ ၂  ကိုယ်တော့်ကျွန်တွေရဲ့ အလောင်းကို ငှက်တွေစားဖို့၊သစ္စာစောင့်သိသူတွေရဲ့ အသားကို မြေပေါ်က သားရဲတွေ စားဖို့ ကျွေးပစ်ကြပြီ။+ ၃  ဒီလူတွေရဲ့ သွေးကို ဂျေရုဆလင်မြို့ ပတ်လည်မှာ ရေလို သွန်ပစ်ကြပြီ။ အလောင်းတွေကို သင်္ဂြိုဟ်မယ့်သူ တစ်ယောက်မှ မကျန်တော့ဘူး။+ ၄  ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်နေပြီ။+ ပတ်ဝန်းကျင်ကလူတွေ လှောင်ပြောင်သရော်နေကြပြီ။ ၅  ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာ အမျက်ထွက်နေမှာလဲ။ ထာဝစဉ်ပဲလား။+ ဘယ်လောက်ကြာကြာ ဒေါသမီး တောက်လောင်နေမှာလဲ။+ ၆  ကိုယ်တော့်ကို အရေးမစိုက်တဲ့ လူမျိုးတွေအပေါ်၊နာမတော်ကိုခေါ်ပြီး ဆုမတောင်းတဲ့ နိုင်ငံတွေအပေါ် အမျက်တော် သွန်းလောင်းလိုက်ပါ။+ ၇  သူတို့က ယာကုပ်ကို ဝါးမျိုပစ်လို့ပါ။ သူ့ရဲ့မွေးရပ်မြေကို လူသူကင်းမဲ့စေလို့ပါ။+ ၈  ဘိုးဘေးတွေရဲ့ အမှားတွေအတွက် ကျွန်တော်တို့ မပေးဆပ်ပါရစေနဲ့။+ တအားနှိမ့်ချခံနေရလို့ အမြန်ဆုံး ကရုဏာပြလှည့်ပါ။+ ၉  ကယ်တင်ရှင် ဘုရားသခင်၊ဂုဏ်ကျက်သရေရှိတဲ့ နာမတော်ကို ထောက်ပြီး ကူညီပေးပါ။+ နာမတော်ကို ထောက်ပြီး ကယ်မပေးပါ၊ အပြစ်တွေကို ခွင့်လွှတ်ပေးပါ။+ ၁၀  “သူတို့ဘုရားသခင် ဘယ်မှာလဲ”လို့ လူမျိုးခြားတွေ ဘာလို့ပြောရမှာလဲ။+ ကျွန်တော်မျိုးတို့ရဲ့ သွေးအတွက် သူတို့လက်စားချေခံရတာကို မြင်ပါရစေ။+ ၁၁  အကျဉ်းသားတွေရဲ့ သက်ပြင်းချသံကို ကိုယ်တော် ကြားပါစေ။+ သေဒဏ်စီရင်ခံရသူတွေကို ကြီးမားလှတဲ့ တန်ခိုးတော်နဲ့ အသက်ဆက်ရှင်စေပါ။*+ ၁၂  အို ယေဟောဝါ၊ အိမ်နီးချင်းတွေ ကိုယ်တော့်ကို ကဲ့ရဲ့စွပ်စွဲခဲ့တဲ့အတိုင်း+ခုနစ်ဆ ပြန်ဆပ်ပေးပါ။+ ၁၃  အဲဒီအခါ ကိုယ်တော်ရဲ့လူတွေ၊ ကိုယ်တော့်စားကျက်ထဲက သိုးတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ+ကိုယ်တော့်ကို ထာဝစဉ် ကျေးဇူးတင်ချီးမွမ်းပါ့မယ်။ ချီးမွမ်းစကားတွေကို လူမျိုးအဆက်ဆက် ကြေညာပါ့မယ်။+

အောက်ခြေမှတ်ချက်များ

“လွတ်မြောက်စေပါ” လည်းဖြစ်နိုင်။