၂ ကောရိန္သု ၂:၁-၁၇

 ထို့ကြောင့် ငါသည် သင်တို့ထံ နောက်တစ်ဖန်လာသောအခါ ဝမ်းနည်းစရာ မဖြစ်စေရန် ဆုံးဖြတ်ထားပြီ။ ၂  အကြောင်းမူကား သင်တို့ကို ငါဝမ်းနည်းစေလျှင် ငါဝမ်းနည်းစေသောသူတို့မှ တစ်ပါး မည်သူတို့သည် ငါ့ကို ဝမ်းမြောက်စေမည်နည်း။ ၃  ငါရောက်လာသောအခါ ငါ့ကို ဝမ်းမြောက်စေ သင့်သောသူတို့သည် ငါ့ကိုဝမ်းမနည်းစေရန် ဤစာကို ရေးရခြင်းဖြစ်၏။ ငါ့ကို ဝမ်းမြောက်စေသောအရာသည် သင်တို့ရှိသမျှကိုလည်း ဝမ်းမြောက်စေမည် ဟု ငါယုံကြည်စိတ်ချ၏။ ၄  အကြောင်းမူကားငါသည် အလွန်စိတ်ပူပန်၍ မျက်ရည်များစွာကျလျက် သင်တို့ထံ စာရေးခဲ့ရခြင်းဖြစ်၏။ သင်တို့ကို ဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အား ငါအလွန်ချစ်ကြောင်း သိစေလို၍ ရေးရခြင်းဖြစ်၏။ ၅  တစ်စုံတစ်ဦးသည် ဝမ်းနည်းခြင်းကို ဖြစ်စေလျှင် ငါ့ကိုသာ ဝမ်းနည်းစေသည်မဟုတ်။ သင်တို့ရှိသမျှကိုလည်း အထိုက်အလျောက် ဝမ်းနည်းစေ၏။ ထိုသို့ဆိုခြင်းသည် ပြင်းထန်လွန်းသည်မဟုတ်။ ၆  သင်တို့အများစု၏ ပြစ်တင်ဆုံးမစကားသည် ထိုသူ အတွက်လုံလောက်ပေ၏။ ၇  ထို့ကြောင့် ယခုတွင် သင်တို့သည် သူ့ကို ကြင်နာစွာ ခွင့်လွှတ်၍ နှစ်သိမ့်အားပေးသင့်၏။ သို့မဟုတ်လျှင် ထိုသူသည် ဖြေမဆည်နိုင်အောင် အလွန်ဝမ်းနည်းလိမ့်မည်။ ၈  သို့ဖြစ်၍ သူ့ကို သင်တို့ချစ်ကြောင်း သက်သေပြကြရန် ငါနှိုးဆော်ပါ၏။ ၉  ထို့ကြောင့် သင်တို့သည် အရာရာ၌ နာခံသည်၊ မနာခံသည်ကို ငါအသေအချာ သိလို၍လည်း သင်တို့ထံ စာရေးလိုက်ခြင်းဖြစ်၏။ ၁၀  မည်သူကိုမဆို သင်တို့ ကြင်နာစွာ ခွင့်လွှတ်သမျှကို ငါလည်းခွင့်လွှတ်၏။ ငါမူကား တစ်စုံတစ်ခုကို ခွင့်လွှတ်လျှင် ငါခွင့်လွှတ်သမျှသည် ခရစ်တော်၏မျက်မှောက်တွင် သင်တို့အကျိုးအတွက် ခွင့်လွှတ်ခြင်းဖြစ်၏။ ၁၁  သို့မှသာ ငါတို့ကို စာတန် အနိုင်ယူနိုင်မည်မဟုတ်။ အကြောင်းမူကား ငါတို့သည် သူ၏အကြံအစည်များကို မသိဘဲ နေကြသည်မဟုတ်။ ၁၂  ခရစ်တော်အကြောင်း သတင်းကောင်းကို ကြေညာရန် တရောမြို့သို့ ငါရောက်ရှိစဉ်က သခင်၏ အမှုတော်တွင် ငါ့အတွက် အခွင့်အရေးတံခါး ပွင့်ခဲ့၏။ ၁၃  ငါ့ညီအစ်ကို တိတုကို မတွေ့ရသောကြောင့် စိတ်*သက်သာရာ မရသော်လည်း ထိုသူတို့ကို နှုတ်ဆက်စကားပြောပြီးမှ မက်ဆီဒိုးနီးယားပြည်သို့ ငါထွက်သွား၏။ ၁၄  သို့သော် ငါတို့ကိုခရစ်တော်နှင့် တစ်စည်းတစ်လုံးဖြစ်စေ၍ အောင်ပွဲခံစီတန်းလှည့်လည်ရာတွင် အမြဲဦးဆောင်သော ဘုရားသခင့် ကျေးဇူးတော် ကြီးလှပါ၏။ ငါတို့အားဖြင့် ကိုယ်တော်၏အသိပညာတော်ရနံ့ကို နေရာတိုင်းတွင် မွှေးကြိုင်စေတော်မူ၏။ ၁၅  အကြောင်းမူကား ငါတို့သည် ကယ်တင်ခံရမည့် သူတို့၌လည်းကောင်း၊ ပျက်စီးမည့်သူတို့၌လည်းကောင်း ဘုရားသခင့်ရှေ့တော်တွင် ခရစ်တော်၏အမွှေးရနံ့ ဖြစ်ကြ၏။ ၁၆  ပျက်စီးခြင်းသို့ရောက်မည့် သူတို့အတွက် ထိုရနံ့သည် သေခြင်းသို့ ရောက်စေသောအနံ့ဖြစ်၍၊ ကယ်တင်ခြင်းသို့ရောက်မည့် သူတို့အတွက် အသက်ရှင်ခြင်းသို့ ရောက်စေသောရနံ့ ဖြစ်၏။ ဤအမှုအရာများအတွက် မည်သူသည် အရည်အချင်းပြည့်မီသနည်း။ ၁၇  ငါတို့ပြည့်မီကြ၏။ အကြောင်းမူကား ငါတို့သည် အများသောသူတို့ကဲ့သို့ ဘုရားသခင်၏တရားစကားတော်ကို လှည့်လည်ရောင်းချသည်မဟုတ်။ ငါတို့သည် ဘုရားသခင် စေလွှတ်တော်မူသည့်အတိုင်း ဘုရားသခင့်ရှေ့တော်တွင် ခရစ်တော်၏တပည့်တော်များအဖြစ် စိတ်ရင်းမှန်စွာ ဟောပြောကြ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။