ဆာလံ ၅၂:၁-၉

  • ခိုင်မြဲတဲ့မေတ္တာတော်ကို အားထား

    • ဒုစရိုက်အကြောင်း ကြွားလုံးထုတ်သူတွေအတွက် သတိပေးချက် (၁-၅)

    • ဘုရားတရားမဲ့သူတွေ ဥစ္စာဓနကို အားကိုး ()

ဂီတမှူးသို့။ မက်စကီး။* အဟိမလက်ရဲ့အိမ်ကို ဒါဝိဒ် ရောက်လာတဲ့အကြောင်း ဧဒုံအမျိုးသား ဒေါဂက ရှောလုကို သွားပြောတဲ့အခါ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၅၂  ခွန်အားကြီးတဲ့သူ၊ မင်းရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်း ဘာလို့ ကြွားလုံးထုတ်နေတာလဲ။+ ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာဟာ အစဉ်အမြဲတည်တယ်။+ ၂  သင်တုန်းဓားလို ထက်နေတဲ့ မင်းရဲ့လျှာက+ အကောက်ကြံပြီး မဟုတ်မမှန် ပြောတယ်။+ ၃  မွန်မြတ်တဲ့အရာထက် ယုတ်မာတဲ့အရာကို မင်းပိုနှစ်သက်တယ်။ သစ္စာစကားထက် မုသားစကား ပြောရတာကို ပိုကြိုက်တယ်။ (စဲလာ) ၄  လိမ်ညာလှည့်စားသူ၊ထိခိုက်နစ်နာစေတဲ့ စကားတွေကို မင်း အကြိုက်တွေ့နေပါလား။  ၅  ဒါကြောင့် ဘုရားသခင်က မင်းကို အပြီးအပိုင် ဖြိုချလိမ့်မယ်။+ မင်းကိုဖမ်းဆွဲပြီး တဲထဲကနေ ခေါ်ထုတ်လိမ့်မယ်။+ သက်ရှိလောကထဲကနေ အမြစ်ပါမကျန် ဆွဲနုတ်လိမ့်မယ်။+ (စဲလာ) ၆  ဖြောင့်မတ်သူတွေ ဒါကို မြင်ပြီး အံ့သြထိတ်လန့်သွားလိမ့်မယ်။+ ဟားတိုက်ရယ်မောပြီး၊+ ၇  “ဘုရားသခင်ကို မခိုလှုံဘဲ+ ကိုယ့်ဥစ္စာဓနကို ကိုးစားတဲ့သူ၊+ ကိုယ့်ဉာဏ်နီဉာဏ်နက်ကိုပဲ အားကိုးတဲ့သူဟာ ဒီလူပဲ” လို့ပြောလိမ့်မယ်။ ၈  ငါကတော့ ဘုရားသခင်ရဲ့ အိမ်တော်ထဲက စိမ်းလန်းနေတဲ့ သံလွင်ပင်လို ဖြစ်လိမ့်မယ်။ ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာကိုပဲ အစဉ်ထာဝရ ငါကိုးစားတယ်။+ ၉  အို ဘုရားသခင်၊ ကိုယ်တော့် လုပ်ဆောင်ချက်တွေကြောင့် ထာဝစဉ်ချီးမွမ်းပါ့မယ်။+ သစ္စာစောင့်သိသူတွေရှေ့မှာ နာမတော်ကို မျှော်လင့်နေပါ့မယ်။+ နာမတော်ဟာ ကောင်းမြတ်လို့ပါ။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။